Page:UN Charter (Burmese translation).djvu/61

From Wikisource
Jump to navigation Jump to search
This page has been proofread.

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုအား သော်လည်းကောင်း၊ ထိုပြဿနာနှင့် စပ်လျဉ်း၍ စာရေးသား ထွက်ဆိုချက်များကို ဥက္ကဋ္ဌ သတ်မှတ်သည့် အချိန်ကာလ အပိုင်းအခြားအတွင်း တရားရုံးက လက်ခံရန် အသင့်ရှိကြောင်းဖြင့် သို့မဟုတ် နှုတ်ဖြင့် ထွက်ဆိုချက်များကို ကြားနာရန် ကျင်းပမည့် တရားသဘင်၌ လူသိရှင်ကြား ကြားနာရန် အသင့်ရှိကြောင်းဖြင့် မော်ကွန်းထိန်းအရာရှိက အထူးအကြောင်းကြားစာ ပေးပို့၍တိုက်ရိုက် အကြောင်းကြားရမည်။

၃။ တရားရုံးသို့လာရောက်ဆိုင်ဆိုခွင့်ရှိသော အဆိုပါနိုင်ငံ တစ်နိုင်ငံသည် ဤအပိုဒ်၏ စာပိုဒ် - ၂ တွင် ရည်ညွှန်းထားသော အထူးအကြောင်းကြားစာကို မရရှိသဖြင့် စာရေးသားထွက်ဆိုချက်ကို တင်သွင်းလိုသည် ဟူ၍ သော်လည်းကောင်း၊ နှုတ်ဖြင့် ထွက်ဆိုချက်ကို ကြားနာစေလိုသည် ဟူ၍သော်လည်ကောင်း ထုတ်ဖော်တောင်းဆိုနိုင်သည်။ ယင်းတောင်းချက်နှင့် စပ်လျဉ်း၍ တရားရုံးက ဆုံးဖြတ်ရမည်။

၄။ နိုင်ငံများနှင့် အဖွဲ့အစည်းများက စာရေးသား ထွက်ဆိုချက်ကို သို့မဟုတ် နှုတ်ဖြင့်ထွက်ဆိုချက်ကို သို့မဟုတ် ထိုထွက်ဆိုချက် နှစ်ရပ်စလုံးကို တင်သွင်းထွက်ဆိုပြီးသည့်အခါ ထိုနိုင်ငံများနှင့် အဖွဲ့အစည်းများအား အခြားနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းများ၏ ထွက်ဆိုချက်များကို သီးခြားကိစ္စတစ်ခုစီတွင် တရားရုံးက သို့မဟုတ် တရားရုံးမထိုင်လျှင် ဥက္ကဋ္ဌက ဆုံးဖြတ်သည့် နည်းလမ်း အတိုင်း (သို့) ဆုံးဖြတ်သည့်အတိုင်းအတာအထိ (သို့) ဆုံးဖြတ်သည့် အချိန်အကန့်အသတ်အတွင်း ဝေဖန်ခွင့်ပြုရမည်။ သို့ဝေဖန်နိုင်စေရန် မော်ကွန်းထိန်းအရာရှိသည် အဆိုပါစာရေးသားထွက်ဆိုချက်များကို အလားတူထွက်ဆိုချက်များတင်သွင်းထားသည့် နိုင်ငံများနှင့်အဖွဲ့အစည်းများသို့ လိုအပ်သော အချိန်အတွင်းပေးပို့ရမည်။

အပိုဒ် - ၆၇။

တရားရုံးသည် မိမိ၏ အကြံပေးထင်မြင်ချက်များကို အတွင်းရေးမှူးချုပ်အားလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့၏ ကိုယ်စားလှယ်များအားလည်းကောင်း၊ တိုက်ရိုက်သက်ဆိုင်နေသော အခြားနိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအား လည်းကောင်း အကြောင်းကြားပြီးနောက် တရားခွင်တွင် လူသိရှင်ကြား ဖတ်ကြားရမည်။

အပိုဒ် - ၆၈။

တရားရုံးသည် မိမိ၏ အကြံပေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခုလက်ရှိ ဥပဒေပါပြဋ္ဌာန်းချက်များအနက် တစ်ဖက်နှင့် တစ်ဖက်အချင်းဖြစ်ပွားသော အမှုများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များအတိုင်း၊ သို့သက်ဆိုင်သည်ဟု မိမိက အသိအမှတ်ပြုထားသည့် အတိုင်းအတာအထိ လိုက်နာဆောင်ရွက်ရမည်။