Jump to content

နွား မေတ္တာစာ ၂

From Wikisource
နွားမေတ္တာစာ (1885 Dec)
by လယ်တီဆရာတော်
219305နွားမေတ္တာစာ1885 Decလယ်တီဆရာတော်

စက်လေးစုံတွင်သာ၊ မင်္ဂလာသမိုက်
အလုံမြို့အောက်တိုက်ဝယ်၊ သိုက်မြိုက်သည့်ဌာနေ
လှေကူးရွာဂါမဟု၊ ပါကဋကြေညာသည့်
ရွာမဟေရပ်ကြီးက၊ နတ်တီးသည့် စည်မုရိုးကဲ့သို့
အကျိုးဖြစ်ပွားရန်၊ တရားရင်းသုတ္တန်ကို
ဟုတ်မှန်တိုင်း လင်းသာအောင်
သတင်းစာ ပါးလိုက်ပါသည်။
ကြားကြားသမျှ အဆွေတိုဗျား။ ။

ခေတ်ကာလ ယခု၊ ဖြစ်လှာရ အမှုမှာ
ဘယ်သူ့ကို ကိုးစား၊ ဘယ်သူ့ကို အငြိုးထားမည်ဟု
ယွင်းမှားဖို့ မသင့်၊ စဉ်းစားဖို့ အခွင့်မှာ
ချိန်သင့်ခါ မှုန်းမည်ဟု၊ တတိုင်းလုံး ကြမ္မာ
ဝိပါက်ဟောင်း ပါသောကြောင့်
သာကီနွယ် သိန်းခြောက်သောင်း
ဆွေတော်မြတ်အပေါင်းတို့
သူ့မကောင်း မိစ္ဆာဉာဏ်၊ ဝိဋဋူဘေးရန်ကြောင့်
သဒ္ဓါလန်ပျက်ပြားရာ၊ မြတ်ဘုရားမုနိန်သည်
သုံးကြိမ်စေ့ မားမား၊ ကိုယ်တော်တိုင် ကြွသွား၍
တားသော်လည်း မရ၊ မရသော်လည်း မတတ်သာ
နတ်သိကြား ဗြဟ္မာ၊ နေအားသည့် တွက်တာဟု
ဆိုစရာ မရှိပြီ။

သာဝတ္တိပြည့်ရှင်၊ ဝိဋဋူဘုရင်လည်း
သာကီဝင် တပြည်လုံးကို
ဖျက်မှုန်းသည့်ကံအသစ်ကြောင့်
မြစ်ဂင်္ဂါရေလမ်းတွင်၊ ကြမ်းပတာပျက်ပြား၍
ငါးလိပ်တို့အစာ၊ ဖြစ်ဖူးသည့်ကျမ်းလာ
ဒေသနာအရှိနှင့်၊ ချိန်ညှိကာယူလိုက်လျှင်
ပျက်သူမှာ ဖြစ်လမ်း၊ ဖျက်သူမှာ နစ်မွမ်းဘို့
စခန်းဖြင့် ဆိုက်ချေသည်။

ထိုက်သက်ရင်း တရား၊ ခုဖြစ်ပုံ အလားကို
တရားနှင့် ညှိလိုက်သော်၊ မိဘနှင့် ဆရာ
ညာတကာ တစု၊ ကျေးဇူးပြု စီးပွားတက်
ခြောက်ဦးသားအတွက်မှာ၊ တသက်နှင့် တကိုယ်
မဖျက်ဘူး အလိုနှင့်၊ ဗြဟ္မစိုရ်တရား
လက်မကွာထားကြမှ၊ စီးပွားဟောင်း မပျက်
စီးပွားသစ် တိုးတက်၍၊ ချမ်းသာသက် ရှည်ရာသည်။

ခြောက်ဦးသည် ထိုသူကို၊ မကြည်ဖြူ မလေးစား
ဗြဟ္မစိုရ်ပါးခဲ့လျှင်၊ စီးပွားသစ် မတိုး
စီးပွားဟောင်းညှိုးသည့်ပြင်၊ ဘေးအမျိုးသောကနှင့်
မောရမည် တကယ်ဟု၊ အဓိပ္ပာယ်အရ
တရားမှန် ကျချေသည်။

မြန်မာ့နွယ်တော်ရိုး၊ ကျွန်ုပ်တို့လူမျိုးမှာ
ရှေးအရိုးဗြဟ္မစိုရ်၊ ကမ္ဘာစောင့် တရားကို
ယွင်းယိုသည့် အမှု ၊ သည်အချက် တခုနှင့်ပင်
ယခုလို ဖြစ်ရေး၊ တညင်းလုံး ခေတ်ဘေးကို
နှစ်မဝေး ဆက်လက်ကာ၊ တွေ့ကြလျက် နေပါသည်။

မိတ်သဟာ ဖြန့်ဖြူး၊ ဆိုခဲ့သည် ခြောက်ဦးထွက်
အထူးပင်ကွက်၍၊ တရားပျက်နာသည်မှာ
ကမ္ဘာနှင့်အမျှ၊ မြန်မာတို့ဒေသသည်
ဇင်္ဂလပြီပြီ၊ နွားကျွဲကို အားမှီလျက်
ဘိုးဘေးဘီအစဉ်၊ သက်မွေးမှု တွင်သည်မှာ
မျက်မြင်ပင် ဖြစ်ကြသည်။

သို့သနစ် အကြောင်းရင်း၊ သိကြလျက် အခင်းပါကို
သနားကွာ ဝေးသည့်၊ ငရဲခွေး အစာ
လူဒုဿီ ပြိတ္တာတို့၊ မိစ္ဆာနွယ် ယှဉ်ပူး၍
ကျေးဇူးပြု စီးပွားဖက်၊ မြန်မာနွယ် တဆက်
ကမ္ဘာက ဖက်ခဲ့သည့်၊ အသက်၏ သဏ္ဌာန်
မိတ်ရင်းစစ် မှန်လှသော၊ တိရစ္ဆာန်ကျွဲနွားကို
သားမယားမွေးမှုနှင့်၊ ကရုဏာ မကပ်ဘဲ
သတ်ဖြတ်၍ ရောင်းသူမှာ၊ လမ်းနှစ်ကြောင်း မရှိပြီ
အဝီစိအောက်ရွာမှာ၊ ကမ္ဘာကို ရက်တွက်၍
ထောင်တသက် သွားတော့မည်။

တရားကို စင်းစင်း၊ အများပင် လင်းသင့်ပြီ
ကျမ်းဝိဘင်း အဋ္ဌကထာ၊ တိုက်ရိုက်ကြီး အလာမှာ
ပါဏာတိပါတ၊ ပြုကြရာ ဌာနဝယ်
ကာယရှင် တခန်း၊ ချီးမွမ်း သူ တယောက်
ဝမ်းမြောက်သူ တဘက်၊ သုံးဦးသားအနက်တွင်
အကျိုးဆက် မတူကြ၊ ကာယကံဗာလမှာ
ချီးမွမ်းသူ ပြိတ္တာရောက်၊ ဝမ်းမြောက်သူ မနောကံမှာ
တိရစ္ဆာန်ဖြစ်စေဟု၊ ဝေပုံကျ အပြီး
ဆုံးဖြတ်ချက် သင်းသီးတွင်၊ ပစ္စည်းရှင် ဝယ်လူစုမှာ
ချီးမွမ်းမှု တစိတ်ပါ၊ ဝမ်းသာမှု တသွယ်ထွက်
နှစ်ပါးစုံ ရောယှက်လျင်
လက်သည်ထက် အပြစ်ကြီးသည်ဟု
ယူမှီးရန် ကျသော်လည်း
ကာယကံအရှင်နှင့်
တူလျင်ပင် မနဲပြီ
နောက်ဆွဲက လိုက်ရကြောင်းမှာ
တခုကောင်းအချက်၊ ဝမ်းသာမှုအတွက်နှင့်ပင်
ခွေးဝက်တို့အတွင်း၊ တိရစ္ဆာန်အသင်းမှာ
စာရင်းချုပ် ပါပြီဟု၊ ဌာကထာဝါကျ
အဓိပ္ပာယ်ရချေသည်။

ထောက်ဆရန် အမှုသွား၊ ယုတ္တိနှင့် ချင့်စားလျှင်
ရောင်းသမား ဝယ်သမား၊ နှစ်ဦးသား သဘောတူ
ဝယ်သူက မူလ၊ ရောင်းသူက ဘူတ
ဝယ်သူများမှ ရောင်းသူရွှင်
ရောင်းသူရွှင်မှ တွင်တွင်သတ်
နဘေထပ် လွန်းပေါင်းတင်
သည်အတိုင်းမြင်ကြလျက်
ဇွတ်ငင်သည့် တဏှာကြောင့်
ဟင်းလျာသည် ဆိုလျှင်ပင်
ခိုပြိုသည့်အတိုင်း
ဝိုင်းကြသည် ကျွက်ကျွက်ဆူ
သူမဝ ငါမရ၊ ငွေစကို တပြင်ပြင်
ချိန်ခွင်ကို တခါခါ၊ နှုတ်အာစရွှင်ရွှင်နှင့်
နက်ဖြန်လည်း လာပါနော်၊ သန်ဘက်လည်း မျှော်ပါမည်
ခေါ်ကြသူ တချို့၊ လက်တို့၍ မှာသူမှာ
ဟင်းလျာသည် လာခဲသည့်၊ စိတ်ထဲက တသူတ
သို့ဖြစ်၍ နေကြလျက်၊ ပါးစပ်က ပရိယာယ်
ရောင်းလာလို့ ဝယ်ပါသည်၊ ဘယ်အပြစ်ရှိမလဲဟု
အလွဲကို မဟနှင့်
ဝမ်းထဲက စိတ်သဘောကို
မပြောဘဲ ကုန်စင်အောင်
သိမြင်ရင်းဖြစ်ကြသည်။

ပစ္စည်းရှင် ဝယ်သူတို့၊ ကူပံ့သည့် အလား
ပေးလိုက်သည့် ဒင်္ဂါးလည်း၊ နွားရှာ၍ သွင်းသူနှင့်
စီးပွားတူလုပ်ဘက်၊ ငွေမြင်သည့်အတွက်နှင့်
သွက်သွက်လည် အတွင်ခိုး၊ လယ်တောင်သူတရိုးမှာ
နွားမျိုးစ ပြတ်လပ်၊ သားမယား အငတ်တွင်
မတ်တတ်မှိုင် ကြံမရ၍၊ ဓားပြသို့ ဝင်သူဝင်
သို့ဖြစ်အင် မူလမှာ၊ ဝယ်သူက အရင်း
ဟုတ်မဟုတ် မငြင်းနှင့်၊ ထင်အလင်း ဒိဋ္ဌ
မျက်မြင်ပင် ဖြစ်ကြသည်။

သည်ရသ တဏှာမွဲ၊ သူ အတင့်ရဲတိုင်းကို
အကဲက မသန်၊ ဇွတ်လှဲ၍ ခံကြလျင်
ပါယ်လေးတန် ဒုက္ခမှာ၊ မြုပ်ကြမည် စင်းစင်း
သည်တဏှာ ကင်းလျင်ပင်၊ တတောလင်း အမိုက်
သည်လောဘ စရိုက်ကို၊ အမြိုက်သီး အလား
အလိုက်ကြီး မှားကြလျှင်၊ ပါယ်လေးပါး ယမဘုံမှာ
အိမ်ထောင်စုံ ဆေးတော်ထိုး၊ ရိုးအမျိုး စာရင်းမှန်
ရွှေတိုက်တော် လက်ခံနှင့်၊ မပြန်တန်း စုပ်စုပ်
ကမ္ဘာနှင့် စာချုပ်၊ စုံးစုံးကြီး မြုပ်ကြမည်
မဟုတ်ဘူး မထင်နှင့်၊ မယုံလျင် ကိုယ်တွေ့မှ
ဆိုသ၍ မကဟု၊ လှလှကြီး သိလိမ့်မည်။

ဇာတ်နိပါတ်သက်သေကို၊ ရှာဖွေကာ ဆိုလိုက်လျှင်
အပိုအမိုများမည်ကြောင့်၊ တရားသား သက်သက်
စကားအား ညက်ညက်နှင့်၊ နားမျက်စိ မခိုသာအောင်
လိုရာကို ဖြောင့်လိုက်သည်။

ရောင့်တက်သည့် လောဘ၊ မနောကံဇောကျ၍
ဂေါမံသ ဟင်းလျာကို၊ သာယာ၍ စားမှသာ
ဆီအသား ဖွံ့ဖြိုး၊ ဉာဏ်ပညာ တိုးသည်ဟု
နှလုံးဆိုး စကားတတ်၊ ကတ်လျှင်သာ ကတ်ရမည်
သုတ်နိပါတ် ကျမ်းဂန်တွင်၊ နာဖျားရန်အကြောင်းဟု
ထုံးဟောင်းကို တွေ့ရသည်၊ အလေ့ဆိုး ဝသီဉာဉ်
သည်တဏှာ သူငင်၍၊ လူအရှင် ငုတ်တုတ်
ဟေမဝန် တောအုပ်မှာ၊ ပြိတ္တာရုပ် ဇာတ်ပေါ်၍
တအော်အော် နေရကြောင်း၊ ၎င်းပြင် အပါယ်ကျ
ဇာတ်ဝတ္ထု ဓမ္မမှာ
ကျောင်းတကာ့ ကျောင်းတိုင်းတွင်
ဆယ်ကြောင်းရေး ကိုးကြောင်းရေး
စာတိုက်ချင်း ယှက်ထွေးအောင်
မကွေးသာ မဆန့်သာ၊ ပေါများလှပါသည်။

သည်တဏှာ စရိုက်ကို၊ အလိုက်ကြီး မှားကြလျှင်
နွားသတ်တို့ သွားရာ၊ နောက်တော်လိုက် ပါပြီးလျှင်
ပြိတ္တာဘုံတောအုပ်မှာ၊ နွားရုပ်သွင် အထူးနှင့်
တဗူးဗူး တဗဲဗဲ၊ မစဲအောင် တွန်မြည်လျက်
နှစ်အရှည် မောကြသည်၊ သို့သဘော တန္တိ
အမှန်ကို သိကြ၍၊ ပကတိ အရိုး
ဟင်းသီးမျိုး ဟင်းရွက်မျိုး၊ ကောင်းနိုးရာ ရှာကြံ၍
ဆီအတန် ဆားအထိုက်၊ မွမ်းမံဖွယ်အလိုက်နှင့်
သိုက်မြိုက်စွာ စီရင်၍၊ သူတော်စင် အနှုန်း
စိတ်သတ်၍ သုံးပါလျှင်၊ အဆုံးတိုင် မြိန်ရှက်
ဆီအသား တက်ပါသည်၊ စက္ကဝက် ငှက်မင်း
အလောင်းတော် ကျေးသင်းတို့ 
တင်းကြသည့် ထုံးနည်းနှင့်
လုံးလုံးကြီး မထပ်ညားသော်လည်း
တတ်အာရုံ ခြိုးခြံလျှင်၊ အကျိုးတန် ပေးပါသည်။

ကျေးသူတော် ထုံးဟောင်းကို
ကောင်းကောင်းကြီး အားပြု၍
သည်ဝတ္ထု အသားထူးကို မစားဘူး ဧကန်ဟု
အဓိဋ္ဌာန် ပြီပြီ၊ သည်အတိုင်း ညီပါလျှင်
ပါရမီဆယ်ပြားလည်း၊ မလိုကာ ရမှု
အကုန်လုံးစု ပါသည်။

ယခုအခါခေတ်အတွင်းမှာ
နွားသားဟင်း ကျွဲသားဟင်း
အသန့်ပင်လွှတ်ကင်းအောင်
ကျွန်ုပ်တို့လည်း ရှောင်ပါသည်။

သူတော်ယောင် မဟုတ်၊ သူတော်စဉ် လုပ်ရန်ဖို့
ကျွန်ုပ်တို့ထပ်တူ၊ သဘောထားဖြူကြပါ
လူတို့လို တီတီတာတာ၊ မပြောတတ်ရှာကြ၍
ငုတ်တုတ်သာ မလှန်ပြန်၊ ပြုသမျှ ခံရသည်
ဌာန်ကရိုဏ်း ပြတ်သား၊ နှုတ်လျှာမူ တတ်အားလျင်
နွားတို့က ဆိုကြရန်၊ ခွင့်ရှိသည် အမှန်မှာ-

မြန်မာနှင့် ကုလား
နှစ်ပြည်ထောင် တိုင်းသားတို့
ဖြစ်ပွားသည့် တွက်တာသည်
ငါတို့မှာ သေတ္တု
အကုန်လုံး စုချေသည်။

သူတို့ဘေး သူတို့ဘိုး
(သူတို့နွယ် တရိုးမှာ)
တမျိုးလုံး တဆွေလုံး
သူတို့တိုင် မဆုံး
တို့တတွေ ပခုံးမှာ
မီးဟုန်းဟုန်း ထမတတ်
တို့လုံ့လ တို့စွမ်းအန်
တို့အပင်ပန်း ခံနိုင်လို့
ဆန်စပါး ပြောင်းနှမ်း
ဗူးခယမ်း ပဲအမျိုး
မြေပြင်လုံး မောက်ဖြိုးအောင်
တိုးတက်သည့် ဘဏ္ဍာနှင့်
လိုရာတိုင်း ပြည့်စုံ
ကုန်လုံကြ အသီးသီး
ကျောင်းကြီးဆောက် ဘုရားတယ်
တတိုင်းလုံး ကြွယ်သည်ကို
ဘယ်သူက အရင်းဟု
စဉ်းစားဘွယ် မရှိ
ထင်အလင်း သိပါလျက်
သတိပင် မပေါ်
ကျေးဇူးကို မမျှော် (မမြော်)
စိတ်အချော် တိမ်းပါး
မိတ်မတော် စိမ်းကားလျက်
တို့အသား တို့အသဲ
တို့အဆီ ရွှဲရွှဲကို
ထမင်းပွဲ အလယ်
အနင့်သား တယ်ပြီးလျှင်
ရယ်ကာနှင့် ပြုံးကာ
အရသာ ခံစား၍
လင်မယား တတွေ
စားကြသည့် ဖြစ်ထွေမှာ
မြိန်ရက်ပေ့ သူတို့ကိုယ်
မျိုရက်ပေ့ သူ့ခံတွင်း
တို့လုပ်သည့် ထမင်းကို
တို့ဟင်းလျာ အသားနှင့်
စားကြသည့် ဖြစ်နဲကို
အသဲက နာလိုက်ကဲ့
ကမ္ဘာဦး စတင်
ထက်ကာရီ ယခင်က
ချေ သမင် တောသား
အများတို့ ထုံးစံ
တိရစ္ဆာန် စရိုက်
တို့ဘာသာ တသိုက်
အလိုက်များ နေခဲ့ကြလျှင်
မသေမီ စပ်ကြား
အိပ်ချင်အိပ် စားချင်စား
သွားချင်သွား လာချင်လာ
အပုံကြီး ချမ်းသာမည်။

ယခုမှာ လားလား
အဓမ္မလူသားနှင့်
စီးပွားတူ ချမ်းသာဖက်
ခိုမိသည့် အတွက်ကြောင့်
တက်တက်ကြီး အကုန်မှောက်
မှားသလောက် မပြောသာ
သက်ခန္ဓာ ရှိစဉ်လည်း
မချိအောင် စေစား
တို့ကိုယ်ကောင့် အသားကို
ဟင်းတပါး ပြုလုပ် (သတ်၍လုပ်)
ဘယ်ကလောက် မဟုတ်အောင်
(ဘယ်သင်းက ဟုတ်သေးတုန်း)
ယုတ်မာသည့် ဖြစ်လား
သည်လောက်တောင် ရိုင်းငြားသည့်
လူသားတို့ လက်ထဲတွင်
ဖွဲ ပြောင်းရိုး မြက် ရေ
သုံးစား၍ နေရသည်ထက်
တောကျားတွေ ပါးစပ်မှာ
ခေါင်းပြတ်၍ သေရခြင်းသည်
လွန်အမင်း မြတ်သေး၏။

ရှေးအထက်ကာရီ
ပဝေဏီ အခြေက
ရေလိုက်ကြီး မှောက်မှား၍
တို့နောက်သား တစုမှာ
လူ့ဘီလူး အစာ
ဟင်းလျာတယ် အပြီး
ဗူးသီးနှင့် ကြုံလိုကြုံ
ဖရုံနှင့် ညားလိုညား
သခွားနှင့် တွဲလိုတွဲ
ချိုတနဲ ချဉ်တထွေ
တို့ဖြစ်ပုံ အနေနှယ်
သေလျှင်လည်း လတ်တလော
ရှင်စဉ်လည်း ဖတ်ဖတ်မော
အဟောဒုက္ခ
ဘယ်အခါတွင်မှ
သက်သာရာ မရအောင်
တို့ကြမ္မာ ဖြစ်နဲကို (ပြုနဲကို)
အသဲထိ နာလိုက်ပါဘိ
ဉာတကာ တသင်း
မိတ်ဆွေရင်းတို့ … ဟု
နွားအချင်းချင်း ဆိုကြရန်
ခွင့်ရှိသည် အမှန်ပင်။

သနားရန်တာလမ်း၊ ရှိသမျှစခန်းကို
ဆုံးကမ်းရောက် မျှော်ခေါ်၍၊ မသူတော်စရိုက်
ထွန်းကားသည်အခိုက်ကို
အလိုက်သင့် အရှောင်ကောင်းနိုင်မှ
နောက်နှောင်းကို ချမ်းသာ၍
နတ်ရွာမှာ အတူတွေ့ကြရအောင်
အလေ့ကောင်းရှင်းရှင်း
စိတ်သဒ္ဓါ စင်းစင်းနှင့်
သတင်းစာ ပါးလိုက်ပါသည်
ကြားကြားသမျှ မိတ်ဆွေတို့ဗျား။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.