Category:မေတ္တာစာ

From Wikisource
Jump to navigation Jump to search

မေတ္တာဆိုသည်မှာ ပါဠိဘာသာဖြစ်၍ မြန်မာလို "ချစ်ခင်တတ်သော သဘော - ချစ်ခင်တတ်သောစိတ်" ဟု ဆိုလိုသည်။

ကျမ်းဂန်များတွင် (မိဇ္ဇတိ သိနိယှသီတိ မေတ္တာ။ ။ ယာဓမ္မဇာတိ - အကြင်သဘောတရားသည်၊ မိဇ္ဇတိသိနယှတိ - ချစ်ခင်တတ်၏၊ ဣတိတသ္မာ - ထို့ကြောင့်၊ သာဓမ္မဇာတိ - ထိုသဘောတရားသည်၊ မေတ္တာ - မေတ္တာမည်၏၊ (ဝါ) ချစ်ခင်ခြင်းမည်၏။) ဟု ဝိဂြိုဟ်ပြုကာ ဖွင့်ဆိုကြသည်။

ထိုအချစ်သည် ...

၁။ ချစ်ခင်ခြင်း - မေတ္တာ

၂။ ချစ်မြတ်နိုးခြင်း - သဒ္ဓါ

၃။ ချစ်ကြိုက်ခြင်း - တဏှာ ...

ဟူ၍ ဆင်တူရိုးမှား သုံးစားရှိလေသည်။ ထိုသုံးစားတို့တွင် ဤမေတ္တာစာ အရာ၌ ချစ်ခင်ခြင်းမေတ္တာကိုသာ မေတ္တာဟု ဆိုရမည်။ ထို့ကြောင့် တဏှာရာဂမဖက် ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာသဘော သက်သက် ဖြင့်သာ ချစ်ခင်ဆက်ဆံ၍ နေကြကုန်သော ပုဂ္ဂိုလ်တို့သည် တဦးမှတဦးထံသို့ စာပေးစာယူပြုကြရာ၌ အဆိုပါ မေတ္တာကို အကြောင်းခံရှေ့ထား၍ ရေးသားစီကုံးသော စာကို "မေတ္တာစာ" ဟုခေါ်သည်။

မေတ္တာတရား ရှေ့ထား၍ ဆုံးမသြဝါဒရေးသားသော စာမျိုးသည်လည်းကောင်း၊ ရာဇဝတ်သင့်၍ အတိဒုက္ခ ရောက်သူ စသည်တို့အား ထိုအပြစ်ဘေးမှ ခွင့်လွှတ်ချမ်းသာပေးပါရန် တစုံတယောက်က ဆိုင်ရာသို့ မေတ္တာ ရပ်ခံသော စာမျိုးသည် လည်းကောင်း အထက်ဖော်ပြရာပါ မေတ္တာစာမျိုး၌ပင် အကျုံးဝင်ပြီးဖြစ်သောကြောင့် မေတ္တာစာပင် မည်ကုန်၏။ (နန္ဒမာလိနီ မှ ...)

ဝီကီပီးဒီးယားတွင် အသေးစိတ် ဖတ်ရှုရန်