Page:UN Charter (Burmese translation).djvu/53

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် - ၃၆။

၁။ တရားရုံးမှာ မိမိအမှုသည် နိုင်ငံများက လွှဲအပ်သည့် အမှုအားလုံးကိုလည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်တွင်ဖြစ်စေ၊ တည်ဆဲစာချုပ်များနှင့် သဘောတူစာချုပ်များတွင်ဖြစ်စေ၊ အထူးပြဋ္ဌာန်းထားသော ကိစ္စအားလုံးကိုလည်းကောင်း စစ်ဆေးစီရင်ပိုင်ခွင့် အာဏာရှိသည်။

၂။ ယခုလက်ရှိ ဥပဒေနှင့် သက်ဆိုင်သည့် နိုင်ငံများသည် အောက်ပါအကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ အငြင်းပွားမှု အားလုံးတွင် တရားရုံး၏ စီရင်ခွင့် အာဏာကို အလားတူ လက်ခံရန်တာဝန်ယူသော အခြားနိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်၍ ယင်းသို့တာဝန်ယူသော အကြောင်းကြောင့် အထူးသဘောတူညီချက်မရှိဘဲ လက်မခံမနေရ အာဏာအဖြစ် အသိအမှတ်ပြုကြောင်းဖြင့် မည်သည့်အခါမဆို ကျေညာ နိုင်သည်။

(က) စာချုပ်တစ်ခုကို အဓိပ္ပါယ်ကောက်ယူသည့် ကိစ္စ။
(ခ) အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်သည့် ပြဿနာ တစ်ရပ်ရပ်။
(ဂ) သက်သေထင်ရှားလျှင် အပြည်ပြည်ဆိုင်ရာ တာဝန်ကို ဖောက်ဖျက်ရာရောက်မည့် အကြောင်းခြင်းရာ ဖြစ်ပေါ်သည့် ကိစ္စ။
(ဃ) အပြည်ပြည်ဆိုင်ရာ တာဝန်ဖောက်ဖျက်မှုအတွက် ပေးဆောင်ရမည့် လျော်ကြေးအမျိုးအစား၊ သို့မဟုတ် လျော်ကြေးငွေပေါင်း

၃။ အထက်တွင် ရည်ညွှန်းထားသော ကျေညာချက်များကို ခြွင်းချက်မရှိ ထုတ်ပြန်နိုင်သည်။ သို့မဟုတ် နိုင်ငံအများကသော်လည်းကောင်း၊ အချို့ကသော်လည်းကောင်း အပြန်အလှန် ထုတ်ပြန်ရမည်ဟူသော စည်းကမ်းချက်များဖြင့် ထုတ်ပြန်နိုင်သည်။ သို့မဟုတ် သတ်မှတ်ထားသော အချိန်ကာလအတွက် ထုတ်ပြန်နိုင်သည်။

၄။ အဆိုပါ ကျေညာချက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံတွင် အပ်နှံထားရမည်။ အတွင်းရေးမှူးချုပ်က ထိုကျေညာချက် မိတ္တူများကို ဤဥပဒေနှင့် သက်ဆိုင်သည့်နိုင်ငံများသို့ လည်းကောင်း၊ တရားရုံး၏ မော်ကွန်းထိန်း အရာရှိထံသို့လည်းကောင်း ပေးပို့ရမည်။

၅။ အပြည်ပြည်ဆိုင်ရာ အမြဲတန်း တရားရုံး၏ ဥပဒေ အပိုဒ် - ၃၆ အရ ထုတ်ပြန်ထားသော ကျေညာချက်များသည် အတည်ဖြစ်ဆဲပင်ရှိနေသေးလျှင် ယခုလက်ရှိဥပဒေနှင့် သက်ဆိုင်သော နိုင်ငံသည် အချင်းချင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ မလွှဲမသွေ စီရင်ပိုင်ခွင့်အာဏာကို ယင်းကျေညာချက်များ ဆက်လက်အတည် ဖြစ်နေဦးမည့် ကာလအပိုင်းအခြားအတွက် ထိုကျေညာချက်များပါ စည်းကမ်းချက်များနှင့် အညီလက်ခံသည့် ကျေညာချက်များ ဖြစ်သည်ဟု မှတ်ယူရမည်။

၆။ တရားရုံးတွင် စီရင်ပိုင်ခွင့် အာဏာ ရှိ - မရှိအငြင်းပွားလျှင် ထိုကိစ္စကို တရားရုံး၏ အဆုံးအဖြတ်ဖြင့် ဖြေရှင်းရမည်။

အပိုဒ် - ၃၇။

တည်ဆဲဖြစ်သောစာချုပ် သို့မဟုတ် သဘောတူ စာချုပ်တွင် ကိစ္စတစ်ရပ်ကို နိုင်ငံပေါင်းချုပ်အသင်းကြီးက ဖွဲ့စည်းထားသော ခုံရုံးဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ အမြဲတမ်း