၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ

From Wikisource
Jump to navigation Jump to search
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ  (1974) 
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေလည်းရှု
ပြင်ဆင်ချက်နည်းဥပဒေလည်းရှု
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်ကောင်စီ
နိုင်ငံတော်အလံ နည်းဥပဒေများ
[၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေများ အမှတ် ၁။]
ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။

(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အောက်ဖေါ်ပြပါနည်းဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း

နိုင်ငံတော်အလံဥပဒေပုဒ်မ ၇ ဖြင့်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို သုံးစွဲလျက်၊ ပြည်သူ့ လွှတ်တော်သည် နိုင်ငံတော်အလံ အသုံးပြုခြင်း၊ လွှင့်ထူခြင်း၊ ဆင်ယင်ပြသခြင်းနှင့် စပ်လျဉ်း၍ အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁
အမည်၊ အာဏာတည်သည့် နေ့ရက်

၁။ (က) ဤနည်းဥပဒေများကို နိုင်ငံတော်အလံ နည်းဥပဒေများဟု ခေါ်တွင်စေရမည်၊

(ခ) ဤနည်းဥပဒေများသည် နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
အခန်း ၂
နိုင်ငံတော်အလံ၏ အရွယ်အစားနှင့် အရောင်အသွေး

၂။ နိုင်ငံတော်အလံ၏ အရွယ်အစား၊ အတိုင်းအတာ၊ အရောင်အသွေး စသည်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) နိုင်ငံတော်အလံသည် ဒေါင့်မှန်စတုဂံပုံဖြစ်ပြီး၊ အလျား ၉ ပေ (၂၇၄.၃၂ စင်တီမီတာ) နှင့် အနံ ၅ ပေ (၁၅၂.၄ စင်တီမီတာ) ရှိသည်၊
(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အနီရောင်ဖြစ်ပြီး၊ လက်ဝဲဖက်အထက် ဒေါင့်အလျား ၄ ပေ (၁၂၁.၉၂ စင်တီမီတာ) ခန့်၊ အနံ ၂ ပေ ၆ လက်မ (၇၆.၂ စင်တီမီတာ) ခန့်ရှိ အပြာရင့်ရောင်၊ လေးဒေါင့် ခန်းအောက်ခံ၍ အရွယ်တူကြယ်ဖြူ ၁၄ လုံးဝန်းရံထားသော ပင်နီယံနှင့် စပါးနှံရှိသည်၊
(ဂ) ပင်နီယံ၏ဗဟိုချက်မှာ အပြာရင့်ခန်း၏ ဗဟိုချက်ဖြစ်ပြီး၊ ပင်နီယံ၏အတွင်းခွေအနားကို အချင်း ဝက် ၄ လက်မ (၁၀.၁၆ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း၊ အလယ်ခွေအနားကို အချင်းဝက် ၆.၅ လက်မ (၁၆.၅၁ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း၊ အပြင်ခွေအနားကို အချင်းဝက် ၈ လက်မ (၂၀.၃၂ စင်တီမီတာ) ခန့်ဖြင့်လည်းကောင်း အသီးသီးဆွဲသားထားသော စက်ဝန်းများဖြစ်သည်၊
(ဃ) ပင်နီယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ စိတ်ရှိသည်။ စက်သွားစိတ်တစိတ်၏ အောက်ခြေ အကျယ်မှာ ၁.၇ လက်မ (၄.၃၂ စင်တီမီတာ) ခန့်ဖြစ်သည်။ စက်သွားစိတ်တစိတ်နှင့်တစိတ် ၏အောက်ခြေအကွာအဝေးမှာ ၁.၂ လက်မ (၃.၀၅ စင်တီမီတာ) ခန့်ဖြစ်သည်။ စက်သွားစိတ်တစိတ်စီ၏ ထိပ်မျက်နှာပြင်အကျယ်သည် ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ခန့်ဖြစ်သည်။ စက်သွားစိတ်တစိတ်စီ၏ အမြင့်မှာ ၁.၅ လက်မ (၃.၈၁ စင်တီမီတာ) ခန့်ဖြစ်သည်၊
(င) ပင်နီယံအတွင်း၌ စပါးနှံ နှစ်ခက်ရှိသည်။ ယင်းစပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများသည် အောက်ဖက်တည့်တည့်သို့ မျက်နှာမူနေသည့် စက်သွားစိတ်မှ အထက်သို့ ထောင်တက် သွားသည်။ လက်ဝဲဖက်စပါးနှံ၏ အဖျားပိုင်းသည် အထက်ဖက်တည့်တည့်တွင် ရှိသောစက်သွားစိတ်နှင့် ယင်း၏လက်ဝဲဖက်ရှိသော စက်သွားစိတ်တို့၏ အကြားသို့ ကိုင်းညွတ်၍ဝင်နေသည်။ လက်ျာဖက်စပါးနှံ ၏အဖျားသည် အထက်တည့်တည့်ရှိစက်သွားစိတ်နှင့် ယင်း၏လက်ျာဖက်ရှိ စက်သွားစိတ်တို့၏အကြား ပင်နီယံဗျက်၏ အလယ်ခန့်တွင် လက်ဝဲဖက်သို့ အနည်းငယ်ကိုင်းညွတ်လျက်ရှိသည်။ စပါးနှံများ၏ တဘက်တချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။ လက်ဝဲဖက်အထက်စပါးရွက်သည် စပါးနှံများအခြေခံ ရာစက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော် တတိယနှင့်စတုတ္ထ စက်သွားစိတ်အကြားနှင့်တည့်တည့် ရှိသောစပါးစေ့မှ ကပ်လျက် လက်ဝဲဖက်သို့ အနည်းငယ်စောင်းကာတက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော်ပထမနှင့်ဒုတိယစက်သွားစိတ်တို့အကြား ပင်နီယံဗျက်၏ အလယ်တွင်စပါးရွက်သည်အောက်ဖက်သို့ ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက် ၏ထိပ်အဖျားသည် လက်ဝဲဖက် တတိယစက်သွားစိတ်၏ အောက်ခြေတွင် ကျရောက်လျက်ရှိသည်။ လက်ဝဲဖက်အောက် စပါးရွက်သည်စပါးနှံအခြေခံရာ စက်သွားစိတ်မှနေ၍ အထက်သို့တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ဝဲဖက်ခြမ်း အလယ်ခန့်မှနေ၍ အောက်သို့ကိုင်းညွတ် ကျဆင်းသွားပြီး ယင်းစပါးရွက်၏ထိပ်အဖျားသည် စပါးနှံများအခြေခံရာ စက်သွားစိတ်မှ လက်ဝဲဖက်သို့ ရေတွက်သော် ဒုတိယ စက်သွားစိတ်၏ အောက်ခြေအပေါ်ပိုင်း ခန့်တွင်ကျရောက်လျက်ရှိသည်။ လက်ျာ ဖက်အထက်စပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ျာဖက်သို့ရေတွက်သော် တတိယ စက်သွားစိတ်အောက်ခြေနှင့် တည့်တည့်ရှိသော စပါးစေ့မှကပ်လျက် လက်ျာဖက်သို့ အနည်းငယ်စောင်း ကာတက်သွားသည်။ ထိုစပါးရွက်သည် ထိပ်တည့်တည့်ရှိ စက်သွားစိတ်မှ လက်ျာဖက်သို့ရေတွက်သော် ဒုတိယစက်သွားစိတ်၏ အောက်ခြေပင်နီယံဗျက်၏ အလယ်ခန့်မှအောက်ဘက်သို့ ကိုင်းညွတ်ကျဆင်း သွားပြီးယင်းစပါးရွက်၏ ထိပ်အဖျားသည် လက်ျာဘက်ရှိ တတိယနှင့်စတုတ္ထစက်သွားစိတ်တို့ အကြား တွင်ကျရောက်လျက်ရှိသည်။ လက်ျာဘက်အောက်စပါးရွက်သည် စပါးနှံအခြေခံရာ စက်သွားစိတ်မှနေ၍ အထက်သို့ တက်သွားသည်။ ထိုစပါးရွက်သည် ပင်နီယံအတွင်းခွေ၏ လက်ျာဘက်ခြမ်း အလယ်ခန့်မှနေ ၍အောက်သို့ကိုင်းညွတ်ကျဆင်းသွားပြီး ယင်းစပါးရွက်၏ ထိပ်အဖျားသည် စပါးနှံများအခြေခံရာ စက်သွားစိတ်မှ လက်ျာဖက်သို့ ရေတွက်သော် ဒုတိယစက်သွားစိတ်၏ အောက်ခြေအပေါ်ပိုင်းခန့်တွင် ကျရောက်လျက်ရှိသည်၊
ရှင်းလင်းချက်။ ။ လက်ဝဲဖက်၊ လက်ျာဖက်ဟုဆိုရာ၌ အလံကိုရှေ့မှ ကြည့်သူ၏ လက်ဝဲဖက်၊ လက်ျာ ဖက်ကိုဆိုသည်။
(စ) ကြယ်များသည် စက်သွားစိတ်တခုစီ၏ ထိပ်တည့်တည့်တွင်ရှိသည်။ ကြယ်များ၏ဗဟိုချက်တို့သည် ပင်နီယံ၊ သို့မဟုတ် အပြာရင့်ခန်း၏ ဗဟိုချက်မှ ၁၀.၄ လက်မ (၂၆.၄၂ စင်တီမီတာ) ခန့်အကွာတွင်ရှိ သည်။ ကြယ်တလုံးစီ၏ အချင်းမှာ ၃.၈ လက်မ (၉.၆၅ စင်တီမီတာ) ခန့်ဖြစ်သည်။ ကြယ်တလုံးတွင် ငါးဒေါင့်ရှိပြီး၊ ကြယ်တလုံးစီ၏ ထိပ်ချွန်တခုစီသည် နိုင်ငံတော်အလံ၏အထက်သို့မူသေ မတ်မတ်ထောင် ကာရှိနေသည်။

၃။ နိုင်ငံတော်အလံ အရွယ်အစားအတိုင်းအတာမှာ ကြီးငယ်မဟူ နည်းဥပဒေ ၂ ပါအချိုးအစားအတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီအောင် ပြုလုပ်ရမည်။

အခန်း ၃
နိုင်ငံတော်အလံနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ

၄။ နိုင်ငံတော်အလံကို လွှင့်ထူအသုံးပြုနိုင်သည့် အဆောက်အဦများ၊ နေရာဌာနများနှင့် လွှင့်ထူအသုံးပြု ရာတွင် လိုက်နာရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်အလံကို နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ၏ နေအိမ်၌ လွှင့်ထူရမည်၊
(ခ) နိုင်ငံတော်အလံကို မြန်မာနိုင်ငံသံရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် လွှင့်ထူရ မည်၊
(ဂ) နိုင်ငံတော်အလံကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ယင်းကဦးဆောင်သော လူထုလူတန်းစား အဖွဲ့အစည်းများ၏ အဆောက်အဦများ၊ အစိုးရအဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများ၊ စက်ရုံအလုပ် ရုံများနှင့် စာသင်ကျောင်းများ၊ အခမ်းအနားကျင်းပသည့်နေရာများပေါ်တွင် အလုပ်လုပ်ရက်အားလုံး၌ လွှင့်ထူနိုင်သည်၊
(ဃ) နိုင်ငံတော်အလံကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ အသုံးပြုသည့် ယာဉ်များပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ သံရုံး၏ သံအမတ်ကြီးများ၊ ယာယီတာဝန်ခံသံမှူးများ အသုံးပြုသည့် ယာဉ်များပေါ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံး အကြီးအကဲများ အသုံးပြုသည့် ယာဉ် များပေါ်တွင်လည်းကောင်း လွှင့်ထူနိုင်သည်၊
(င) နိုင်ငံတော်အလံကို မီးရထား၊ သင်္ဘော၊ လေယာဉ် စသောယာဉ်အမျိုးမျိုးတွင် ဂုဏ်ကျက်သရေ မညှိုးနွမ်းစေသောနည်းဖြင့် တပ်ဆင်အသုံးပြုနိုင်သည်၊
(စ) နိုင်ငံတော်အလံကို ယာဉ်များပေါ်၌ လွှင့်ထူသည့်အခါ အလံရိုးကို ခိုင်မြဲစွာစိုက်ထူထားရမည်၊
(ဆ) နိုင်ငံတော်အလံကို အခမ်းအနားစင်မြင့်ပေါ်၌ ဆင်ယင်လိုလျှင်၊ ကျောဘက်နံရံအမြင့်တွင် အလျား လိုက်သာထားရမည်။ နိုင်ငံတော်အလံ၏ အပြာရင့်ခန်းသည် လက်ဝဲဖက်တွင်ရှိစေရမည်။ တရားဟော စင်များ၌ နိုင်ငံတော်အလံကို စိုက်ထူထားလျှင် တရားဟောသူ၏ လက်ျာဖက်အရှေ့ကျကျ၌ စိုက်ထူ ရမည်၊
(ဇ) နိုင်ငံတော်အလံကို ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံများနှင့် စုပေါင်းယှဉ်တွဲစိုက်ထူလျှင် နိုင်ငံတော်အလံကို အခြားအလံအားလုံး၏ အလယ်ဗဟိုတွင် ထားရှိစေပြီး ပို၍မြင့်စွာစိုက်ထူထားရမည်၊
(ဈ) နိုင်ငံတော်အလံအပြင် အခြားနိုင်ငံအလံ၊ သို့မဟုတ် အဖွဲ့အစည်းတခုခု၏အလံရှိလျှင် နိုင်ငံတော် အလံကိုအခြားအလံ၏ လက်ျာဖက်၊ သို့မဟုတ် နိုင်ငံတော်အလံကို မျက်နှာမူလျက်ရှိသူ၏ လက်ဝဲဖက်၌ ထားရမည်၊
(ည) နိုင်ငံတော်အလံကို အခြားအလံများနှင့် အတူစိုက်ထူသည့်အခါ စုစုပေါင်းအရေအတွက်သည် (မ) ဖြစ်လျှင် နိုင်ငံတော်အလံကို အလယ်ဗဟို၌ ထားရမည်။ စုစုပေါင်းအရေအတွက် (စုံ) ဖြစ်လျှင် နိုင်ငံတော် အလံကို အားလုံး၏ အလယ်ဗဟိုနှစ်ခုအနက် လက်ျာဖက်နေရာ၌ ထားရှိရမည်၊
(ဋ) နိုင်ငံတော်အလံနှင့်အတူ အခြားနိုင်ငံများ၏ အလံများကို လွှင့်ထူသောအခါ နိုင်ငံတော်အလံကို ရှေးဦးစွာလွှင့်တင်၍ အလံများချသောအခါ နိုင်ငံတော်အလံကို နောက်ဆုံးမှချရမည်။ ယင်းသို့ လွှင့်ထူ သည့်အခါ အလံကို တိုင်တတိုင်စီ သီးခြားလွှင့်ထူရမည်။ အလံများသည် အရွယ်အစားချင်း တူညီနိုင် သမျှတူညီရမည်၊
(ဌ) နိုင်ငံတော်အလံနှင့် အခြားနိုင်ငံအလံကို နံရံပေါ်၌ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ၊ ကြက်ခြေခတ်တပ် ဆင်လျှင် နိုင်ငံတော်အလံသည် ရှေ့မှကြည့်သူ၏ လက်ဝဲဖက်၌ရှိရမည်။ နိုင်ငံတော်အလံရိုးကို အခြား နိုင်ငံအလံ၏ အလံရိုးပေါ်တွင်တင်ရမည်။ နိုင်ငံတော်အလံ၏ အပြာရင့်ခန်းသည် လက်ဝဲဖက်အထက် ဒေါင့်တွင်ရှိစေရမည်၊
(ဍ) စီတန်းလှည့်လည်ပွဲများတွင် နိုင်ငံတော်အလံကိုင်အဖွဲ့ပါလျှင် ရှေ့ဆုံး၌လည်းကောင်း၊ နိုင်ငံတော် အလံကိုင်အဖွဲ့မပါပဲ နိုင်ငံတော်အလံများပါလျှင် ရှေ့ဆုံး၌လည်းကောင်း၊ နိုင်ငံတော် အလံကိုင်အဖွဲ့မပါပဲ နိုင်ငံတော်အလံတခုတည်းပါလျှင် ရှေ့ဆုံးအလယ်၌လည်းကောင်း၊ နိုင်ငံတော် အလံအပြင် အခြားအလံ များလည်းပါကာ၊ စုစုပေါင်းအရေအတွက်သည် (မ) ဖြစ်လျှင် ဗဟို၌လည်းကောင်း၊ စုစုပေါင်းအရေ အတွက်သည် (စုံ) ဖြစ်လျှင် အလံအားလုံး၏ အလယ်ဗဟိုနှစ်ခုအနက် လက်ျာဖက်နေရာ၌လည်းကောင်း နိုင်ငံတော်အလံကို လွှင့်ထူကိုင်ဆောင်ရမည်၊
(ဎ) နိုင်ငံတော်အလံကို နေထွက်မှနေဝင်အထိသာ လွှင့်ထူထားရမည်။ သို့ရာတွင် နေ့ကြီးရက်ကြီးများ နှင့်အခမ်းအနားကြီးများတွင် ညအချိန်၌လည်း လွှင့်ထူထားနိုင်သည်၊
(ဏ) နိုင်ငံတော်အလံကို လွှင့်တင်ရာတွင် တိုင်ထိပ်သို့အရောက် ခပ်သွက်သွက်ဆွဲတင်ရမည်။ နိုင်ငံတော် အလံကိုချသောအခါတွင်မူ ဖြေးညှင်းစွာချရမည်၊
(တ) နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်တင်ရာတွင် ရှေးဦးစွာတိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့်ခန့်ထားပြီးမှတိုင်ဝက် လျှော့ချရမည်။ နိုင်ငံတော်အလံကို ပြန်သိမ်းသောအခါတွင် လည်းတခါတည်းလျှော့မချရ။ ရှေးဦးစွာတိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့်ထားပြီး မှလျှော့ချရမည်၊
(ထ) ပုဂ္ဂိုလ်တဦးဦးကို နိုင်ငံတော်အခမ်းအနား၊ သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်သည့်အခါ နိုင်ငံတော်အလံဖြင့် ရုပ်ကလာပ်ကိုဖုံးအုပ်ခွင့်ရှိသည်။ ထိုသို့အသုံးပြုရာတွင် အပြာရင့်ခန်းသည် ရုပ်ကလာပ်၏ခေါင်းရင်း လက်ဝဲဖက်၌ရှိစေရမည်၊
(ဒ) နိုင်ငံခြား တိုင်းပြည်များမှ မြန်မာနိုင်ငံတော်အစိုးရ၏ ဧည့်သည်အဖြစ် လာရောက်သော နိုင်ငံတော် အကြီးအကဲ၊ သို့မဟုတ် အစိုးရအဖွဲ့ ခေါင်းဆောင်ကို ကြိုဆိုရာတွင် လုပ်သားပြည်သူများသည် နိုင်ငံတော်အလံအသေးများကို ဝှေ့ရမ်း၍ ကြိုဆိုနိုင်သည်၊

၅။ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအတွက် နိုင်ငံတော်အလံ အသုံးပြုခြင်းကို သီးခြား စည်းမျဉ်းဥပဒေများဖြင့် သတ်မှတ်နိုင်သည်။

အခန်း ၄
နိုင်ငံတော်အလံကိုအလေးပြုခြင်း

၆။ အခမ်းအနားများ၌ အလေးပြုရန်သတ်မှတ်ထားသည့် နိုင်ငံတော်အလံအရှေ့မှ အဖွဲ့အစည်းအလိုက် တန်းစီချီတက်လာလျှင် နိုင်ငံတော်အလံကို အလေးပြုရမည်။

၇။ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုသောအခါ သီချင်းအစမှအဆုံးအထိ နိုင်ငံတော် အလံကို မျက်နှာမူပြီး အလေးပြုရန် ငြိမ်သက်စွာ မတ်တပ်ရပ်ရမည်။ တပ်ဖွဲ့ဝင်များကမူ မိမိတို့ထုံးစံ အတိုင်းအလေးပြုရမည်။

အခန်း ၅
တားမြစ်ချက်နှင့် ပြစ်ဒဏ်

၈။ နိုင်ငံတော်အလံ လွှင့်ထူကိုင်ဆောင်အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် တားမြစ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က) နိုင်ငံတော်အလံ၏ အထက်၌ဖြစ်စေ၊ အောက်၌ဖြစ်စေ မည်သည့်အလံကိုမျှ တည့်တည့်လွှင့်ထူခြင်း မပြုရ၊
(ခ) နိုင်ငံတော်အစိုးရ၏ အခွင့်အမိန့်မရပဲ နိုင်ငံတော်အလံကို တိုင်ဝက်မလွှင့်ထူရ၊
(ဂ) နိုင်ငံတော်အလံကို အလံရိုးထိပ်အောက်စိုက်၍ မကိုင်ဆောင်ရ။ အစဉ်အမြဲခပ်မတ်မတ်ထား၍ ဝင့်ကြွားစွာကိုင်ဆောင်ရမည်၊
(ဃ) နိုင်ငံတော်အလံကိုနှိမ့်၍ အလေးမပြုရ၊
(င) နိုင်ငံတော်အလံကို ကျောက်ရုပ်၊ ကျောက်တိုင်၊ ရုပ်ထုအစရှိသော အထိမ်းအမှတ်ဖွင့်ပွဲများ၌ လွှင့်ထူ နိုင်သည်။ သို့သော် နိုင်ငံတော်အလံနှင့် ဖုံးအုပ်မထားရ၊
(စ) ပုဂ္ဂိုလ်တဦးဦးကို နိုင်ငံတော်အခမ်းအနား၊ သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော်အလံကို သင်္ဂြိုဟ်ခြင်းမပြုရ၊ နိုင်ငံတော်အလံနှင့် သင်းချိုင်းမြေမထိရ၊
(ဆ) နိုင်ငံတော်အလံကို အတင်အချ ပြုရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော်အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့်မထိစေရ၊
(ဇ) နိုင်ငံတော်အလံကို ပစ္စည်းတစုံတရာ ထုပ်ပိုးချည်နှောင်ရန်အတွက် မည်သည့်နေရာ၊ မည်သည့်အခါ တွင်မျှမသုံးရ၊
(ဈ) နိုင်ငံတော်အလံကို နဖူးစည်းအဖြစ်ဖြင့် မည်သည့်နေရာ၊ မည်သည့်အခါတွင်မျှ အသုံးမပြုရ၊
(ည) နိုင်ငံတော်အလံကို လွှင့်တင်ရာတွင် ချည်နှောင်ထုံးဖွဲ့၍ တင်ပြီးမှ ဖြေချခြင်းမပြုရ၊
(ဋ) နိုင်ငံတော်အလံကို အခင်းအဖြစ်လည်းကောင်း၊ အလှအပတန်ဆာဆင်ယင်ပြသမှု အဖြစ် လည်းကောင်း၊ ဝတ်စားဆင်ယင်မှုအဖြစ်လည်းကောင်း မည်သည့်အခါမျှ မပြုရ၊
(ဌ) နိုင်ငံတော်အလံများကို အချင်းချင်း မည်သည့်အခါမျှ ကြက်ခြေခတ်၍ တပ်ဆင်အသုံးမပြုရ၊
(ဍ) နိုင်ငံတော်အလံကို အသုံးပြုရန်ခွင့်ပြုထားသည့်နေရာများမှအပ အခြားနေရာများတွင် အသုံးမပြုရ၊
(ဎ) နိုင်ငံတော်အလံကို မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရ၊ ဟောင်းနွမ်းစုတ်ပြတ်၍ အသုံးမပြုနိုင်လျှင် မီးရှို့ပစ်ရမည်။

၉။ မည်သူမဆို ဤနည်းဥပဒေပါပြဋ္ဌာန်းချက်တခုခုကို ဆန့်ကျင်လျှင်ထိုသူသည် ခြောက်လထက်မများ သောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေးခြင်းခံရမည်။

အခန်း ၆
အထွေထွေ

၁၀။ နိုင်ငံတော်အလံဥပဒေနှင့် ဤနည်းဥပဒေများပါပြဋ္ဌာန်းချက်များကိုထမြောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရန်အလို့ငှာ ပြည်သူ့လွှတ်တော်က လုပ်ပိုင်ခွင့်လွှဲအပ်ထားသော အဖွဲ့အစည်းသည် ယင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သောအမိန့်၊ သို့မဟုတ် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။

၁၁။ ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။
(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အမိန့်အရ၊
ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီရုံး။