Page:UN Charter (Burmese translation).djvu/49

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် - ၂၄။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီး တစ်ဦးဦးသည် အကြောင်းထူး တစ်ရပ်ရပ်ကြောင့် အမှုတစ်ခုခု စီရင်ဆုံး ဖြတ်ရာတွင် မိမိ ပါဝင်ရန်မသင့်ဟု ယူဆလျှင် ထိုသို့ယူဆကြောင်းကို ဥက္ကဋ္ဌ အား အကြောင်းကြားရမည်။

၂။ ဥက္ကဋ္ဌသည် အကြောင်းထူး တစ်ရပ်ရပ်ကြောင့် အမှုတစ်ခုခုတွင် တရားရုံး၏အဖွဲ့ဝင် တရားသူကြီး တစ်ဦးဦး ပါဝင် စီရင်ရန်မသင့်ဟု ယူဆလျှင် ထိုသို့ ယူဆသည်အတိုင်း ထိုတရားသူကြီးအား အကြောင်းကြားရမည်။

၃။ အဆိုပါ အမူတစ်ခုခုတွင် တရားရုံး၏ အဖွဲ့ဝင် တရားသူကြီး နှင့် ဥက္ကဋ္ဌ တို့သဘောကွဲလွဲကြလျှင် ထိုကိစ္စကို တရားရုံးက ဆုံးဖြတ် ဖြေရှင်းရမည်။

အပိုဒ် - ၂၅။

၁။ ယခုလက်ရှိဥပဒေတွင် အခြားနည်းအားဖြင့် အတိအလင်းပြဋ္ဌာန်း မထားလျှင် တရားရုံးသည် တရားသူကြီး အစုံအညီဖြင့် ဆောင်ရွက်ရမည်။

၂။ တရားရုံးဖွဲ့စည်းရန် ရနိုင်သော တရားသူကြီး ဦးရေကို ဆယ်တစ်ဦးအောက် မလျော့စေရ ဟူသော စည်းကမ်းချက်နှင့် မဆန့်ကျင်စေဘဲ တရားရုံး၏ နည်းဥပဒေများတွင် တရားသူကြီး တစ်ဦးကိုဖြစ်စေ၊ တစ်ဦးထက် ပိုသော တရားသူကြီးများကိုဖြစ်စေ၊ အခြေအနေအရ အလှည့်ကျဖြင့် ရုံးမထိုင်ဘဲ နေခွင့်ပြုရန် ပြဋ္ဌာန်းနိုင်သည်။

၃။ တရားရုံးတွင် တရားသူကြီး ကိုးဦးတက်ရောက်လျှင် တရားစီရင်ပိုင်ခွင့် ရှိသည်။

အပိုဒ် - ၂၆။

၁။ တရားရုံးသည် အလုပ်သမားအမှုများနှင့် ဖြတ်သန်းသွားလာမှု၊ လမ်းပမ်းဆက်သွယ်မှုဆိုင်ရာ အမှုများကဲ့သို့သော သီးခြားအမှု အမျိုးအစားများကို စီရင်ဆုံးဖြတ်၍ ခုံအဖွဲ့တစ်ခုကိုဖြစ်စေ အများကိုဖြစ်စေ အခါအားလျော်စွာ ဖွဲ့စည်းနိုင်သည်။ ထိုခုံအဖွဲ့တွင် တရားရုံးက သတ်မှတ်သည့်အတိုင်း တရားသူကြီးသုံးဦး ဖြစ်စေ၊ သုံးဦးထက်ပို၍ဖြစ်စေ ပါဝင်ရမည်။

၂။ တရားရုံးသည် သီးခြားအမှုတစ်ခုခု စီရင်ဆုံးဖြတ်ရန်အတွက် ခုံအဖွဲ့ကို မည်သည့်အခါမဆို ဖွဲ့စည်း နိုင်သည်။ အဆိုပါ ခုံအဖွဲ့တွင် ပါဝင်ရမည့် တရားသူကြီး ဦးရေကို တရားရုံးက နှစ်ဘက်အမှုသည်တို့၏ သဘောတူ ညီချက်ဖြင့် သတ်မှတ်ရမည်။

၃။ ဤအပိုဒ်တွင် ပြဋ္ဌာန်းထားသည့် ခုံအဖွဲ့များသည် နှစ်ဘက်အမှုသည်များက တောင်းဆိုလျှင် သက်ဆိုင်ရာ အမှုများကို ကြားနာစစ်ဆေး၍ ဆုံးဖြတ်ရမည်။