၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ  (1974) 
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများလည်းရှု
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်ကောင်စီ
နိုင်ငံတော်အလံဥပဒေ
[၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁။]
ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။

(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အောက်ဖေါ်ပြပါဥပဒေကိုထုတ်ပြန်ကြေညာသည်။

နိဒါန်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံကိုယင်း၏ ဂုဏ်ကျက်သရေနှင့် အညီထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စည်းကမ်းတကျအသုံးပြုနိုင်ကြစေရန် ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း ၁
အမည်၊ စတင်အာဏာတည်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို နိုင်ငံတော်အလံဥပဒေ ဟုခေါ်တွင်စေရမည်၊

(ခ) ဤဥပဒေသည်နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။

၂။ ဤဥပဒေ၌နိုင်ငံတော်အလံ ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ ၁၉၀ အရပြဋ္ဌာန်းသတ်မှတ်ထားသော အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုးတို့ပါဝင်သည့်အလံကိုဆိုသည်။ ထို့အပြင်အဆိုပါစကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆိုပြုလုပ်သည့်၊ သို့မဟုတ်မည်သည့်အရာဝတ္ထု ပေါ်တွင်မဆိုဖော်ပြသည့်မည်သူမဆို သာမန်ကြည့်ရုံဖြင့်သိသာယုံကြည်လောက်အောင် နိုင်ငံတော်အလံ သဘောသက်ရောက်သော အလံတခုလုံးဖြစ်စေ၊ အစိတ်အပိုင်းဖြစ်စေပါဝင်သည်။

အခန်း ၂
နိုင်ငံတော်အလံလွှင့်ထူခြင်း

၃။ နိုင်ငံတော်အလံကိုပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတဝန်းလုံးရှိ အစိုးရအဆောက်အဦများ၊ နိုင်ငံအသီးသီးရှိမြန်မာနိုင်ငံသံရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် အောက်ပါနေ့ကြီးရက်ကြီးများ၌ လွှင့်ထူရမည်-

(က) လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်)၊
(ခ) ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)၊
(ဂ) တောင်သူလယ်သမားနေ့ (မတ်လ ၂ ရက်)၊
(ဃ) တော်လှန်ရေးနေ့ (မတ်လ ၂၇ ရက်)၊
(င) အလုပ်သမားနေ့ (မေလ ၁ ရက်)၊
(စ) အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်)၊
(ဆ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာကြေညာသည့်နေ့ရက်များ။
မှတ်ချက်။ ။ အာဇာနည်နေ့တွင်နိုင်ငံတော်အလံကို တိုင်ဝက်သာလွှင့်ထူရမည်။

၄။ ပုဒ်မ ၃ တွင်ဖော်ပြထားသည့်နေ့ကြီးရက်ကြီးများနှင့် နိုင်ငံတော်ကောင်စီက ကြေညာသည့်နေ့ရက်များ၌ နေအိမ်အဆောက်အဦများတွင်လည်းကောင်း၊ ဥပစာများတွင်လည်းကောင်း နိုင်ငံတော်အလံကို လွှင့်ထူနိုင်သည်။

အခန်း ၃
တားမြစ်ချက်နှင့်ပြစ်ဒဏ်

၅။ မည်သူမဆိုနိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါတို့ကိုမပြုလုပ်ရ_

(က) ခင်းကျင်းဆင်ယင်ပြသရန်အလို့ငှာ နိုင်ငံတော်အလံပေါ်တွင်မည်သည့်စာလုံး၊ ဂဏန်း၊ ရုပ်ပုံစသောအမှတ် အသားတို့ကိုမဆို ရေးသားချယ်လှယ်ပြုလုပ်ထားရှိခြင်း၊ သို့မဟုတ်ထားရှိစေခြင်း၊
(ခ) နိုင်ငံတော်အလံပေါ်တွင်စာလုံး၊ ဂဏန်း၊ ရုပ်ပုံစသောအမှတ်အသားတခုခုကိုပုံနှိပ်၍ အများမြင်သာအောင်ပြသထားခြင်း၊ သို့မဟုတ်ပြသထားစေခြင်း၊
(ဂ) စာလုံး၊ ဂဏန်း၊ ရုပ်ပုံစသောအမှတ်အသားတခုခုကို နိုင်ငံတော်အလံနှင့်ပူးတွဲဆက်စပ်တွယ်ကပ်၍ အများမြင်သာအောင်ပြသထားခြင်း၊ သို့မဟုတ်ပြသထားစေခြင်း၊
(ဃ) ကြော်ငြာရန်၊ မွမ်းမံချယ်လှယ်ရန်၊ ကုန်ပစ္စည်းအမှတ်အသားပြုရန်၊ သို့မဟုတ်ကုန်ပစ္စည်းတခု နှင့်တခုကွဲပြားခြားနားစေရန်၊ နိုင်ငံတော်အလံ၏ပုံသဏ္ဌာန်ကိုပုံနှိပ်၊ ဆေးခြယ်ပူးတွဲထားရှိသည့် ကုန်ပစ္စည်းတခုခုကိုဖြစ်စေ၊ ကုန်ပစ္စည်းတခုခုကိုထားသိုရာစည်၊ သေတ္တာစသည်များကိုဖြစ်စေ၊ ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရန် အသုံးပြုသည့်အရာဝတ္ထုတခုခုကိုဖြစ်စေ ပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ အများမြင်သာအောင် ခင်းကျင်းဆင်ယင်ပြသထားခြင်း၊ လက်ဝယ်ထားရှိခြင်း၊
(င) နိုင်ငံတော်အလံကိုဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ အဆင်းသဏ္ဌာန်ပျက်ပြားအောင်ပြုခြင်း၊ ဂုဏ်ကျက်သရေပျက်ပြားအောင် တမင်သက်သက်ပြုခြင်း၊ မလေးမစားပြုခြင်း။

၆။ ဤဥပဒေပါပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤဥပဒေအရပြုသည့်နည်းဥပဒေများပါ ပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ ကျူးလွန်သူသည် ခြောက်လထက်မများသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေအပြစ်ပေးခြင်းခံရမည်။

အခန်း ၄
အထွေထွေ

၇။ ပြည်သူ့လွှတ်တော်သည်နိုင်ငံတော်အလံလွှင့်ထူအသုံးပြုနိုင်သည့် အဆောက်အဦများ၊ နေရာဌာနများနှင့် လွှင့်ထူအသုံးပြုရာတွင်လိုက်နာရမည့် အချက်များကိုလည်းကောင်း၊ နိုင်ငံတော်အလံလွှင့်ထူ ကိုင်ဆောင်အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တားမြစ်ချက်များကိုလည်းကောင်း၊ နိုင်ငံတော်အလံနှင့် စပ်လျဉ်းသည့် အခြားကိစ္စအရပ်ရပ်များကိုလည်းကောင်း နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။

၈။ ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။

(ပုံ) နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။ (၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အမိန့်အရ၊
ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီရုံး။