လူမထွက်ကြစေကြောင်း မေတ္တာစာ

From Wikisource
Jump to navigation Jump to search
လူမထွက်ကြစေကြောင်း မေတ္တာစာ
by စလေ ဦးပုည

ဖြူဖြူဝါဝါ၊ ပြာပြာစိမ်းစိမ်း၊ ရွှေနံ့သာ ရင်မှာလိမ်း၍ ပိန်းရိုက်လို့လာလာ
ပဒုမ္မာကြာစစ်ကို၊ လှစ်၍ပင်ပြပြ
ကကခုန်ခုန် ၊ ပန်းနှစ်ငုံခိုင်လွှာကို ၊ ဗလာပင် ထားထား
ပါးဆီကတစ်ခွင်၊ ဆံစည်ဗျာကိုက်၊ ပန်းစိုက်၍ လာလာ
ကေသာလောမာ၊ ဒွတ္တိံသာဟု၊ အနတ္တလက္ခဏာ၊ တရားနှင့်ရှာသောအခါ
ဘာမှမဟုတ်၊ ရေအိမ်ဟောင်းပုပ်သည့်နှယ်၊ စက်ဆုပ်စရာ၊ ထိုခြင်းရာကို၊ ဉာဏ်မှာအပြစ် မြင်တရှင့်။

ရွှင်ရွှင်ပါးပါး၊ ထင်ယောင်မှားနှင့်၊ ညီဖွား မောင်တို့မှာ
ပဗ္ဗဇိတာဘာဝေါ ဒုလ္လဘောဟု၊ မိန့်ဟောအမှန်၊ လာရှိဟန်ကို၊
ဧကန်မပွား၊ ချင့်ထောက်ထားရမည်၊
တရားကျမ်းအရလည်း၊ သမ္ပယောဂ သိနေဟနှင့်၊
ချစ်လှသည့်ပြည့်ဝကို ၊ ပသာဒသင်္ဂဟော၊
ဘုံပျံလျော၍၊ တောကြီးမြိုင်ခွင်၊ ခြုံထဲဝင်သည့်နှယ်၊
မကြင်မချစ် မမြစ်ကို ပစ်ထား၍၊ အယုတ်ကို သွားရမည်ဖြစ်သောကြောင့်၊
ယဉ်လှသည့် ညီကလျာ တင့်ရဲတော်မူပါနှင့်။

ဝါတော်ကနုနယ်၊ ရွယ်တော်ကပျို၊ ကိုယ်တော်က နုနု၊
ခုနှယ်ချိန်များကို၊ ကိုယ်တွင်းဉာဏ် လှည့်စား၍ ၊
မှားပါမည်အကြံ၊ လန်ပါမည်တပ်တော်၊ ချော်ပါမည်တပ်စွဲ၊
ထောင့်ငါးရာသူရဲကို၊ အောင်ပွဲဇယ၊ အောင်တပ်ကြီးချမည်ကြောင့်၊
ဝါယမစွမ်းအား၊ သတိတော်ထားပြီးလျှင်၊
တရားနှင့်ချိန်ထွင်၊ ဉာဏ်တော်နှင့် ဆင်ခြင်၍၊
ညီအရှင်အများ၊ အပျိုဖြူလွင်လွင်၊
မြင်ရုံနှင့် ထင်ရှား၊ လိုက်ယောင်မှားချေက၊
ကျားမိသည့်ခွေး၊ လေးမိသည့်စွန်၊ ကွန်မိသည့်ငါးမိုက်၊
ပိုက်မိသည့်ရွှေယုန်၊ ဆင်းရဲပေါင်းကြုံလိမ့်မည်၊
လူဘုံတွင်တစ ၊ ဒုက္ခရာရာတွေ့မည့်တာကြောင့်၊
ပညာနှင့်တွေးမျှော်၊ သံဝေတော်ပိုက်ဖြား၍၊
သတိတော်ထားစေချင်ကြောင်းများကို ကြားမှာလိုက်ရပေသတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse