မြတ်ကျက်သရေ-ချီ မှာတမ်း

From Wikisource
Jump to navigation Jump to search
"မြတ်ကျက်သရေ" ချီ မှာတမ်း
by ငစံသူ

မြတ်ကျက်သရေ နတ်မြုတေ ပရမေစံပွင့် လှမျိုးမြင့်ကို ညာဆင့်ဆင့်မိတ်ကြည်က ရွှေဗျာရည်ကြူမြွက်လို့ စံတော်မူဆောင်ချက်ကို အတင်တော်ဆက်လိုက်ပါတော့မယ်။

မြင်တိုင်းငယ်ဆင် တင်မယ်တင်မယ်နှင့် ပင်လယ်မ,ခြား။ ခင်းမလျော်မတော်လေသည်ခိုက်မို့ အလိုက်ကယ်ဘာသာဖြေရတယ် ထဲကြေရက်သား။

လှများရေရုပ် သမုဒ်နဒီ ဇာမရီကြေးမှုံကိုဖြင့် မြိုင်ပန်းစုံအကွေ့ တွေ့မြင်တော်အနီးတွင် ဇာတ်တော်ကြီးဆယ်စောင် မေသက်ဝယ်နှောင်ကထဲက ပေါ်ချွဲရောင်ရမက်နှင့် ခုထက်တိုင်ဖြေဆည်လို့ တည်ကြည်ဟန်ပုံမရသည်အဖြစ်များကိုဖြင့် သနားသူသိလေက အသေပင်မယူစားသော်လဲ အလကားမရှိပေဘူးထင်လိုက်ပါတယ်။

ရွေမျက်ချယ် ခြွေဘက်ကယ်ရာလှယ်မဲ့ ရွယ်ရည်တော်ထူး။ သနားပါ စံရာမှာထင်သာတော့မယ် သေးတော့နေမှူး။

ကြံကြူးသည်ဝိတက် ဘန်ကူးမိရက်ကယ်နှင့် စက်လို့လဲမပျော် နောက်တော်အလိုက် သိုက်မန်းမြေလက်ယာတွင် ရွှေမျက်နှာထွန်းသစ် မြမြတ်နှစ်ရတနာကို မရှုသာရှုသာနှင့် ရှုမြင်ရှာခဲ့ကထဲက မယ့်မောင်ကြီးအသဲမှာဖြင့် မစွဲဘူးသောအလွမ်း မကျွမ်းဘူးသောအပူ မတူဘူးသောအချစ် မဖြစ်တန်ဖြစ်သောကြောင့် သက်ခေတ္တအမြဲ အောင်သဘင်သည်ပွဲမှာ အရဲကြီးရဲမက်ကို စွဲရက်လို့စွန့်ရပါတော့တယ် မန္တလာမှန်ညာဘုံချက်မှာ ဆိုခက်ပျံ့မှူး။ ရှုတိုင်းငယ်ကြင် မြစက်ရှင်တသိန်နတ်ကို ညာမြတ်ကယ်ရည်တော်ဆောင်နှင့် မြဲနှောင်မဲ့ကူး။

ဓါတ်သိုက်ထူးမြရောင် မန်းသာခေါင်ဘွေချက်မှာ ရှေးအထက်မင်းလှ မြတ်ဓမ္မာသောက တည်ဦးစဓိဌာန် မြတ်အယံရုပ်ပွါးမှာ ရက်ထားလို့နေ့ဆုံ ရွှေသစ္စာမခြုံရကထဲက ပုလဲပွင့်စိန်တံနှင့် ရာသက်ပန်ပိုင်းဘဝတိုင်း နှံစက်ဝိုင်းပမာ ရွှေမေတ္တာရေစက် ပေါင်းဘက်တော်မကွာ ဖြစ်လိုရာရကောင်းလို့ မြတ်ဝံသနွယ်နှောင်းနှင့် တဘက်သတ်ဆုတောင်းမိခဲ့သည်အဖြစ်များကို တောင်ထားတော်နေ နတ်အဆွေတို့က ညာချွေမဲ့နောင်သက်ကို အိပ်မက်တော်ထင်ကောင်းပါငဲ့နော်။