အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ

From Wikisource
Jump to navigation Jump to search
အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ  (1945) 
ကုလသမဂ္ဂ

[ 1 ]

အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ

အပိုဒ် - ၁။

အပြည်ပြည်ဆိုင်ရာတရားရုံးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အဓိကတရားစီရင်ရေးအဖွဲ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်အရ တည်ထောင်ခဲ့သည့်အတိုင်း ယခုလက်ရှိဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်း၍ အလုပ်ဝတ္တရားဆောင်ရွက်စေရမည်။

အခန်း (၁) -
တရားရုံးဖွဲ့စည်းပုံ

အပိုဒ် - ၂။

တရားရုံးကို လွတ်လပ်သော တရားသူကြီးများဖြင့် ပူးပေါင်းဖွဲ့စည်းရမည်။ ထိုတရားသူကြီးများကို မိမိတို့ အသီးသီးဆိုင်ရာနိုင်ငံများတွင် အမြင့်ဆုံးသော တရားဌာန ရာထူးများ၌ ခန့်ထားရန်အတွက် လိုအပ်သော အရည်အချင်းများနှင့်ပြည်စုံသည့် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရာတွင် ပါရဂူဟု အသိအမှတ်ပြုထားသည့် ကိုယ်ကျင့်တရားအထူးကောင်းမွန်သော ပုဂ္ဂိုလ်များထဲမှ လူမျိုးမခွဲခြားပဲ ရွေးကောက်တင်မြှောက်ရမည်။

အပိုဒ် - ၃။

၁။ တရားရုံးတွင် အဖွဲ့ဝင် တရားသူကြီး တစ်ဆယ့် ငါးဦး ပါဝင်ရမည်။ တရားသူကြီးများတွင် တစ်နိုင်ငံတည်းမှ နိုင်ငံသား တစ်ဦးထက်ပို၍ ပါဝင်ခြင်းမရှိစေရ။

၂။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် တရားရုံးတွင် အဖွဲ့ဝင်တရားသူကြီးများဖြစ်ရေးကိစ္စအတွက် တစ်နိုင်ငံတည်းသာမဟုတ်ဘဲ နိုင်ငံများနှင့် သက်ဆိုင်သော နိုင်ငံသားဖြစ်သည်ဟု မှတ်ယူနိုင်သည့် ပုဂ္ဂိုလ်ဖြစ်လျှင် ထိုပုဂ္ဂိုလ်အား ပြည်သူ့ အခွင့်အရေးများနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ယင်းပုဂ္ဂိုလ်သာမန်အားဖြင့် ခံစားဆောင်ရွက်ရာ နိုင်ငံနှင့်သာ သက်ဆိုင်သော နိုင်ငံသားအဖြစ်မှတ်ယူရမည်။

အပိုဒ် - ၄။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများကို ပဋိပက္ခဖျန်ဖြေရေး၊ အမြဲတမ်းခုံရုံးတွင် ပါဝင်သည့် အမျိုးသားအဖွဲ့များက အမည်တင်သွင်းသော ပုဂ္ဂိုလ်များ စာရင်းတွင်ပါရှိသူများထံမှ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က အောက်ပါပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်တင်မြှောက်ရမည်။

၂။ ပဋိပက္ခဖျန်ဖြေရေး အမြဲတန်းခုံရုံးတွင် မပါဝင်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် စပ်လျဉ်း၍ တရားသူကြီးအဖြစ် အရွေးခံလိုသည့် ပုဂ္ဂိုလ်များကို ဤကိစ္စအလို့ငှာ သက်ဆိုင်ရာ အစိုးရများခန့်ထားသော အမျိုးသားအဖွဲ့များကပြည်ထောင်အချင်းချင်း အငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖျန်ဖြေရေးအတွက် ချုပ်ဆိုထားသော ၁၉၀၇ ခုနှစ်၊ ဟိဂ်သဘောတူစာချုပ် အပိုဒ် - ၄၄ အရ၊ ပဋိပက္ခဖျန်ဖြေရေး အမြဲတန်း ခုံရုံးဝင်များအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း အမည်တင်သွင်း ရမည်။

၃။ ယခုလက်ရှိဥပဒေတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံမဟုတ်လျှင် ထိုနိုင်ငံအား တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများ ရွေးကောက်တင်မြှောက်ရာတွင် ပါဝင်ဆောင်ရွက်စေရာ၌ လိုက်နာစေသော စည်းကမ်းချက်များကို အထူးသဘောတူ စာချုပ်ချုပ်ဆိုပြီး မရှိလျှင် အထွေထွေညီလာခံက လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် သတ်မှတ်ရမည်။ [ 2 ]
အပိုဒ် - ၅။

၁။ ရွေးကောက်တင်မြှောက်ခြင်းမပြုမီ အနည်းဆုံး သုံးလကြိုတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ယခုလက်ရှိ ဥပဒေတွင် ပါဝင်သည့် နိုင်ငံများနှင့် သက်ဆိုင်သော ပဋိပက္ခဖျန်ဖြေရေးအမြဲတန်း ခုံရုံးဝင်များအား လည်းကောင်း၊ အပိုဒ် - ၄ စာပိုဒ် (၂) အရ ခန့်ထားသော အမျိုးသားအဖွဲ့များတွင် ပါဝင်သူများအား လည်းကောင်း၊ တရားရုံး၏ အဖွဲ့၀င် တရားသူကြီး၏ တာဝန်များလက်ခံနိုင်သည့် အခြေအနေရှိသော ပုဂ္ဂိုလ်များအား အမည်တင်သွင်းရေးကို အမျိုးသားအဖွဲ့ များအလိုက် သတ်မှတ်ထားသည့် အချိန်အတွင်း တာဝန်ယူဆောင်ရွက်ပေးရန် စာဖြင့် ရေးသား၍ ပန်ကြားရမည်။

၂။ မည်သည့် အမျိုးသားအဖွဲ့ကမှ ပုဂ္ဂိုလ်လေးဦးထက်ပို၍ အမည်မတင် သွင်းရ။ ထိုလေးဦးတွင် မိမိတို့၏ နိုင်ငံသား နှစ်ဦးထက်ပို၍ မပါဝင်စေရ၊ အမျိုးသားအဖွဲ့ တစ်ဖွဲ့အမည်တင်သွင်းသော တရားသူကြီး အရွေးခံသူဦးရေမှာ ဖြည့်သွင်းခန့်ထားရမည့် တရားသူကြီးအရေအတွက်၏ နှစ်ဆထက် မည်သည့်အခါမျှ မပိုစေရ။

အပိုဒ် - ၆။

ထိုသို့ အမည်တင်သွင်းခြင်း မပြုလုပ်မီ အမျိုးသားအဖွဲ့တိုင်းသည် မိမိနိုင်ငံနှင့် သက်ဆိုင်သည့် အမြင့်ဆုံးသော တရားရုံးကိုလည်းကောင်း၊ တက္ကသိုလ်ဥပဒေ သင်ကြားရေးဌာနများနှင့် ဥပဒေပညာသင်ကျောင်းများသို့လည်းကောင်း၊ ဥပဒေပညာလေ့လာလိုက်စားရန် တည်ထောင်ထားသော အမျိုးသားတက္ကသိုလ်များမှစ၍ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များရှိ အမျိုးသားဌာနများကိုလည်းကောင်း၊ နှီးနှောတိုင်ပင်သင့်ကြောင်း ထောက်ခံသည်။

အပိုဒ် - ၇။

၁။အတွင်းရေးမှူးချုပ်သည် ထိုသို့ အမည် တင်သွင်းခြင်းခံရသော ပုဂ္ဂိုလ်တို့၏စာရင်းကို အက္ခရာစဉ်အလိုက် စီစဉ်ပြုလုပ်ရမည်။ အပိုဒ် - ၁၂ စာပိုဒ်(၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတပါး ဤသို့ အမည်တင်သွင်းခြင်းခံရသော ပုဂ္ဂိုလ်များသာလျှင် အရွေးခံနိုင်ခွင့် ရှိရမည်။

၂။ အတွင်းရေးမှူးချုပ်သည် ထိုစာရင်းကို အထွေထွေ ညီလာခံသို့ လည်းကောင်း၊ လုံခြုံရေးကောင်စီသို့ လည်းကောင်း တင်ပြရမည်။

အပိုဒ် - ၈
အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့သည် တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများကို ရွေးကောက်ရန် အတွက် တစ်ဖွဲ့ နှင့် တစ်ဖွဲ့ သီးခြားလွတ်လပ်စွာ အရေးယူ ဆောင်ရွက်ရမည်။ [ 3 ]
အပိုဒ် - ၉။

ရွေးကောက်တင်မြှောက်သည့်အခါတိုင်း အရွေးခံရသူများမှာ လိုအပ်သည့် အရည်အချင်းများနှင့် ကိုယ်စီကိုယ်ငှပြည်စုံရမည်ဟူသော အချက်ကိုသာမက တရားရုံးအဖွဲ့တစ်ဖွဲ့လုံးအနေဖြင့် ကမ္ဘာပေါ်ရှိ အဓိက ယဉ်ကျေးမှုများ ကိုလည်းကောင်း၊ ကမ္ဘာပေါ်ရှိ အဓိကတရားဥပဒေစနစ်များကိုလည်းကောင်း ကိုယ်စားပြုထားသည်ကိုလည်း ရွေးကောက်တင်မြှောက် သူတို့က သတိချပ်ရမည်။

အပိုဒ် - ၁၀။

၁။ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတွင် မဲအများစုရရှိသော အရွေးခံရသူများကို ရွေးကောက် တင်မြှောက်ခြင်းခံရသူများဟု မှတ်ယူရမည်။

၂။ လုံခြုံရေးကောင်စီသည် တရားသူကြီးများ ရွေးကောက်တင်မြှောက်ရာတွင် သော်လည်းကောင်း၊ အပိုဒ် - ၁၂ တွင် ဖော်ပြထားသော ညီလာခံအဖွဲ့ဝင်များ ခန့်ထားရာတွင်သော်လည်းကောင်း၊ မဲပေးသည်အခါ လုံခြုံရေး ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နိုင်ငံများဟူ၍ ခွဲခြားခြင်းမပြုဘဲ မဲပေးရမည်။

၃။ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ နှစ်ရပ်လုံးတွင် တစ်နိုင်ငံတည်းမှ တစ်ဦးထက်ပိုသော နိုင်ငံသားများက မဲအများစုရရှိနေသောအခါ ထိုပုဂ္ဂိုလ်များအနက် အသက်အကြီးဆုံး ပုဂ္ဂိုလ်ကိုသာ ရွေးကောက်တင်မြှောက်ခံရသူဟု မှတ်ယူရမည်။

အပိုဒ် - ၁၁။

ရွေးကောက်တင်မြှောက်ခြင်းကိစ္စအတွက် အစည်းအဝေးကို ပထမအကြိမ် ကျင်းပပြီးသည့်နောက် ဖြည်သွင်းရမည့်နေရာ တစ်နေရာဖြစ်စေ၊ တစ်နေရာထက်ပို၍ဖြစ်စေ ကျန်ရှိနေလျှင် ထိုအစည်းအဝေးကို ဒုတိယကြိမ် ကျင်းပ၍ လိုအပ်လျှင် တတိယအကြိမ် ကျင်းပရမည်။

အပိုဒ် - ၁၂။

၁။ တတိယအကြိမ် အစည်းအဝေးကျင်းပပြီးသည့်နောက် ဖြည့်သွင်းရမည့် နေရာတစ်နေရာဖြစ်စေ၊ တစ်နေရာထက် ပို၍ ဖြစ်စေ ကျန်ရှိနေသေးလျှင် ထိုလစ်လပ် နေသေးသော နေရာအသီးသီးအတွက် အမည် တစ်ခုစီကို မဲအများစုဖြင့် ရွေးချယ်ပြီး အထွေထွေညီလာခံနှင့် လုံခြုံရေး ကောင်စီ အသီးသီးသို့ အတည်ပြုရန် တင်သွင်းခြင်းပြုရမည့် ပူးတွဲအဖွဲ့ တစ်ရပ်ကိုမည်သည့်အခါမဆို အထွေထွေ ညီလာခံ၏ တောင်းဆိုချက်အရ ဖြစ်စေ၊ လုံခြုံရေး ကောင်စီ၏ တောင်းဆိုချက်အရဖြစ်စေ ဖွဲ့စည်းနိုင်သည်။ ထိုပူးတွဲအဖွဲ့တွင် အထွေထွေညီလာခံက ခန့်အပ်သော အဖွဲ့ဝင် သုံးဦးနှင့် လုံခြုံရေး ကောင်စီက ခန့်အပ်သော အဖွဲ့ဝင် သုံးဦးပေါင်း အဖွဲ့ဝင်ခြောက်ဦးပါဝင်ရမည်။

၂။ ထိုပူးတွဲအဖွဲ့သည် လိုအပ်သော စည်းကမ်းချက်များနှင့် ညီညွတ်သော ပုဂ္ဂိုလ်တစ်ဦးကို တညီတညွတ်တည်း သဘောတူ ရွေးချယ်လျှင် ထိုပုဂ္ဂိုလ်ကို အပိုဒ် - ၇ တွင် [ 4 ]ရည်ညွှန်းထားသည့် အမည်တင်သွင်းခြင်းခံရသော ပုဂ္ဂိုလ်များစာရင်းတွင် ထည့်သွင်းမထားစေကာမူ မိမိစာရင်းတွင် ထည့်သွင်းနိုင်သည်။

၃။ ပူးတွဲအစည်းအဝေးက မိမိသည် ရွေးကောက်တင်မြှောက်ရေးကိစ္စ အထမြောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ဟု ယူဆလျှင် ရွေးကောက်တင်မြှောက်ထားပြီးဖြစ်သော တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများက အထွေထွေညီလာခံတွင်ဖြစ်စေ၊ လုံခြုံရေးကောင်စီတွင် ဖြစ်စေ၊ မဲရရှိထားသည် အရွေးခံသူများတည်းမှ ရွေးချယ်၍ လစ်လပ်သောနေရာများတွင် လုံခြုံရေးကောင်စီ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဖြည့်သွင်းရမည်။

၄။ တရားသူကြီးများတွင် တစ်ဖက်နှင့်တစ်ဖက် မဲအရေအတွက်ချင်း တူညီနေလျှင် အသက်အကြီးဆုံး တရားသူကြီးက အနိုင် မဲ ပေးရမည်။

အပိုဒ် - ၁၃။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများကို ကိုးနှစ်ကာလအတွက် ရွေးကောက်တင်မြှောက်ရမည့်ပြင် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်း လည်းပြုနိုင်သည်။ သို့ရာတွင် ပဌမရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့် တရားသူကြီးများအနက် တရားသူကြီးငါးဦး၏ ရာထူးသက်တမ်းမှာ သုံးနှစ်ပြည့်လျှင် ကုန်ဆုံးစေရမည်။ အခြားတရားသူကြီး ငါးဦး၏ ရာထူးသက်တမ်းမှာ ခြောက်နှစ်ပြည့်လျှင် ကုန်ဆုံးစေ ရသည်။

၂။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လက်ဦး အစ သုံးနှစ်နှင့် ခြောက်နှစ်ပြည့်၍ ရာထူးသက်တမ်း ကုန်ဆုံးစေရမည့် တရားသူကြီးများကို ပဌမအကြိမ် ရွေးကောက်ပွဲ ပြီးစီးသွားသည်နှင့်တပြိုက်နက် အတွင်းရေးမှူးချုပ်က မဲနှိုက် ရွေးချယ်ရမည်။

၃။ တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများသည် မိမိတို့၏ နေရာများတွင် လူစားဖြည်သွင်းခန့်ထားခြင်း မပြုသေးသမျှကာလပတ်လုံး မိမိတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်၍ ဆောင်ရွက်ရမည်။ ယင်းသို့ လူစားခန့်ထားပြီးသည့်နောက်တွင်လည်း ထိုတရားသူကြီးများသည် မိမိတို့ စတင်စစ်ဆေးခဲ့သောအမှုများကို ပြီးဆုံးအောင် စစ်ဆေးစီရင်ရမည်။

၄။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီး တစ်ဦး တစ်ယောက်ရာထူးမှ နှုတ်ထွက်လိုလျှင် ရာထူးနှုတ်ထွက်စာကို အတွင်းရေးမှူးချုပ်ထံ ပေးပို့ရန်အတွက် တရားရုံး ဥက္ကဋ္ဌထံမှတဆင့် တင်သွင်းရမည်။ ထိုသို့ အတွင်းရေးမှူးချုပ်ထံ အကြောင်းကြားပြီးသည်အခါ ထိုတရားသူကြီး၏ ရာထူးမှာ လစ်လပ်သွားရမည်။

အပိုဒ် - ၁၄။

အောက်ပါစည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ လစ်လပ်သောနေရာ များတွင် ပဌမရွေးကောက်ပွဲအတွက် ပြဋ္ဌာန်း ထားသည့် နည်းလမ်းအတိုင်းပင် ဖြည့်သွင်းရမည်။ ထိုသို့နေရာလစ်လပ်ပြီးနောက် တစ်လအတွင်း အပိုဒ် – ၅ တွင် ပြဋ္ဌာန်းထားသည့် ပန်ကြားချက်များကို အတွင်းရေးမှူးချုပ်က ထုတ်ဝေ၍ ရွေးကောက်ပွဲကျင်းပရန်နေ့ရက်ကို လုံခြုံရေး ကောင်စီက [ 5 ]သတ်မှတ်ပေးရမည်။

အပိုဒ် - ၁၅။

ရာထူးသက်တမ်း မကုန်ဆုံးသေးသော တရားရုံး၏ အဖွဲ့ဝင် တရားသူကြီး တစ်ဦး၏ နေရာတွင် ရွေးကောက်တင်မြှောက်ခံရသော တရားသူကြီးသစ်သည် ယခင်တရားသူကြီးဟောင်း၏ ရာထူးသက်တမ်းကုန်ဆုံးသည်အထိ ထိုရာထူးတွင် ထမ်းရွက်ရမည်။

အပိုဒ် - ၁၆။

၁။ တရားရုံးအဖွဲ့ဝင် မည်သည့်တရားသူကြီးမှ နိုင်ငံရေးနှင့်သော် လည်းကောင်း၊ အုပ်ချုပ်ရေးနှင့် သော်လည်းကောင်း၊ သက်ဆိုင်သော လုပ်ငန်းများ မဆောင်ရွက်ရ။ သို့မဟုတ် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းသည့် အလုပ်အကိုင်မျိုးဖြစ်သော အခြားအလုပ် အကိုင်ကိုလည်း မလုပ်ကိုင်ရ။

၂။ ဤအချက်နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိလျှင် တရားရုံးက ဆုံးဖြတ်ဖြေရှင်းရမည်။

အပိုဒ် - ၁၇။

၁။ တရားရုံး၏အဖွဲ့ဝင် မည်သည့်တရားသူကြီးမျှ အမူတစ်ခုခုတွင် ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ ရှေ့နေရှေ့ရပ်အဖြစ်ဖြင့်သော် လည်းကောင်း မဆောင်ရွက်ရ။

၂။ တရားရုံး၏ အဖွဲ့ဝင် မည်သည့်တရားသူကြီးမျှ အမှု တစ်ခုခုတွင် တဘက်ဘက်မှ ကိုယ်စားလှယ် သို့မဟုတ် ရှေ့နေ ရှေ့ရပ် အဖြစ်ဖြင့်သော် လည်းကောင်း၊ နိုင်ငံလုံး ဆိုင်ရာတရားရုံး သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးတစ်ခုခုတွင် တရားသူကြီးအဖြစ်ဖြင့်သော်လည်းကောင်း၊ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အဖြစ်ဖြင့်သော်လည်းကောင်း၊ အခြားတနည်း နည်းသော်လည်းကောင်း ယခင်ကဆောင်ရွက်ခဲ့ဘူးလျှင် ထိုအမှုကို စီရင်ဆုံးဖြတ်ရာ၌ ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

၃။ ဤအချက်နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိလျှင် တရားရုံးက ဆုံးဖြတ် ဖြေရှင်းရမည်။

အပိုဒ် - ၁၈။

၁။ တရားရုံး၏အဖွဲ့ဝင် မည်သည့် တရားသူကြီးကို မဆို ၎င်းမှာ လိုအပ်သောစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတော့ပြီဟု တရားရုံး၏ အဖွဲ့ဝင်အခြားတရားသူကြီးများက တညီတညွတ်တည်း ထင်မြင်ယူဆ မှသာ ထုတ်ပယ်နိုင်သည်။

၂။ ထိုသို့ ရာထူးထုတ်ပယ်ကြောင်းကို မော်ကွန်းထိန်း အရာရှိက အတွင်းရေးမှူးချုပ်ထံ နည်းလမ်းတကျ အကြောင်းကြားရမည်။

၃။ ယင်းသို့ အကြောင်းကြားပြီးသည့်အခါ ထိုတရားသူကြီး၏ ရာထူးမှာ လစ်လပ်သွားရမည်။ [ 6 ]
အပိုဒ် - ၁၉။

တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများသည် တရားရုံး၏ လုပ်ငန်းကို ဆောင်ရွက်နေစဉ် သံတမန်ဆိုင်ရာ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို ရရှိခံစားရမည်။

အပိုဒ် - ၂၀။

တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးတိုင်း မိမိ၏တာဝန်ဝတ္တရားများကို ထမ်းရွက်ခြင်းမပြုမီ မိမိ၏အာဏာများကို အဂတိမလိုက်စားဘဲ ဖြောင့်မတ်မှန်ကန်စွာ သုံးစွဲ ဆောင်ရွက်ပါမည်ဟူ၍ တရားရုံးတွင် လူသိရှင်ကြား ကတိသစ္စာဆိုရမည်။

အပိုဒ် - ၂၁။

၁။ တရားရုံးသည် မိမိ၏ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ ကို သုံးနှစ်အတွက် ရွေးကောက်တင်မြှောက်ရမည်။ ထိုဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌကိုပင် ပြန်လည် ရွေးကောက်တင်မြှောက်နိုင်သည်။

၂။ တရားရုံးသည် မိမိ၏ မော်ကွန်းထိန်းအရာရှိကို ခန့်ထားရမည့်ပြင် လိုအပ်သော အခြားအရာရှိများကို ခန့်ထားရေးအတွက်လည်း ပြဋ္ဌာန်းနိုင်သည်။

အပိုဒ် - ၂၂။

၁။ တရားရုံး၏ ရုံးစိုက်ရာဌာနသည် “သီဟိ(ဂ်)” မြို့၌ တည်ရှိရမည်။ သို့ရာတွင် တရားရုံးသည် လိုအပ်သည်ဟု ထင်မြင် ယူဆသည်အခါတိုင်း အခြားအရပ်၌လည်း ရုံးထိုင်၍ မိမိလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

၂။ ဥက္ကဋ္ဌနှင့် မော်ကွန်းထိန်းအရာရှိတို့သည် တရားရုံး၏ ရုံးစိုက်ရာဌာန၌ နေထိုင်ကြရမည်။

အပိုဒ် - ၂၃။

၁။ တရားရုံးသည် တရားရုံးဆိုင်ရာ ရုံးပိတ်ရက်များ အတွင်းမှတပါး၊ အခါခပ်သိမ်းရုံးထိုင်လျက်ရှိရမည်။ ထိုရုံးပိတ်ရက်နေ့များနှင့် ကာလအပိုင်းအခြားကို တရားရုံးက သတ်မှတ်ရမည်။

၂။ တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများမှာ အခါအားလျော်စွာ ခွင့်ယူပိုင်ခွင့်ရှိရမည်။ ခွင့်ယူသည့် နေ့ရက်နှင့် ကာလအပိုင်းအခြားကို တရားရုံးက တရားသူကြီး အသီးသီး၏ နေရင်းတိုင်းပြည်နှင့် “သီဟိ(ဂ်)" မြို့ ခရီးအကွားအဝေးကို ထောက်ချင့်၍ သတ်မှတ်ရမည်။

၃။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများသည် ခွင့်ယူနေသည်အခါမှ တပါး သို့မဟုတ် မမာမကျန်း သောကြောင့် ဖြစ်စေ၊ ဥက္ကဋ္ဌထံသို့ နည်းလမ်းတကျ ရှင်းလင်းဖော်ပြထားသော အရေးကြီးသည့် အခြားအကြောင်းများကြောင့် ဖြစ်စေ ရုံးမတက်နိုင်သည့် အခါမှတပါး အခါခပ်သိမ်း တရားရုံးက ခွဲခန့် သတ်မှတ်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် တာဝန်ရှိသည်။ [ 7 ]

အပိုဒ် - ၂၄။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီး တစ်ဦးဦးသည် အကြောင်းထူး တစ်ရပ်ရပ်ကြောင့် အမှုတစ်ခုခု စီရင်ဆုံး ဖြတ်ရာတွင် မိမိ ပါဝင်ရန်မသင့်ဟု ယူဆလျှင် ထိုသို့ယူဆကြောင်းကို ဥက္ကဋ္ဌ အား အကြောင်းကြားရမည်။

၂။ ဥက္ကဋ္ဌသည် အကြောင်းထူး တစ်ရပ်ရပ်ကြောင့် အမှုတစ်ခုခုတွင် တရားရုံး၏အဖွဲ့ဝင် တရားသူကြီး တစ်ဦးဦး ပါဝင် စီရင်ရန်မသင့်ဟု ယူဆလျှင် ထိုသို့ ယူဆသည်အတိုင်း ထိုတရားသူကြီးအား အကြောင်းကြားရမည်။

၃။ အဆိုပါ အမူတစ်ခုခုတွင် တရားရုံး၏ အဖွဲ့ဝင် တရားသူကြီး နှင့် ဥက္ကဋ္ဌ တို့သဘောကွဲလွဲကြလျှင် ထိုကိစ္စကို တရားရုံးက ဆုံးဖြတ် ဖြေရှင်းရမည်။

အပိုဒ် - ၂၅။

၁။ ယခုလက်ရှိဥပဒေတွင် အခြားနည်းအားဖြင့် အတိအလင်းပြဋ္ဌာန်း မထားလျှင် တရားရုံးသည် တရားသူကြီး အစုံအညီဖြင့် ဆောင်ရွက်ရမည်။

၂။ တရားရုံးဖွဲ့စည်းရန် ရနိုင်သော တရားသူကြီး ဦးရေကို ဆယ်တစ်ဦးအောက် မလျော့စေရ ဟူသော စည်းကမ်းချက်နှင့် မဆန့်ကျင်စေဘဲ တရားရုံး၏ နည်းဥပဒေများတွင် တရားသူကြီး တစ်ဦးကိုဖြစ်စေ၊ တစ်ဦးထက် ပိုသော တရားသူကြီးများကိုဖြစ်စေ၊ အခြေအနေအရ အလှည့်ကျဖြင့် ရုံးမထိုင်ဘဲ နေခွင့်ပြုရန် ပြဋ္ဌာန်းနိုင်သည်။

၃။ တရားရုံးတွင် တရားသူကြီး ကိုးဦးတက်ရောက်လျှင် တရားစီရင်ပိုင်ခွင့် ရှိသည်။

အပိုဒ် - ၂၆။

၁။ တရားရုံးသည် အလုပ်သမားအမှုများနှင့် ဖြတ်သန်းသွားလာမှု၊ လမ်းပမ်းဆက်သွယ်မှုဆိုင်ရာ အမှုများကဲ့သို့သော သီးခြားအမှု အမျိုးအစားများကို စီရင်ဆုံးဖြတ်၍ ခုံအဖွဲ့တစ်ခုကိုဖြစ်စေ အများကိုဖြစ်စေ အခါအားလျော်စွာ ဖွဲ့စည်းနိုင်သည်။ ထိုခုံအဖွဲ့တွင် တရားရုံးက သတ်မှတ်သည့်အတိုင်း တရားသူကြီးသုံးဦး ဖြစ်စေ၊ သုံးဦးထက်ပို၍ဖြစ်စေ ပါဝင်ရမည်။

၂။ တရားရုံးသည် သီးခြားအမှုတစ်ခုခု စီရင်ဆုံးဖြတ်ရန်အတွက် ခုံအဖွဲ့ကို မည်သည့်အခါမဆို ဖွဲ့စည်း နိုင်သည်။ အဆိုပါ ခုံအဖွဲ့တွင် ပါဝင်ရမည့် တရားသူကြီး ဦးရေကို တရားရုံးက နှစ်ဘက်အမှုသည်တို့၏ သဘောတူ ညီချက်ဖြင့် သတ်မှတ်ရမည်။

၃။ ဤအပိုဒ်တွင် ပြဋ္ဌာန်းထားသည့် ခုံအဖွဲ့များသည် နှစ်ဘက်အမှုသည်များက တောင်းဆိုလျှင် သက်ဆိုင်ရာ အမှုများကို ကြားနာစစ်ဆေး၍ ဆုံးဖြတ်ရမည်။ [ 8 ]

အပိုဒ် - ၂၇။

အပိုဒ် - ၂၆ နှင့် ၂၉ တွင် ပြဋ္ဌာန်းထားသော ခုံအဖွဲ့တစ်ခုခုက ချမှတ်သည့် စီရင်ချက်အဖြစ် မှတ်ယူရမည်။

အပိုဒ် - ၂၈။

အပိုဒ် - ၂၆ နှင့် ၂၉ တွင် ပြဋ္ဌာန်းထားသည့် ခုံအဖွဲ့များသည် နှစ်ဘက်အမှုသည်တို့၏ သဘောတူညီချက်ဖြင့် "သီဟိ(ဂ်)" မြို့မှအပ အခြားအရပ်တွင်လည်း ရုံးထိုင်၍ မိမိတို့၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်နိုင်သည်။

အပိုဒ် - ၂၉။

တရားရုံးသည် အလုပ်ကိစ္စများကို လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်အလို့ငှာ တရားသူကြီး ငါးဦးပါဝင်သော ခုံအဖွဲ့ တစ်ခုကို နှစ်စဉ် ဖွဲ့စည်းရမည်။ ထိုခုံအဖွဲ့သည် အမှုသည်တို့၏ တောင်းဆိုချက်အရ အမှုများကို အကျဉ်းနည်းအားဖြင့် ကြားနာစစ်ဆေး၍ ဆုံးဖြတ်နိုင်သည်။ ထိုတရားသူကြီး ငါးဦးအပြင် တရားသူကြီး နှစ်ဦးကလည်း ထိုခုံအဖွဲ့တွင် ပါဝင် ရုံးထိုင်ခြင်းမပြုနိုင်သော တရားသူကြီးများ၏ နေရာတွင် ဖြည့်သွင်းရန်အလို့ငှာ ရွေးချယ်ထားရမည်။

အပိုဒ် - ၃၀။

၁။ တရားရုံးသည် မိမိ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရေးအတွက် နည်းဥပဒေများ ရေးဆွဲရမည်။ အထူးအားဖြင့် ကျင့်ထုံးနည်းဥပဒေများကို သတ်မှတ်ပြဋ္ဌာန်းရမည်။

၂။ တရားရုံး၏နည်းဥပဒေများတွင် တရားရုံးက တရားစီရင်ရာ၌ ဖြစ်စေ ၎င်း၏ ခုံအဖွဲ့ တစ်ရပ်ရပ်က တရားစီရင်ရာ၌ဖြစ်စေ အကဲဖြတ်လူကြီးများအား မဲပေးပိုင်ခွင့် မရှိပဲ ပါဝင်စေရန် ပြဋ္ဌာန်းနိုင်သည်။

အပိုဒ် - ၃၁။

၁။ အမှုသည် နိုင်ငံအသီးသီး၏နိုင်ငံသားဖြစ်သော တရားသူကြီးများမှာ တရားရုံးသို့ ရောက်ရှိလာသော အမှုတွင် ပါဝင်ကြားနာ စစ်ဆေးပိုင်ခွင့် ရှိမြဲရှိစေရမည်။

၂။ တရားရုံး၏ တရားခွင်တွင် အမှုသည် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်သော တရားသူကြီးပါဝင်လျှင် တစ်ဖက်အမှုသည် နိုင်ငံတစ်နိုင်ငံသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား တရားသူကြီးအဖြစ်ဖြင့် ပါဝင်စေရန် ရွေးချယ်နိုင်သည်။ အဆိုပါ ပုဂ္ဂိုလ်ကို အပိုဒ် ၄ နှင့် ၅ တွင် ပြဋ္ဌာန်းထားသည်အတိုင်း တရားသူကြီးအရွေးခံသူအဖြစ် အမည်တင်သွင်းထားသူများ တည်းမှရွေးချယ်နိုင်လျှင် ရွေးချယ်ရမည်။

၃။ တရားရုံး၏ တရားခွင်တွင် အမှုသည်နိုင်ငံများ၏ နိုင်ငံသား ဖြစ်သော တရားသူကြီးများ မပါဝင်လျှင် ထိုအမှုသည် နိုင်ငံ အသီးသီးသည် ဤအပိုဒ်၏စာပိုဒ် ၂ တွင် ပြဋ္ဌာန်းထားသည်အတိုင်း တရားသူကြီး တစ်ဦးစီ ရွေးချယ်နိုင်သည်။

၄။ ဤအပိုဒ်ပါပြဋ္ဌာန်းချက်များသည် အပိုဒ် ၂၆ နှင့် ၂၉ ပါအမှုနှင့် သက်ဆိုင်ရမည်။ အဆိုပါအမှုမျိုးတွင် ဥက္ကဋ္ဌသည် ခုံအဖွဲ့တွင် ပါဝင်သည့် တရားရုံး၏ အဖွဲ့ဝင် တရားသူကြီး [ 9 ]တစ်ဦးကိုဖြစ်စေ၊ လိုအပ်လျှင် နှစ်ဦးကို ဖြစ်စေ၊ သက်ဆိုင်ရာအမှုသည် နိုင်ငံ၏ နိုင်ငံသားဖြစ်သော တရားရုံး၏အဖွဲ့ဝင် တရားသူကြီးများအတွက် သော်လည်းကောင်း၊ ထိုတရားသူကြီးများမရှိလျှင် သို့မဟုတ် ထိုတရားသူကြီးများ တရားခွင်သို့ မတက်ရောက်နိုင်လျှင် အမူသည် နိုင်ငံများက အထူးရွေးချယ်ထားသည့် တရားသူကြီးများအတွက်သော် လည်းကောင်း နေရာဖယ်ပေးရန် မေတ္တာရပ်ခံရမည်။

၅။ အကျိုးတူသက်ဆိုင်သော အမူသည်နိုင်ငံများရှိလျှင် ထိုနိုင်ငံများကို အထက်ပြဋ္ဌာန်းချက်များပါကိစ္စအလို့ငှာ အမှုသည်တစ်ဦးတည်းအဖြစ် မှတ်ယူရမည်။ ဤအချက်နှင့် စပ်လျဉ်း၍ ယုံမှားသံသယရှိလျှင် တရားရုံးက ဆုံးဖြတ်ဖြေရှင်းရမည်။

၆။ ဤအပိုဒ်၏ စာပိုဒ် - ၂၊ ၃ နှင့် ၄ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ရွေးချယ်ထားသော တရားသူကြီးများသည် ယခုလက်ရှိ ဥပဒေ အပိုဒ် - ၂၊ ၁၇ (စာပိုဒ် (၂)၊ ၂၁ နှင့် ၂၄ အရ လိုအပ်သော စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ရမည်။ ထိုတရားသူကြီးများသည် အမှုစီရင်ဆုံးဖြတ်ရာတွင် မိမိတို့နှင့်အတူတွဲဖက်၍ ရုံးထိုင်ရသော တရားသူကြီးများနှင့် တန်းတူအဖြစ်ဖြင့် ပါဝင်ဆောင်ရွက်ရမည်။

အပိုဒ် - ၃၂ ။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးတိုင်း နှစ်စဉ်ကြေးငွေကို ရရှိရမည်။

၂။ ဥက္ကဋ္ဌသည် နှစ်စဉ် အထူးထောက်ပံ့ကြေးကို ရရှိရမည်။

၃။ ဒုတိယ ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌအဖြစ် မိမိဆောင်ရွက်ရသော နေ့အသီးသီးအတွက် အထူး ထောက်ပံ့ကြေးကို ရရှိရမည်။

၄။ တရားရုံး၏အဖွဲ့ဝင် တရားသူကြီးများမှအပ အပိုဒ် - ၃၁ အရ ရွေးချယ်ထားသော တရားသူကြီးများသည် မိမိတို့၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်သည်နေ့ အသီးသီးအတွက် အခကြေးငွေ ရရှိကြရမည်။

၅။ ထို နှစ်စဉ်ကြေးငွေ၊ ထောက်ပံ့ကြေးငွေနှင့် အခကြေးငွေများကို အထွေထွေ ညီလာခံက သတ်မှတ်ရမည်။ ၎င်းငွေများကို ရာထူးသက်တမ်းအတွင်း လျှော့ပေါ့ခြင်းမပြုရ။

၆။ မော်ကွန်းထိန်းအရာရှိ၏ လစာကို တရားရုံး၏ အဆိုပြုချက်အရ အထွေထွေ ညီလာခံက သတ်မှတ်ရမည်။

၇။ အထွေထွေညီလာခံက ပြဋ္ဌာန်းသည့် စည်းမျဉ်း ဥပဒေများတွင် တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများနှင့် မော်ကွန်းထိန်းအရာရှိအား အငြိမ်းစားပင်စင်ပေးနိုင်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများနှင့် မော်ကွန်းထိန်း အရာရှိအား ၎င်းတို့ ကုန်ကျပြီး ခရီးစရိတ်များကို ပြန်ပေးရမည့် စည်းကမ်းချက်များကို လည်းကောင်း၊သတ်မှတ်ရမည်။

၈။ အထက်ပါ နှစ်စဉ်ကြေးငွေ၊ ထောက်ပံ့ကြေးများနှင့် အခကြေးငွေများမှာ အရပ်ရပ် အခွန်အကောက် စည်းကြပ်ခြင်းမှ လွတ်ငြိမ်းစေရမည်။ [ 10 ]
အပိုဒ် - ၃၃။

တရားရုံးအတွက် ကုန်ကျစရိတ်များကို အထွေထွေ ညီလာခံက ဆုံးဖြတ်သည့် နည်းလမ်းအတိုင်း ကုလသမဂ္ဂက ကျခံရမည်။


အခန်း(၂) -
တရားရုံး၏ စီရင်ပိုင်ခွင့်

အပိုဒ် - ၃၄။

၁။ တရားရုံး ရှေ့မှောက်သို့ ရောက်ရှိလာသော အမှုများတွင် အမှုသည်များမှာ နိုင်ငံများသာဖြစ်ရမည်။

၂။ တရားရုံးသည် မိမိစစ်ဆေးစီရင်ရသည့် အမှုများနှင့် သက်ဆိုင်သော အကြောင်းအရာများကို မိမိ၏ နည်းဥပဒေများနှင့်အညီ အပြည်ပြည်ဆိုင်ရာပြည်သူ့ အဖွဲ့အစည်းများထံမှ တောင်းဆိုနိုင်သည့်ပြင် အဆိုပါ အကြောင်းအရာများကို ယင်းအဖွဲ့အစည်းများက ၎င်းတို့ အလိုအလျောက် တင်သွင်းလျှင်လည်း လက်ခံရမည်။

၃။ တရားရုံး စစ်ဆေးစီရင်ရသော အမှုတွင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းတစ်ခု၏ ဖွဲ့စည်းပုံ အခြေခံစာချုပ်ကိုသော်လည်းကောင်း၊ ထိုအခြေခံစာချုပ်အရ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို သော်လည်းကောင်း၊ အဓိပ္ပါယ်ကောက်ချက်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာပေါ်သည့်အခါတိုင်း ထိုသို့ပြဿနာပေါ်သည့် အကြောင်းကို မော်ကွန်းထိန်းအရာရှိသည် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းသို့ အကြောင်းကြားရမည့်ပြင် မှုခင်းမှတ်တမ်းအရပ်ရပ်၏ မိတ္တူများကိုလည်း ပေးပို့ရမည်။

အပိုဒ် - ၃၅။

၁။ တရားရုံးတွင် ယခုလက်ရှိ ဥပဒေတွင် ပါဝင်သည့် နိုင်ငံများနှင့် သက်ဆိုင်သော အမှုများကို ကြားနာစစ်ဆေး ခွင့်ပြုရမည်။

၂။ တရားရုံးတွင် အခြားနိုင်ငံများနှင့် သက်ဆိုင်သော အမှုများ ကြားနာစစ်ဆေးခွင့်ပြုရန် စည်းကမ်းချက်များကို တည်ဆဲစာချုပ်များတွင် ပါရှိသည့် အထူးပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ လုံခြုံရေး ကောင်စီက ချမှတ်ရမည်။ သို့သော်လည်း အဆိုပါ စည်းကမ်းချက်များကြောင့် အမှုသည်နိုင်ငံများကို တရားရုံး၏ ရှေ့မှောက်တွင် မညီမမျှသော အခြေအနေသို့ မည်သည့်နည်းနှင့်မျှ မရောက်စေရ။

၃။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံတစ်နိုင်ငံသည် အမှုတစ်ခုတွင် အမှုသည် ဖြစ်နေလျှင် တရားရုံး၏ ကုန်ကျစရိတ်အတွက် ထိုအမှုသည် နိုင်ငံပေးဆောင်ရမည်။ ထောက်ပံ့ကြေးကို တရားရုံးက သတ်မှတ်ရမည်။ သို့ရာတွင် အဆိုပါ နိုင်ငံသည် တရားရုံး၏ ကုန်ကျစရိတ်ငွေကို ကျခံလျက်ရှိသော နိုင်ငံဖြစ်လျှင် ဤပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်း

မရှိစေရ။ [ 11 ]
အပိုဒ် - ၃၆။

၁။ တရားရုံးမှာ မိမိအမှုသည် နိုင်ငံများက လွှဲအပ်သည့် အမှုအားလုံးကိုလည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်တွင်ဖြစ်စေ၊ တည်ဆဲစာချုပ်များနှင့် သဘောတူစာချုပ်များတွင်ဖြစ်စေ၊ အထူးပြဋ္ဌာန်းထားသော ကိစ္စအားလုံးကိုလည်းကောင်း စစ်ဆေးစီရင်ပိုင်ခွင့် အာဏာရှိသည်။

၂။ ယခုလက်ရှိ ဥပဒေနှင့် သက်ဆိုင်သည့် နိုင်ငံများသည် အောက်ပါအကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ အငြင်းပွားမှု အားလုံးတွင် တရားရုံး၏ စီရင်ခွင့် အာဏာကို အလားတူ လက်ခံရန်တာဝန်ယူသော အခြားနိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်၍ ယင်းသို့တာဝန်ယူသော အကြောင်းကြောင့် အထူးသဘောတူညီချက်မရှိဘဲ လက်မခံမနေရ အာဏာအဖြစ် အသိအမှတ်ပြုကြောင်းဖြင့် မည်သည့်အခါမဆို ကျေညာ နိုင်သည်။

(က) စာချုပ်တစ်ခုကို အဓိပ္ပါယ်ကောက်ယူသည့် ကိစ္စ။
(ခ) အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်သည့် ပြဿနာ တစ်ရပ်ရပ်။
(ဂ) သက်သေထင်ရှားလျှင် အပြည်ပြည်ဆိုင်ရာ တာဝန်ကို ဖောက်ဖျက်ရာရောက်မည့် အကြောင်းခြင်းရာ ဖြစ်ပေါ်သည့် ကိစ္စ။
(ဃ) အပြည်ပြည်ဆိုင်ရာ တာဝန်ဖောက်ဖျက်မှုအတွက် ပေးဆောင်ရမည့် လျော်ကြေးအမျိုးအစား၊ သို့မဟုတ် လျော်ကြေးငွေပေါင်း

၃။ အထက်တွင် ရည်ညွှန်းထားသော ကျေညာချက်များကို ခြွင်းချက်မရှိ ထုတ်ပြန်နိုင်သည်။ သို့မဟုတ် နိုင်ငံအများကသော်လည်းကောင်း၊ အချို့ကသော်လည်းကောင်း အပြန်အလှန် ထုတ်ပြန်ရမည်ဟူသော စည်းကမ်းချက်များဖြင့် ထုတ်ပြန်နိုင်သည်။ သို့မဟုတ် သတ်မှတ်ထားသော အချိန်ကာလအတွက် ထုတ်ပြန်နိုင်သည်။

၄။ အဆိုပါ ကျေညာချက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံတွင် အပ်နှံထားရမည်။ အတွင်းရေးမှူးချုပ်က ထိုကျေညာချက် မိတ္တူများကို ဤဥပဒေနှင့် သက်ဆိုင်သည့်နိုင်ငံများသို့ လည်းကောင်း၊ တရားရုံး၏ မော်ကွန်းထိန်း အရာရှိထံသို့လည်းကောင်း ပေးပို့ရမည်။

၅။ အပြည်ပြည်ဆိုင်ရာ အမြဲတန်း တရားရုံး၏ ဥပဒေ အပိုဒ် - ၃၆ အရ ထုတ်ပြန်ထားသော ကျေညာချက်များသည် အတည်ဖြစ်ဆဲပင်ရှိနေသေးလျှင် ယခုလက်ရှိဥပဒေနှင့် သက်ဆိုင်သော နိုင်ငံသည် အချင်းချင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ မလွှဲမသွေ စီရင်ပိုင်ခွင့်အာဏာကို ယင်းကျေညာချက်များ ဆက်လက်အတည် ဖြစ်နေဦးမည့် ကာလအပိုင်းအခြားအတွက် ထိုကျေညာချက်များပါ စည်းကမ်းချက်များနှင့် အညီလက်ခံသည့် ကျေညာချက်များ ဖြစ်သည်ဟု မှတ်ယူရမည်။

၆။ တရားရုံးတွင် စီရင်ပိုင်ခွင့် အာဏာ ရှိ - မရှိအငြင်းပွားလျှင် ထိုကိစ္စကို တရားရုံး၏ အဆုံးအဖြတ်ဖြင့် ဖြေရှင်းရမည်။

အပိုဒ် - ၃၇။

တည်ဆဲဖြစ်သောစာချုပ် သို့မဟုတ် သဘောတူ စာချုပ်တွင် ကိစ္စတစ်ရပ်ကို နိုင်ငံပေါင်းချုပ်အသင်းကြီးက ဖွဲ့စည်းထားသော ခုံရုံးဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ အမြဲတမ်း [ 12 ]တရားရုံးသို့ ဖြစ်စေ လွှဲအပ်ရန် ပြဋ္ဌာန်းထားလျှင် ထိုကိစ္စကို လက်ရှိ ဥပေဒနှင့် သက်ဆိုင်သည့် နိုင်ငံအချင်းချင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေတရားရုံးသို့ လွှဲအပ်ရမည်။

အပိုဒ် - ၃၈။

၁။ တရားရုံးသည် မိမိထံတွင် တင်သွင်းသည့် အငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ဆုံးဖြတ်ရန် တာဝန်ရှိသဖြင့် အောက်ပါတို့ကို အကိုးအကား ပြုရမည်။

(က) အငြင်းပွားနိုင်ငံများ အတိအလင်း အသိအမှတ်ပြုထားသော နည်းဥပဒေများကို အတည်ဖြစ်စေသည့် အပြည်ပြည်ဆိုင်ရာ အထွေထွေ သို့မဟုတ် အထူးသဘော တူစာချုပ်များ။
(ခ) တရားဥပဒေအဖြစ် လက်ခံထား၍ နိုင်ငံအများ လိုက်နာကြောင်း ထင်ရှားသည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံ။
(ဂ) ယဉ်ကျေးသောနိုင်ငံများ အသိအမှတ်ပြုထားသည့် အရပ်ရပ်ဥပဒေ သဘောတရားများ။
(ဃ) အပိုဒ် - ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဥပဒေစီရင်ထုံးများ သတ်မှတ်ရေးအတွက် အထောက်အကူဖြစ်စေသော တရားစီရင်ထုံးများနှင့် နိုင်ငံအမျိုးမျိုးမှ အရည်အချင်းပြည့်ဝသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သော ပါရဂူများ၏ ဩဝါဒများ။

၂။ ဤပြဋ္ဌာန်းချက်သည် အမှုသည်နိုင်ငံများက သဘောတူလျှင် အမှုအခင်းတစ်ရပ်ကို နှစ်ဘက်အကျိုးအတွက် တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်သော တရားရုံး၏ အာဏာကို မထိခိုက်စေရ။


အခန်း (၃) -
ကျင့်ထုံး

အပိုဒ် - ၃၉။

၁။ တရားရုံး၏ ရုံးသုံးဘာသာများမှာ ပြင်သစ်ဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ ဖြစ်ရမည်။ အမှုကို ပြင်သစ်ဘာသာဖြင့် ကြားနာစစ်ဆေးရန် အမှုသည် နိုင်ငံတို့သဘောတူလျှင် စီရင်ချက်ကို ပြင်သစ်ဘာသာဖြင့် ချမှတ်ရမည်။ အမှုကို အင်္ဂလိပ်ဘာသာဖြင့် ကြားနာစစ်ဆေးရန် အမှုသည် နိုင်ငံတို့ သဘောတူလျှင် စီရင်ချက်ကို အင်္ဂလိပ် ဘာသာဖြင့် ချမှတ်ရမည်။

၂။ ထိုဘာသာ နှစ်ရပ်အနက် မည်သည့်ဘာသာကို အသုံးပြုရမည်ဟူ၍ သဘောတူချက်မရှိလျှင် အမှုသည် အသီးသီးသည် အဆိုအခြေ စာတမ်းတွင် မိမိတို့ ကြိုက်နှစ်သက်ရာဘာသာကို အသုံးပြုနိုင်၍ တရားရုံး၏စီရင်ချက်ကို ပြင်သစ်ဘာသာဖြင့် လည်းကောင်း အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ချမှတ်ရမည်။ သို့ စီရင်ချက်ချမှတ် သည်နှင့် တစ်ချိန်တည်းတွင် ယင်းစီရင်ချက် မူနှစ်ရပ်အနက် မည်သည့် စီရင်ချက်မူကို လက်ခံလိုက်နာရမည်ကို တရားရုံးက သတ်မှတ်ရမည်။ [ 13 ]၃။ တရားရုံးသည် ပြင်သစ်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့မှတပါး အခြားဘာသာကို သုံးခွင့်ပြုရန် အမှုသည် တစ်ဘက်ဘက်က တောင်းဆိုလျှင် သို့တောင်းဆိုသည့်အတိုင်း ခွင့်ပြုရမည်။

အပိုဒ် - ၄ဝ။

၁။ တရားရုံးသို့ အမှုများတင်သွင်းသည့်အခါ မော်ကွန်းထိန်းအရာရှိထံ အထူးသဘောတူညီချက်ကို အကြောင်းကြား၍ဖြစ်စေ၊ လျှောက်လွှာရေးသားပေးပို့၍ ဖြစ်စေ အကြောင်းအားလျော်စွာ တင်သွင်းရမည်။ ထိုသို့ တင်သွင်းသောအမှုများတွင် အငြင်းပွားသည့် အကြောင်းအရာနှင့် အမှုသည်များကို ဖော်ပြရမည်။

၂။ မော်ကွန်းထိန်းအရာရှိသည် ယင်းလျှောက်ထားချက်တို့ သက်ဆိုင်ရာ နိုင်ငံအားလုံးအား ချက်ခြင်း အကြောင်းကြားရမည်။

၃။ မော်ကွန်းထိန်း အရာရှိသည် အတွင်းရေးမှူးချုပ်ထံမှတဆင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလည်း အကြောင်းကြားရမည့်ပြင် တရားရုံး၏ ရှေ့မှောက်သို့ လာရောက် ဆင့်ဆိုခွင့်ရှိသော အခြားနိုင်ငံများ အားလည်း အကြောင်း ကြားရမည်။

အပိုဒ် - ၄၁။

၁။ တရားရုံးသည် အခြေအနေအရ လိုအပ်သည်ဟု ယူဆလျှင် အမှုသည် နိုင်ငံသီးသီး၏ သက်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် မည်သည့်ကိစ္စများကို ယာယီအားဖြင့် ဆောင်ရွက်သင့်သည်ဟု ညွှန်ပြနိုင်သည့် အာဏာရှိရမည်။

၂။ အပြီးသတ် ဆုံးဖြတ်ချက်ကို မချမှတ်မီသို့ ဆောင်ရွက်ရန် အကြံပေးညွှန်ပြသည့်ထားသည်ကိစ္စများကို သက်ဆိုင်ရာအမှုသည်နိုင်ငံများအားလည်းကောင်း၊ လုံခြုံရေးကောင်စီအားလည်းကောင်း ချက်ခြင်း အကြောင်း ကြားရမည်။

အပိုဒ် - ၄၂။

၁။ အမှုသည်နိုင်ငံများအတွက် ကိုယ်စားလှယ်များက ဆောင်ရွက်ရမည်။

၂။ အမှုသည်နိုင်ငံများသည် တရားရုံးတွင် အမှုဆိုင်ရာ၌ ရှေ့နေရှေ့ရပ်များ၏ အကူအညီကို ရယူနိုင်သည်။

၃။ တရားရုံးတွင် အမှုသည်နိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် ရှေ့နေရှေ့ရပ်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်ရန် အတွက် လိုအပ်သော အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကိုရရှိခံစားရမည်။

အပိုဒ် - ၄၃။

၁။ တရားစီရင်ရာ၌ လိုက်နာရမည် ကျင့်ထုံးတွင် စာဖြင့် ရေးသားသည့် အပိုင်းနှင့် နှုတ်ဖြင့် ထွက်ဆိုပြောကြား သည်အပိုင်းဟူ၍ နှစ်ပိုင်းပါရှိရမည်။

၂။ စာဖြင့် ရေးသားသော အမှုတွဲတွင် တရားရုံးသို့ လည်းကောင်း၊ အမှုသည်များသို့လည်းကောင်း၊ ပေးပို့သောလျှောက်လွှာများ ကန့်ကွက်လွှာများနှင့် လိုအပ်လျှင် ချေပလွှာများ [ 14 ]ပါဝင်ရမည့်ပြင် အထောက်အထားဖြစ်သော စာရွက်စာတမ်းများ စာတမ်း အမှတ်အသား အားလုံးလည်း ပါဝင်ရမည်။

၃။ ဤသို့ အကြောင်းကြားဆက်သွယ်သည့် စာများကို တရားရုံးက သတ်မှတ်သည့် အစီအစဉ်အတိုင်း သို့သတ်မှတ်သည့်အချိန်ကာလအတွင်း မော်ကွန်းထိန်း အရာရှိမှတဆင့် ပေးပို့ရမည်။

၄။ တဘက်အမှုသည်က တင်ပြသော စာတမ်း အမှတ်အသားဟူသမျှ၏ မိတ္တူမှန်ကို အခြားတဘက် အမှုသည်ထံသို့ ပေးပို့ရမည်။

၅။ နှုတ်ဖြင့် ထွက်ဆိုချက်အမှုတွဲတွင် တရားရုံးက ကြားနာစစ်ဆေးသော သက်သေများ၊ ပါရဂူများ၊ ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်များ၏ ထွက်ဆိုချက်များ ပါဝင်ရမည်။

အပိုဒ် - ၄၄။

၁။ ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်များမှတပါး အခြားပုဂ္ဂိုလ်များအား ဆင့်စာချအပ်ပေးရေးအတွက် တရားရုံးသည် ဆင့်စာချအပ်ရမည့် နယ်မြေဆိုင်ရာ နိုင်ငံအစိုးရအား တိုက်ရိုက်ဆက်သွယ်တောင်းဆိုရမည်။

၂။ ထိုပြဋ္ဌာန်းချက်သည် အမှုဖြစ်ပွားရာနယ်ပယ်၌ သက်သေခံချက် ရယူရန် အရေးယူဆောင်ရွက်သည့် ကိစ္စတိုင်း နှင့်လည်း သက်ဆိုင်ရမည်။

အပိုဒ် – ၄၅။

၁။ အမူကြားနာစစ်ဆေးခြင်းကို ဥက္ကဋ္ဌကသော်လည်းကောင်း၊ ဥက္ကဋ္ဌ ရုံးမထိုင်နိုင်လျှင် ဒုတိယ ဥက္ကဋ္ဌ ကသော်လည်းကောင်း၊ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးလုံး ရုံးမထိုင်နိုင်လျှင် တရားခွင်ရှိ ဝါအရင့်ဆုံး တရားသူကြီးက သော်လည်းကောင်း ကြီးကြပ်၍ ဆောင်ရွက်ရမည်။

အပိုဒ် - ၄၆။

တရားရုံးတွင် အမှုကို လူသိရှင်ကြား စစ်ဆေးကြားနာရမည်။ သို့ရာတွင် တရားရုံးက အခြားနည်းဖြင့် စစ်ဆေး ကြားနာရန် ဆုံးဖြတ်လျှင် သို့မဟုတ် အမှုစစ်ဆေးကြားနာရာသို့ အများပြည်သူတို့အား တက်ရောက်နားထောင်ခွင့်မပြုရန် အမှုသည် နိုင်ငံများက တောင်းဆိုလျှင် လူသိရှင်ကြား စစ်ဆေး ကြားနာခြင်း မပြုရ။

အပိုဒ် - ၄၇။

၁။ အမှုကြားနာစစ်ဆေးသည့်အခါတိုင်း အမှုမှတ်တမ်းများ ရေးမှတ်ထားရမည်။ ထိုအမှုမှတ်တမ်းများတွင် ဥက္ကဋ္ဌ နှင့် မော်ကွန်းထိန်းအရာရှိတို့က လက်မှတ် ရေးထိုးရမည်။

၂။ ဤအမှုမှတ်တမ်းများသာလျှင် တရားဝင်မှန်ကန်သည့် မှတ်တမ်းများ ဖြစ်ရမည်။ [ 15 ]
အပိုဒ် - ၄၈။

တရားရုံးသည် အမှုစစ်ဆေးကြားနာရန် အစီအစဉ် အတွက် အမိန့်များ ချမှတ်ရမည်။ အမှုသည် အသီးသီး၏ လျှောက်လဲချက်များကို မည်သည့် အချိန်ကာလအတွင်း မည်သို့မည်ပုံ နိဂုံးချုပ်ရမည်ဟူ၍လည်း ဆုံးဖြတ်ရမည်။ ထို့ပြင် သက်သေခံချက် ရယူရေး နှင့် စပ်လျဉ်းသည့် အစီအစဉ် အားလုံးကိုလည်း ပြုလုပ်ရမည်။

အပိုဒ် - ၄၉။

တရားရုံးသည် အမှုကြားနာစစ်ဆေးခြင်းအစမပြုမီကပင်လျှင် မည်သည့်စာတမ်းအမှတ်အသားကိုပင်မဆို တင်ပြရန် သို့မဟုတ် မည်သည့် ထုချေချမှတ်ချက်ကိုမဆို ပေးပို့ရန် ကိုယ်စားလှယ်များအား ဆင့်ဆိုနိုင်သည်။ သို့ဆင့်ဆိုသည့်အတိုင်း မတင်ပြ မပေးပို့ဘဲ ငြင်းပယ်လျှင် သို့ ငြင်းပယ်ကြောင်းကို နည်းလမ်းတကျ မှတ်သားထားရမည်။

အပိုဒ် - ၅၀။

တရားရုံးသည် မိမိရွေးချယ်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့၊ ဌာန၊ ကော်မရှင် သို့မဟုတ် အခြားအဖွဲ့အစည်းအားမဆို စုံစမ်းစစ်ဆေးရေးကိစ္စ ဆောင်ရွက်ရန်ဖြစ်စေ၊ အထူး ထင်မြင်ချက်ပေးရန်ဖြစ်စေ အချိန်မရွေး တာဝန်အပ်နှင်းနိုင်သည်။

အပိုဒ် - ၅၁။

အမှုကြားနာစစ်ဆေးနေစဉ်အတွင်း မည်သည့် သက်ဆိုင်ရာ မေးခွန်းများကို မဆို သက်သေနှင့် ကျွမ်းကျင်သူတို့အား အပိုဒ် - ၃ဝ တွင် ရည်ညွှန်းထားသော တရားရုံး၏ ကျင့်ထုံးနည်းဥပဒေများ၌ ပြဋ္ဌာန်းပါရှိသည့် စည်းကမ်းချက်များအရ မေးမြန်းရမည်။

အပိုဒ် - ၅၂။

တရားရုံးသည် သက်သေအထောက်အထားများနှင့် သက်သေခံချက်များကို သတ်မှတ်ထားသောအချိန်အတွင်း လက်ခံရရှိပြီးသည့်နောက် တဘက်အမှုသည်က နောက်ထပ် တင်ပြလိုသည့် နှုတ်ဖြင့် ဖြေကြားသော သက်သေခံချက်ကို ဖြစ်စေ၊ စာဖြင့် ရေးသားထားသော သက်သေခံချက်ကို ဖြစ်စေ၊ အခြားတဖက် အမှုသည် သဘောမတူလျှင် လက်မခံငြင်းပယ်နိုင်သည်။

အပိုဒ် - ၅၃။

၁။ တဘက်အမှုသည် နိုင်ငံသည် တရားရုံးသို့ လာရောက် ဆိုင်ဆိုခြင်း မရှိသည့်အခါ သို့မဟုတ် မိမိ၏ အမှုကို မကာကွယ် မချေပဘဲနေသည့်အခါ အခြားတဘက် အမူသည်က အမူကို မိမိအား အနိုင်ပေး၍ ဆုံးဖြတ်ရန် တရားရုံးအား တောင်းဆိုနိုင်သည်။

၂။ တရားရုံးသည် ထိုသို့တဘက်သတ် မဆုံးဖြတ်မီ မိမိ၌ အပိုဒ် - ၃၆၊ ၃၇ တို့နှင့်အညီ စီရင်ပိုင်ခွင့် အာဏာရှိကြောင်းကိုသာမက အမှုမှာ အကြောင်းခြင်းရာ အရလည်းကောင်း၊ [ 16 ]ဥပဒေကြောင်းအရ လည်းကောင်း၊ အခြေအမြစ် ခိုင်လုံကြောင်းကိုလည်း ရှေးဦးစွာ ယုံကြည်ကျေနပ်နိုင်ခြင်းရှိရမည်။

အပိုဒ် - ၅၄။

၁။ တရားရုံး၏ ကြီးကြပ်အုပ်ချုပ်မှုကို နာခံ၍ ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်များက အမှုကို လျှောက်လဲပြီးသောအခါ ဥက္ကဋ္ဌသည် အမှုကြားနာစစ်ဆေးပြီးကြောင်း ကြေညာရမည်။

၂။ တရားရုံးသည် စီရင်ချက်ချမှတ်ရန်အတွက် စဉ်းစားခန်းဝင်ရမည်။

၃။ တရားရုံး၏ ဆင်ခြင်ဆွေးနွေးချက်များကို တရားသူကြီး အချင်းချင်းသာလျှင် စဉ်းစားခန်းတွင် ပြုလုပ်၍ လျှို့ ဝှက်စွာ ထားရှိရမည်။

အပိုဒ် - ၅၅။

၁။ အရပ်ရပ်ပြဿနာများနှင့် စပ်လျဉ်း၍ တရားရုံး၏ဆုံးဖြတ်ချက်များကို တရားခွင်ရှိ တရားသူကြီးများ၏ မဲများရာဖြင့် ချမှတ်ရမည်။

၂။ မဲအရေအတွက်ချင်း တူညီနေလျှင် ဥက္ကဋ္ဌက သို့မဟုတ် ဥက္ကဋ္ဌ၏ နေရာတွင် ဆောင်ရွက်သည့် တရားသူကြီးက အနိုင်မဲ ပေးရမည်။

အပိုဒ် - ၅၆။

၁။ စီရင်ချက်တွင် ၎င်းကို မည်သည့် အကြောင်းအချက်များပေါ် အခြေပြု၍ ချမှတ်ထားကြောင်း ဖော်ပြရမည်။

၂။ စီရင်ချက်တွင် အဆုံးအဖြတ်ပြုရာ၌ ပါဝင်သော တရားသူကြီးများ၏ အမည်များပါရှိစေရမည်။

အပိုဒ် - ၅၇။

စီရင်ချက် တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသတွင် တရားသူကြီး အားလုံး၏ သဘောတူယူဆသော ထင်မြင်ချက်ကို ဖော်ပြခြင်းမရှိခဲ့လျှင် မည်သည့် တရားသူကြီးမဆို သီးခြား ထင်မြင်ချက်ကို ပေးပိုင်ခွင့်ရှိရမည်။

အပိုဒ် - ၅၈။

စီရင်ချက်ကို ဥက္ကဋ္ဌ နှင့် မော်ကွန်းထိန်းအရာရှိတို့က လက်မှတ်ရေးထိုး ရမည်။ ထိုစီရင်ချက်ကို ဆိုင်ရာ ကိုယ်စားလှယ် များအား ထိုက်သင့်သလို အကြောင်းကြားပြီးနောက် တရားရုံးတွင် လူသိရှင်ကြား ဖတ်ကြားရမည်။

အပိုဒ် - ၅၉။
တရားရုံး၏ ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာအမှုသည် နိုင်ငံများ အတွက်သာ အတည်ဖြစ်၍ ထိုသီးခြား အမှုတစ်ခု တည်းနှင့်သာ သက်ဆိုင်သည်။ [ 17 ]
အပိုဒ် - ၆၀။

စီရင်ချက်သည် အယူခံဝင်ခွင့်မရှိဘဲ အပြီးအပြတ် အတည်ဖြစ်ရမည်။ စီရင်ချက်၏ အဓိပ္ပာယ်နှင့်ဖြစ်စေ၊ အကျိုးသက်ရောက်ခြင်းနှင့်ဖြစ်စေ စပ်လျဉ်း၍ အငြင်းပွားသောအခါ တရားရုံးသည် အမှုသည် တဘက်ဘက်၏ တောင်းဆိုချက်အရ ထိုစီရင်ချက်ကို အဓိပ္ပါယ်ကောက်ယူ ပေးရမည်။

အပိုဒ် - ၆၁။

၁။ စီရင်ချက်ကိုပြင်ဆင်ရန် လျှောက်ထားလိုလျှင် သို့ပြင်ဆင်ရန် အရေးပါအရာရောက်သော အကြောင်းအရာ တစ်မျိုးမျိုး ပေါ်ပေါက်လာသည်ကို တွေ့ရှိရကြောင်းဖြင့်လည်းကောင်း ထိုအကြောင်းအရာကို တရားရုံးသာမက ပြင်ဆင်ရန် လျှောက်ထားသော အမှုသည်ကပါ စီရင်ချက် ချမှတ်စဉ်အခါက မသိရကြောင်းဖြင့် လည်းကောင်း၊ ထိုသို့ မသိရသည်မှာလည်း ပေါ့လျှော့မှုကြောင့်မဟုတ်ကြောင်းဖြင့် လည်းကောင်း အကြောင်းပြနိုင်မှသာ လျှောက်ထားနိုင်သည်။

၂။ ပြင်ဆင်မှုကို တရားရုံးက စီရင်ချက် ချမှတ်၍ ဖွင့်ရမည်။ သို့ချမှတ်သော စီရင်ချက်တွင် အကြောင်းအရာသစ် ပေါ်ပေါက်လာကြောင်းကို အတိအလင်း ရေးမှတ်ရမည့်ပြင် ထိုအကြောင်းအရာသစ်သည် ပြင်ဆင်မှု ဖွင့်ရမည့် အကြောင်းအရာမျိုး ဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုရမည်။ ထို့ပြင် ထိုအကြောင်းကြောင့် ပြင်ဆင်ရန် လျှောက်ထားသည့်အတိုင်း ခွင့်ပြုကြောင်း ကိုလည်း ကြေညာရမည်။

၃။ တရားရုံးသည် ပြင်ဆင်ခွင့်ပြုရန် ခွင့်မပြုမီ စီရင်ချက်ပါ အချက်များအတိုင်း ရှေးဦးစွာ လိုက်နာ ဆောင်ရွက်ရန် ဆင့်ဆိုနိုင်သည်။

၄။ ပြင်ဆင်မှု လျှောက်လွှာကို အကြောင်းအရာသစ်တွေ့ရှိပြီးသည်မှ နောက်အကျဆုံး ခြောက်လအတွင်း တင်သွင်းရမည်။

၅။ မည်သည့်ပြင်ဆင်မှု လျှောက်လွှာကိုမျှ စီရင်ချက် ချမှတ်သည့်နေ့ရက်မှ ဆယ်နှစ်ကုန်လွန်ပြီးသည့်နောက် တင်သွင်းပိုင်ခွင့် မရှိစေရ။

အပိုဒ် - ၆၂ ။

၁။ နိုင်ငံတစ်နိုင်သည် ဥပဒေနှင့်ဆိုင်သော မိမိ၏ အကျိုးသက်ဆိုင်ခွင့်ကို အမှုတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့် ထိခိုက်ဖွယ်ရာ အကြောင်းရှိသည်ဟု ယူဆလျှင် ထိုအမှုတွင် မိမိအား ကြားဝင်ဆောင်ရွက်ခွင့်ပြုရန် တရားရုံးသို့ တောင်းဆိုချက် တစ်ရပ် တင်သွင်းနိုင်သည်။

၂။ ထိုတောင်းဆိုချက်နှင့် စပ်လျဉ်း၍ တရားရုံးက ဆုံးဖြတ်ရမည်။ [ 18 ]
အပိုဒ် - ၆၃။

၁။ အမှုတွင် သက်ဆိုင်ပါဝင်သည့် နိုင်ငံများမှ တပါး အခြားနိုင်ငံများ ပါဝင်သော သဘောတူစာချုပ် အဓိပ္ပာယ် ကောက်ယူမှုနှင့်စပ်လျဉ်း၍ ပြဿနာ ပေါ်ပေါက်လာသည့်အခါ မော်ကွန်းထိန်းအရာရှိသည် အဆိုပါ နိုင်ငံအားလုံးကို ချက်ခြင်း အကြောင်းကြားရမည်။

၂။ ထိုသို့ အကြောင်းကြားခံရသော နိုင်ငံအသီးသီးသည် အမှုတွင် ကြားဝင်ဆောင်ရွက်နိုင်သည့် အခွင့်အရေးရှိသည်။ သို့ရာတွင် ထိုနိုင်ငံသည် ဤအခွင့်အရေးကို သုံးစွဲလျှင် စီရင်ချက်တွင်ပါရှိသည့် အဓိပ္ပာယ်ကောက်ယူချက်အတိုင်း အမူသည်နိုင်ငံများနည်းတူ လိုက်နာဆောင်ရွက်ရမည့် တာဝန်ရှိသည်။

အပိုဒ် - ၆၄။

တရားရုံးက အခြားနည်းဖြင့် မဆုံးဖြတ်လျှင် အမှုသည် နိုင်ငံအသီးသီးသည် မိမိ၏ ကုန်ကျစရိတ်ကို မိမိကပင် ကျခံရမည်။


အခန်း(၄) -
အကြံပေးထင်မြင်ချက်များ

အပိုဒ် - ၆၅။

၁။ တရားရုံးသည် ဥပဒေနှင့် ဆိုင်သော ပြဿနာ တစ်ခုခုနှင့် စပ်လျဉ်း၍ အကြံပေးထင်မြင်ချက်ကို တောင်းဆိုရန် အလို့ငှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်အရသော်လည်းကောင်း၊ ထိုစာချုပ်နှင့်အညီ သော်လည်းကောင်း၊ အခွင့်အာဏာအပ်နှင်းခြင်းခံရသော မည်သည် အဖွဲ့ကမဆို တောင်းဆိုလျှင် ယင်းသို့ တောင်းဆိုသည်အတိုင်း အကြံပေး ထင်မြင်ချက်ပေးနိုင်သည်။

၂။ တရားရုံး၏ အကြံပေးထင်မြင်ချက်ကို တောင်းဆိုရန်အလို့ငှာ တရားရုံးသို့ တင်သွင်းသည့် ပြဿနာများကို စာဖြင့် ရေးသားတင်သွင်းရမည်။ ထိုစာတွင် ထင်မြင်ချက်များပေးစေလိုသည့် ပြဿနာကို အတိအကျ ဖော်ပြရမည့်ပြင် ထိုစာနှင့်အတူ ယင်းပြဿနာကို ထင်ရှားပေါ်လွင် စေဘွယ်ရာ အကြောင်းရှိသည် စာတမ်းအမှတ်အသား အားလုံးလည်း ပူးတွဲပါရှိ စေရမည်။

အပိုဒ် - ၆၆။

၁။ မော်ကွန်းထိန်းအရာရှိသည် သို့အကြံပေးထင်မြင်ချက် တောင်းဆိုကြောင်းကို တရားရုံးသို့ လာရောက် ဆိုင်ဆိုခွင့်ရှိသည့် နိုင်ငံအားလုံးသို့ ချက်ခြင်း အကြောင်းကြားရမည်။

၂။ ထို့ပြင် တရားရုံးသို့ လာရောက်ဆိုင်ဆိုခွင့်ရှိသည့် နိုင်ငံတစ်နိုင်ငံအားသော်လည်ကောင်း၊ အဆိုပါ ပြဿနာနှင့် စပ်လျဉ်းသည့် အကြောင်းအရာ အချက်အလက်များကို ဖော်ပြနိုင်ဖွယ်ရှိသည်ဟု တရားရုံးကဖြစ်စေ၊ တရားရုံးမထိုင်လျှင် ဥက္ကဋ္ဌက ဖြစ်စေ ယူဆသည့် [ 19 ]အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုအား သော်လည်းကောင်း၊ ထိုပြဿနာနှင့် စပ်လျဉ်း၍ စာရေးသား ထွက်ဆိုချက်များကို ဥက္ကဋ္ဌ သတ်မှတ်သည့် အချိန်ကာလ အပိုင်းအခြားအတွင်း တရားရုံးက လက်ခံရန် အသင့်ရှိကြောင်းဖြင့် သို့မဟုတ် နှုတ်ဖြင့် ထွက်ဆိုချက်များကို ကြားနာရန် ကျင်းပမည့် တရားသဘင်၌ လူသိရှင်ကြား ကြားနာရန် အသင့်ရှိကြောင်းဖြင့် မော်ကွန်းထိန်းအရာရှိက အထူးအကြောင်းကြားစာ ပေးပို့၍တိုက်ရိုက် အကြောင်းကြားရမည်။

၃။ တရားရုံးသို့လာရောက်ဆိုင်ဆိုခွင့်ရှိသော အဆိုပါနိုင်ငံ တစ်နိုင်ငံသည် ဤအပိုဒ်၏ စာပိုဒ် - ၂ တွင် ရည်ညွှန်းထားသော အထူးအကြောင်းကြားစာကို မရရှိသဖြင့် စာရေးသားထွက်ဆိုချက်ကို တင်သွင်းလိုသည် ဟူ၍ သော်လည်းကောင်း၊ နှုတ်ဖြင့် ထွက်ဆိုချက်ကို ကြားနာစေလိုသည် ဟူ၍သော်လည်ကောင်း ထုတ်ဖော်တောင်းဆိုနိုင်သည်။ ယင်းတောင်းချက်နှင့် စပ်လျဉ်း၍ တရားရုံးက ဆုံးဖြတ်ရမည်။

၄။ နိုင်ငံများနှင့် အဖွဲ့အစည်းများက စာရေးသား ထွက်ဆိုချက်ကို သို့မဟုတ် နှုတ်ဖြင့်ထွက်ဆိုချက်ကို သို့မဟုတ် ထိုထွက်ဆိုချက် နှစ်ရပ်စလုံးကို တင်သွင်းထွက်ဆိုပြီးသည့်အခါ ထိုနိုင်ငံများနှင့် အဖွဲ့အစည်းများအား အခြားနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းများ၏ ထွက်ဆိုချက်များကို သီးခြားကိစ္စတစ်ခုစီတွင် တရားရုံးက သို့မဟုတ် တရားရုံးမထိုင်လျှင် ဥက္ကဋ္ဌက ဆုံးဖြတ်သည့် နည်းလမ်း အတိုင်း (သို့) ဆုံးဖြတ်သည့်အတိုင်းအတာအထိ (သို့) ဆုံးဖြတ်သည့် အချိန်အကန့်အသတ်အတွင်း ဝေဖန်ခွင့်ပြုရမည်။ သို့ဝေဖန်နိုင်စေရန် မော်ကွန်းထိန်းအရာရှိသည် အဆိုပါစာရေးသားထွက်ဆိုချက်များကို အလားတူထွက်ဆိုချက်များတင်သွင်းထားသည့် နိုင်ငံများနှင့်အဖွဲ့အစည်းများသို့ လိုအပ်သော အချိန်အတွင်းပေးပို့ရမည်။

အပိုဒ် - ၆၇။

တရားရုံးသည် မိမိ၏ အကြံပေးထင်မြင်ချက်များကို အတွင်းရေးမှူးချုပ်အားလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့၏ ကိုယ်စားလှယ်များအားလည်းကောင်း၊ တိုက်ရိုက်သက်ဆိုင်နေသော အခြားနိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအား လည်းကောင်း အကြောင်းကြားပြီးနောက် တရားခွင်တွင် လူသိရှင်ကြား ဖတ်ကြားရမည်။

အပိုဒ် - ၆၈။
တရားရုံးသည် မိမိ၏ အကြံပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခုလက်ရှိ ဥပဒေပါပြဋ္ဌာန်းချက်များအနက် တစ်ဖက်နှင့် တစ်ဖက်အချင်းဖြစ်ပွားသော အမှုများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များအတိုင်း၊ သို့သက်ဆိုင်သည်ဟု မိမိက အသိအမှတ်ပြုထားသည့် အတိုင်းအတာအထိ လိုက်နာဆောင်ရွက်ရမည်။ [ 20 ]

အခန်း(၅) -
ပြင်ဆင်ချက်

အပိုဒ် - ၆၉။


ယခုလက်ရှိ ဥပဒေ ပြင်ဆင်ချက်များကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ် ပြင်ဆင်ရန် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ပြုလုပ်ရမည်။ သို့ရာတွင် လက်ရှိဥပဒေနှင့် သက်ဆိုင်သော်လည်း ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင် မဟုတ်သေးသော နိုင်ငံများပါဝင်ရေးနှင့် စပ်လျဉ်း၍ အထွေထွေ ညီလာခံက လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ လက်ခံအတည်ပြုသည့် ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေရ။

အပိုဒ် - ၇၀။

တရားရုံးသည် ယခုလက်ရှိဥပဒေတွင် မိမိလိုအပ်သည့် ထင်မြင်သည့် ပြင်ဆင်ချက်များကို အပိုဒ် - ၆၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စဉ်းစားဆွေးနွေးရန် အလို့ငှာ အတွင်းရေးမှူးချုပ်ထံသို့ စာဖြင့် အကြောင်းကြား၍ အဆိုတင်သွင်းနိုင်ခွင့် အာဏာရှိရမည်။