Page:UN Charter (Burmese translation).djvu/48

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် - ၁၉။

တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများသည် တရားရုံး၏ လုပ်ငန်းကို ဆောင်ရွက်နေစဉ် သံတမန်ဆိုင်ရာ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို ရရှိခံစားရမည်။

အပိုဒ် - ၂၀။

တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးတိုင်း မိမိ၏တာဝန်ဝတ္တရားများကို ထမ်းရွက်ခြင်းမပြုမီ မိမိ၏အာဏာများကို အဂတိမလိုက်စားဘဲ ဖြောင့်မတ်မှန်ကန်စွာ သုံးစွဲ ဆောင်ရွက်ပါမည်ဟူ၍ တရားရုံးတွင် လူသိရှင်ကြား ကတိသစ္စာဆိုရမည်။

အပိုဒ် - ၂၁။

၁။ တရားရုံးသည် မိမိ၏ ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ ကို သုံးနှစ်အတွက် ရွေးကောက်တင်မြှောက်ရမည်။ ထိုဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌကိုပင် ပြန်လည် ရွေးကောက်တင်မြှောက်နိုင်သည်။

၂။ တရားရုံးသည် မိမိ၏ မော်ကွန်းထိန်းအရာရှိကို ခန့်ထားရမည့်ပြင် လိုအပ်သော အခြားအရာရှိများကို ခန့်ထားရေးအတွက်လည်း ပြဋ္ဌာန်းနိုင်သည်။

အပိုဒ် - ၂၂။

၁။ တရားရုံး၏ ရုံးစိုက်ရာဌာနသည် “သီဟိ(ဂ်)” မြို့၌ တည်ရှိရမည်။ သို့ရာတွင် တရားရုံးသည် လိုအပ်သည်ဟု ထင်မြင် ယူဆသည်အခါတိုင်း အခြားအရပ်၌လည်း ရုံးထိုင်၍ မိမိလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

၂။ ဥက္ကဋ္ဌနှင့် မော်ကွန်းထိန်းအရာရှိတို့သည် တရားရုံး၏ ရုံးစိုက်ရာဌာန၌ နေထိုင်ကြရမည်။

အပိုဒ် - ၂၃။

၁။ တရားရုံးသည် တရားရုံးဆိုင်ရာ ရုံးပိတ်ရက်များ အတွင်းမှတပါး၊ အခါခပ်သိမ်းရုံးထိုင်လျက်ရှိရမည်။ ထိုရုံးပိတ်ရက်နေ့များနှင့် ကာလအပိုင်းအခြားကို တရားရုံးက သတ်မှတ်ရမည်။

၂။ တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများမှာ အခါအားလျော်စွာ ခွင့်ယူပိုင်ခွင့်ရှိရမည်။ ခွင့်ယူသည့် နေ့ရက်နှင့် ကာလအပိုင်းအခြားကို တရားရုံးက တရားသူကြီး အသီးသီး၏ နေရင်းတိုင်းပြည်နှင့် “သီဟိ(ဂ်)" မြို့ ခရီးအကွားအဝေးကို ထောက်ချင့်၍ သတ်မှတ်ရမည်။

၃။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများသည် ခွင့်ယူနေသည်အခါမှ တပါး သို့မဟုတ် မမာမကျန်း သောကြောင့် ဖြစ်စေ၊ ဥက္ကဋ္ဌထံသို့ နည်းလမ်းတကျ ရှင်းလင်းဖော်ပြထားသော အရေးကြီးသည့် အခြားအကြောင်းများကြောင့် ဖြစ်စေ ရုံးမတက်နိုင်သည့် အခါမှတပါး အခါခပ်သိမ်း တရားရုံးက ခွဲခန့် သတ်မှတ်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် တာဝန်ရှိသည်။