နွားမေတ္တာစာ

From Wikisource
Jump to navigation Jump to search
နွားမေတ္တာစာ
by လယ်တီဆရာတော်

လူတို့လို တီတာတာ၊ မပြောတတ် ရှာကြလို့
ငုတ်တုတ်သာ မပြန်လှန်၊ ပြုသမျှ ခံရသည်
ဌာန်ကရိုဏ်း ပြတ်သား၊ နှုတ်လျာများ တတ်အားလျှင်
နွားတို့ဆိုရန်၊ ခွင့်ရှိသည် အမှန်မှာ...
မြန်မာနှင့်ကုလား၊ နှစ်ပြည်ထောင် တိုင်းသားတို့
ဖြစ်ပွားသည့် တွက်တာသည်၊ ငါတို့မှာသတ္တု
သူတို့ဘေး သူတို့ဘိုး၊ သူတို့နွယ်တစ်ရိုး
တစ်မျိုးလုံးတစ်ဆွေလုံး၊ သူတို့တိုင် မဆုံး
ဒို့တစ်တွေ ပုခုံးမှာ၊ မီးဟုန်းဟုန်း ထမတတ်
ဒို့လုံ့လ ဒို့စွမ်းအန်၊ ဒို့အပင်ပန်းခံနိုင်လို့
အကုန်လုံး စုချေသည် ။
ဆန်စပါး ပြောင်း နှမ်း၊ ဗူး ခရမ်း ပဲမျိုး
မြေပြင်လုံး ဖြိုးမောက်အောင်၊ တိုးတက်သည့် ဘဏ္ဍနှင့်
လိုရာတိုင်း ပြည့်စုံ၊ ကုံလုံကြအသီးသီး
ကျောင်းကြီးဆောက် ဘုရားတည်
တစ်တိုင်းလုံးကြွယ်သည်မှာ၊ ဘယ်သူက အရင်းဟု
စဉ်းစားဖွယ်မရှိ၊ ထင်အလင်း သိပါလျှက်
သတိပင်မပေါ်၊ ကျေးဇူးကို မမျှော်........
စိတ်အချော် တိမ်းပါး၊ မိတ်မတော် စိမ်းကားလျက်
ဒို့အသား ဒို့အသဲ၊ ဒို့အဆီ ရွှဲရွှဲကို
ထမင်းပွဲ အလယ်၊ အနင့်သားတယ် ပြီးလျှင်
ရယ်ကာနှင့်ပြုံးကာ၊ အရသာ ခံစား၍
လင်မယားတတွေ၊ မြုံ့ကြသည့် အနေမှာ
မြဲနိုင်ပေ့ သူတို့ကိုယ်၊ မျိုရက်ပေ့ သူ့ခံတွင်း
ဒို့....လုပ်သည့် ထမင်းကို၊ ဒို့ဟင်းလျာ အသားနှင့်
စားကြသည့် ဖြစ်နဲကို၊ ဒို့အသဲနာလိုက်ကဲ့.......

PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.