Page:UN Charter (Burmese translation).djvu/50

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် - ၂၇။

အပိုဒ် - ၂၆ နှင့် ၂၉ တွင် ပြဋ္ဌာန်းထားသော ခုံအဖွဲ့တစ်ခုခုက ချမှတ်သည့် စီရင်ချက်အဖြစ် မှတ်ယူရမည်။

အပိုဒ် - ၂၈။

အပိုဒ် - ၂၆ နှင့် ၂၉ တွင် ပြဋ္ဌာန်းထားသည့် ခုံအဖွဲ့များသည် နှစ်ဘက်အမှုသည်တို့၏ သဘောတူညီချက်ဖြင့် "သီဟိ(ဂ်)" မြို့မှအပ အခြားအရပ်တွင်လည်း ရုံးထိုင်၍ မိမိတို့၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်နိုင်သည်။

အပိုဒ် - ၂၉။

တရားရုံးသည် အလုပ်ကိစ္စများကို လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်အလို့ငှာ တရားသူကြီး ငါးဦးပါဝင်သော ခုံအဖွဲ့ တစ်ခုကို နှစ်စဉ် ဖွဲ့စည်းရမည်။ ထိုခုံအဖွဲ့သည် အမှုသည်တို့၏ တောင်းဆိုချက်အရ အမှုများကို အကျဉ်းနည်းအားဖြင့် ကြားနာစစ်ဆေး၍ ဆုံးဖြတ်နိုင်သည်။ ထိုတရားသူကြီး ငါးဦးအပြင် တရားသူကြီး နှစ်ဦးကလည်း ထိုခုံအဖွဲ့တွင် ပါဝင် ရုံးထိုင်ခြင်းမပြုနိုင်သော တရားသူကြီးများ၏ နေရာတွင် ဖြည့်သွင်းရန်အလို့ငှာ ရွေးချယ်ထားရမည်။

အပိုဒ် - ၃၀။

၁။ တရားရုံးသည် မိမိ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရေးအတွက် နည်းဥပဒေများ ရေးဆွဲရမည်။ အထူးအားဖြင့် ကျင့်ထုံးနည်းဥပဒေများကို သတ်မှတ်ပြဋ္ဌာန်းရမည်။

၂။ တရားရုံး၏နည်းဥပဒေများတွင် တရားရုံးက တရားစီရင်ရာ၌ ဖြစ်စေ ၎င်း၏ ခုံအဖွဲ့ တစ်ရပ်ရပ်က တရားစီရင်ရာ၌ဖြစ်စေ အကဲဖြတ်လူကြီးများအား မဲပေးပိုင်ခွင့် မရှိပဲ ပါဝင်စေရန် ပြဋ္ဌာန်းနိုင်သည်။

အပိုဒ် - ၃၁။

၁။ အမှုသည် နိုင်ငံအသီးသီး၏နိုင်ငံသားဖြစ်သော တရားသူကြီးများမှာ တရားရုံးသို့ ရောက်ရှိလာသော အမှုတွင် ပါဝင်ကြားနာ စစ်ဆေးပိုင်ခွင့် ရှိမြဲရှိစေရမည်။

၂။ တရားရုံး၏ တရားခွင်တွင် အမှုသည် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်သော တရားသူကြီးပါဝင်လျှင် တစ်ဖက်အမှုသည် နိုင်ငံတစ်နိုင်ငံသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား တရားသူကြီးအဖြစ်ဖြင့် ပါဝင်စေရန် ရွေးချယ်နိုင်သည်။ အဆိုပါ ပုဂ္ဂိုလ်ကို အပိုဒ် ၄ နှင့် ၅ တွင် ပြဋ္ဌာန်းထားသည်အတိုင်း တရားသူကြီးအရွေးခံသူအဖြစ် အမည်တင်သွင်းထားသူများ တည်းမှရွေးချယ်နိုင်လျှင် ရွေးချယ်ရမည်။

၃။ တရားရုံး၏ တရားခွင်တွင် အမှုသည်နိုင်ငံများ၏ နိုင်ငံသား ဖြစ်သော တရားသူကြီးများ မပါဝင်လျှင် ထိုအမှုသည် နိုင်ငံ အသီးသီးသည် ဤအပိုဒ်၏စာပိုဒ် ၂ တွင် ပြဋ္ဌာန်းထားသည်အတိုင်း တရားသူကြီး တစ်ဦးစီ ရွေးချယ်နိုင်သည်။

၄။ ဤအပိုဒ်ပါပြဋ္ဌာန်းချက်များသည် အပိုဒ် ၂၆ နှင့် ၂၉ ပါအမှုနှင့် သက်ဆိုင်ရမည်။ အဆိုပါအမှုမျိုးတွင် ဥက္ကဋ္ဌသည် ခုံအဖွဲ့တွင် ပါဝင်သည့် တရားရုံး၏ အဖွဲ့ဝင် တရားသူကြီး