Page:UN Charter (Burmese translation).djvu/43

From Wikisource
Jump to navigation Jump to search
This page has been proofread.

အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ

အပိုဒ် - ၁။

အပြည်ပြည်ဆိုင်ရာတရားရုံးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အဓိကတရားစီရင်ရေးအဖွဲ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်အရ တည်ထောင်ခဲ့သည့်အတိုင်း ယခုလက်ရှိဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်း၍ အလုပ်ဝတ္တရားဆောင်ရွက်စေရမည်။

အခန်း (၁) -
တရားရုံးဖွဲ့စည်းပုံ

အပိုဒ် - ၂။

တရားရုံးကို လွတ်လပ်သော တရားသူကြီးများဖြင့် ပူးပေါင်းဖွဲ့စည်းရမည်။ ထိုတရားသူကြီးများကို မိမိတို့ အသီးသီးဆိုင်ရာနိုင်ငံများတွင် အမြင့်ဆုံးသော တရားဌာန ရာထူးများ၌ ခန့်ထားရန်အတွက် လိုအပ်သော အရည်အချင်းများနှင့်ပြည်စုံသည့် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရာတွင် ပါရဂူဟု အသိအမှတ်ပြုထားသည့် ကိုယ်ကျင့်တရားအထူးကောင်းမွန်သော ပုဂ္ဂိုလ်များထဲမှ လူမျိုးမခွဲခြားပဲ ရွေးကောက်တင်မြှောက်ရမည်။

အပိုဒ် - ၃။

၁။ တရားရုံးတွင် အဖွဲ့ဝင် တရားသူကြီး တစ်ဆယ့် ငါးဦး ပါဝင်ရမည်။ တရားသူကြီးများတွင် တစ်နိုင်ငံတည်းမှ နိုင်ငံသား တစ်ဦးထက်ပို၍ ပါဝင်ခြင်းမရှိစေရ။

၂။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် တရားရုံးတွင် အဖွဲ့ဝင်တရားသူကြီးများဖြစ်ရေးကိစ္စအတွက် တစ်နိုင်ငံတည်းသာမဟုတ်ဘဲ နိုင်ငံများနှင့် သက်ဆိုင်သော နိုင်ငံသားဖြစ်သည်ဟု မှတ်ယူနိုင်သည့် ပုဂ္ဂိုလ်ဖြစ်လျှင် ထိုပုဂ္ဂိုလ်အား ပြည်သူ့ အခွင့်အရေးများနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ယင်းပုဂ္ဂိုလ်သာမန်အားဖြင့် ခံစားဆောင်ရွက်ရာ နိုင်ငံနှင့်သာ သက်ဆိုင်သော နိုင်ငံသားအဖြစ်မှတ်ယူရမည်။

အပိုဒ် - ၄။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများကို ပဋိပက္ခဖျန်ဖြေရေး၊ အမြဲတမ်းခုံရုံးတွင် ပါဝင်သည့် အမျိုးသားအဖွဲ့များက အမည်တင်သွင်းသော ပုဂ္ဂိုလ်များ စာရင်းတွင်ပါရှိသူများထံမှ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က အောက်ပါပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်တင်မြှောက်ရမည်။

၂။ ပဋိပက္ခဖျန်ဖြေရေး အမြဲတန်းခုံရုံးတွင် မပါဝင်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် စပ်လျဉ်း၍ တရားသူကြီးအဖြစ် အရွေးခံလိုသည့် ပုဂ္ဂိုလ်များကို ဤကိစ္စအလို့ငှာ သက်ဆိုင်ရာ အစိုးရများခန့်ထားသော အမျိုးသားအဖွဲ့များကပြည်ထောင်အချင်းချင်း အငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖျန်ဖြေရေးအတွက် ချုပ်ဆိုထားသော ၁၉၀၇ ခုနှစ်၊ ဟိဂ်သဘောတူစာချုပ် အပိုဒ် - ၄၄ အရ၊ ပဋိပက္ခဖျန်ဖြေရေး အမြဲတန်း ခုံရုံးဝင်များအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း အမည်တင်သွင်း ရမည်။

၃။ ယခုလက်ရှိဥပဒေတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံမဟုတ်လျှင် ထိုနိုင်ငံအား တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများ ရွေးကောက်တင်မြှောက်ရာတွင် ပါဝင်ဆောင်ရွက်စေရာ၌ လိုက်နာစေသော စည်းကမ်းချက်များကို အထူးသဘောတူ စာချုပ်ချုပ်ဆိုပြီး မရှိလျှင် အထွေထွေညီလာခံက လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် သတ်မှတ်ရမည်။