၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ

From Wikisource
Jump to navigation Jump to search
၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ  (1953) 
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေလည်းရှု

အရပ်ရပ်ဌာနခွဲ
(၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ။)
အမှတ် ၁၁၄
ရန်ကုန်မြို့၊ ၁၃၁၄ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်။
(၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ ရက်။)

အမှတ် ၁၁၄။ ။ ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ ပုဒ်မ ၅ ဖြင့်အပ်နှင်းသည့်အာဏာများကို သုံးစွဲလျက်၊ နိုင်ငံတော်သမတသည်၊ နိုင်ငံတော်အလံအသုံးပြုခြင်း ဆင်ယင်ပြသခြင်းနှင့်စပ်လျဉ်း၍ အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။

၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ
၁။ ။ ဤနည်းဥပဒေများကို ၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ ဟုခေါ်ရမည်။
၂။ ။ နိုင်ငံတော်အလံကို ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးရှိ အစိုးရအဆောက်အအုံများနှင့် အများပြည်သူတို့ဆိုင်ရာအဆောက်အအုံများပေါ်တွင်၎င်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးရုံးများ၊ လီဂေးရှင်းခေါ် သံငယ်ရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် လက်ထောက်ကောင်စစ်ဝန်ရုံးများပေါ်တွင်၎င်း၊ အောက်ပါနေ့ရက်များ၌ လွှင့်ထူရမည်။
(၁) လွတ်လပ်ရေးနေ့ (ဇန္နာဝါရီလ ၄ ရက်)။
(၂) အမျိုးသားနေ့ (တန်းဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)။
(၃) နိုင်ငံတော်သမတက အခါအားလျော်စွာ ကျေညာသည့်အခြားနေ့ရက်များ။
၃။ ။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ နည်းဥပဒေ ၂ တွင်ဖေါ်ပြထားသည့်နေ့ ရက်များ၌၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် ကိုယ်ပိုင်အဆောက်အအုံများပေါ်တွင် နိုင်ငံတော်အလံလွှင့်ထူခြင်းကို၊ ကန့်သတ်ချုပ်ချယ်ခြင်းမှ ကင်းလွတ်စေရမည်။
နိုင်ငံတော်အလံကို၊ အဆောက်အအုံများ၊ မော်တော်ယာဉ်များ၊ ရေယာဉ်များနှင့် လေယာဉ်ပျံများပေါ်တွင် လွှင့်ထူနိုင်သည့် အထူးအခွင့်အရေး
၄။ ။ နိုင်ငံတော်အလံကို၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးရုံးများ၊ လီဂေးရှင်းခေါ်သံငယ်ရုံးများ၊ ကောင်စစ် ဝန်ချုပ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့်လက်ထောက်ကောင်စစ်ဝန်ရုံးများပေါ်တွင် ထိုရုံးများတည်ရှိရာ နိုင်ငံ၏ထုံးစံဓလေ့နှင့် လျော်ညီစွာလွှင့်ထူနိုင်သည်။
၅။ နိုင်ငံတော်အလံကို နေ့စဉ်လွှင့်ထူရိုးထုံးစံမရှိသည့် နိုင်ငံများရှိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးရုံးများ၊ လီဂေးရှင်းခေါ်သံငယ်ရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် လက်ထောက် ကောင်စစ်ဝန်ရုံးများပေါ်တွင် နိုင်ငံတော်အလံလွှင့်ထူရန် သီးခြားသတ်မှတ်ထားသည့်နေ့ရက်များ၌၊ နိုင်ငံတော်အလံလွှင့်ထူနိုင်သည်။ အဆိုပါအဆောက်အအုံများပေါ်တွင် နိုင်ငံတော်အလံကို နေ့စဉ်လွှင့်ထူ ရိုးထုံးစံရှိသည့်နိုင်ငံများ၌ သင့်တော်ပါက အထူးကြီးသောနိုင်ငံတော်အလံတခုကို၊ အစိုးရကျင်းပသည့် ပွဲနေ့များတွင် ထိုပွဲနေ့များ၏ အထိမ်းအမှတ်အဖြစ်လွှင့်ထူနိုင်သည်။
၆။ ။ နိုင်ငံတော်အလံကို အရေးကြီးသောအစိုးရအဆောက်အအုံများပေါ်တွင် အလုပ်လုပ်ရက်အားလုံး၌ လွှင့်ထူနိုင်သည်။ ထိုအဆောက်အအုံများသည်၊ ပါလီမန်အဆောက်အအုံများ (ပါလီမန်အစည်းအဝေး ကျင်းပနေစဉ်)၊ တရားလွှတ်တော်ချုပ်ရုံး၊ တရားလွှတ်တော်ရုံး၊ အတွင်းဝန်များရုံး၊ တိုင်းမင်းကြီးရုံးများ၊ ခရိုင်ဝန်ရုံးများ၊ အရေးပိုင် (ရဲစီဒင့်) ရုံးများ၊ တရားမခရိုင်နှင့်စက်ရှင်တရားသူကြီးရုံးများ၊ ရန်ကုန် မြို့တော်ကော်ပိုရေးရှင်းရုံး၊ မြူနီစီပါယ်ရုံးများ၊ ဒိစတြိတ်ကောင်စီရုံးများ၊ အကျဉ်းထောင်များ၊ အကောက်တော်ဝန်ရုံး၊ စာပို့တိုက်နှင့်ကြေးနန်းရုံးများ၊ ထို့ပြင် အခါအားလျော်စွာကျေညာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင်းအရှိ အစိုးရပိုင်အခြားအဆောက်အအုံများဖြစ်သည်။
၇။ ။ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များက နိုင်ငံတော်အလံ အသုံးပြုခြင်းကို ဤကိစ္စအလို့ငှါ၊ အထူး နည်းဥပဒေများဖြင့် စည်းမျဉ်းသတ်မှတ်နိုင်သည်။
၈။ ။ နိုင်ငံတော်အလံကို နိုင်ငံတော်သမတအိမ်တော်၌ နိုင်ငံတော်သမတ၏ အလံနှင့်ယှဉ်လျက်လွှင့်ထူရမည်။
၉။ ။ အောက်ပါပုဂ္ဂိုလ်တို့သည်၊ နိုင်ငံတော်အလံကို မိမိတို့၏မော်တော်ယာဉ်များ၊ ရေယာဉ်များနှင့် လေယာဉ်ပျံများပေါ်တွင် လွှင့်ထူနိုင်သည်။
(၁) နိုင်ငံတော်သမတ။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်သံအမတ်ကြီးများနှင့်သံငယ်များ။
နိုင်ငံတော်အလံ၏ဂုဏ်သိမ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း
၁၀။ ။ ယာဉ်တစီးစီး၏ဦးပိုင်းကို၊ သို့တည်းမဟုတ် အပေါ်ပိုင်းကို၊ သို့တည်းမဟုတ် ဘေးပိုင်းကို၊ သို့တည်းမဟုတ် နောက်ပိုင်းကိုဖြစ်စေ၊ မီးရထားတစင်းစင်း၊ သို့တည်းမဟုတ် ရေယာဉ်တစင်းစင်းကို ဖြစ်စေ၊ နိုင်ငံတော်အလံဖြင့် တန်းဆာမဆင်ရ။ နိုင်ငံတော်အလံကို အခြားနိုင်ငံများ၏အလံများနှင့်ဖြစ်စေ၊ ရဲလံများနှင့်ဖြစ်စေ၊ တွဲ၍အသုံးပြုသည့်အခါ၊ နိုင်ငံတော်အလံကို၊ မြင့်မြတ်သောနေရာတွင် သီးသန့်ထားရမည်။
၁၁။ ။ နိုင်ငံတော်အလံအပြင် အခြားနိုင်ငံ၏အလံ၊ သို့တည်းမဟုတ် ရဲလံတခုတည်းသာရှိလျှင်၊ နိုင်ငံတော်အလံကို၊ ထိုအလံ၏၊ သို့တည်းမဟုတ် ထိုရဲလံ၏လက်ျာဘက်၌၊ တနည်းအားဖြင့်ဆိုသော်၊ ထိုအလံကို၊ သို့တည်းမဟုတ် ထိုရဲလံကို မျက်နှာမူလျက်ရှိသူတို့၏ လက်ဝဲဘက်၌လွှင့်ထူရမည်။
၁၂။ ။ အခြားနိုင်ငံ၏အလံအရေအတွက်သည် နှစ်ခုထက်ပို၍၊ နိုင်ငံတော်အလံနှင့်ပေါင်းသော်၊ အလံစုစုပေါင်းအရေအတွက်သည်၊ မဖြစ်လျှင်၊ နိုင်ငံတော်အလံကို အလယ်ဗဟို၌ထားရမည်။ စုံဖြစ်လျှင်၊ အလယ် ဗဟို၏အနီးလက်ျာဘက်၌ ထားရမည်။
၁၃။ ။ နိုင်ငံတော်အလံ၏ အထက်၌ဖြစ်စေ၊ အောက်၌ဖြစ်စေ မည်သည့်အလံကိုမျှ၊ သို့တည်းမဟုတ် မည်သည့်ရဲလံကိုမျှ လွှင့်ထူခြင်းမပြုရ။
၁၄။ ။ စီတန်းလှည့်လည်ရာ၌ အလံအရေအတွက်သည် (မ) ဖြစ်လျှင်၊ နိုင်ငံတော်အလံကိုအလယ်ဗဟို၌ အမြင့်ဆုံးမြှင့်တင်၍ ကိုင်ဆောင်သွားရမည်။ စုံဖြစ်လျှင်၊ ဒိုင်းလွှားထိပ်၏လက်ျာဘက်၌၊ တနည်းအားဖြင့်ဆိုသော်၊ နိုင်ငံတော်အလံကို မျက်နှာမူလျက်ရှိသူ၏ လက်ဝဲဘက်၌ ကိုင်ဆောင်သွားရမည်။
၁၅။ ။ အခြားနိုင်ငံများ၏အလံများကို နိုင်ငံတော်အလံနှင့်အတူ လွှင့်ထူသောအခါ၊ နိုင်ငံတော်အလံကို၊ ရှေးဦးစွာလွှင့်တင်၍၊ အလံများချသောအခါ နောက်ဆုံးမှချရမည်။
၁၆။ ။ နိုင်ငံနှစ်နိုင်ငံ၏၊ သို့တည်းမဟုတ် နှစ်နိုင်ငံထက်ပိုသည့်နိုင်ငံများ၏ အလံများကိုလွှင့်ထူသော အခါ၊ ထိုအလံများကို၊ အလံတိုင်တတိုင်စီသီးခြား၍ လွှင့်ထူရမည်။ အလံများသည် အရွယ်အစားချင်း အတူတူလောက်ဖြစ်ရမည်။
၁၇။ ။ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူသည့်အခါ၊ ရှေးဦးစွာတိုင်ထိပ်သို့အရောက်ဆွဲတင်ပြီးမှ၊ တိုင်ဝက်သို့လျှောချရမည်။ နေ့ကုန်၍ နိုင်ငံတော်အလံကိုချသည့်အခါ၊ တိုင်ထိပ်အရောက်မြှင့်တင်ပြီးမှ လျှောချရမည်။
၁၈။ ။ နိုင်ငံတော်အလံကို၊ သင်္ချိုင်းတွင်းသို့မချရ၊ သို့တည်းမဟုတ် မြေနှင့်မထိစေရ။
၁၉။ ။ နိုင်ငံတော်အလံကို၊ မရိုသေမလေးစားမပြုရ၊ နိုင်ငံတော်အလံကို၊ မည်သူသို့မျှ၊ သို့တည်းမဟုတ် မည်သည့်အရာဝတ္ထုသို့မျှ မညွှတ်စေရ။
၂၀။ ။ နိုင်ငံတော်အလံကို၊ အလျားလိုက်ဖြစ်စေ၊ အောက်သို့အလံရိုးထိပ်ငိုက်၍ဖြစ်စေ၊ မည်သည့်အခါမျှ မကိုင်ဆောင်ရ။ အစဉ်အမြဲထောင်၍ လွတ်လပ်စွာ ကိုင်ဆောင်ရမည်။
၂၁။ ။ နိုင်ငံတော်အလံကို၊ အလံအောက်ရှိမြေကြီးနှင့်၊ သို့တည်းမဟုတ် ကြမ်းပြင်နှင့်၊ သို့တည်းမဟုတ် ရေနှင့်၊ သို့တည်းမဟုတ် ကုန်ပစ္စည်းများနှင့်အလျှင်းမထိစေရ။
၂၂။ ။ နိုင်ငံတော်အလံကို၊ ဖုံးလွှမ်းရန်တန်းဆာမျိုးအဖြစ်၊ မည်သည့်အခါမျှအသုံးမပြုရ။ သို့ရာတွင် ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်များကွယ်လွန်၍၊ စစ်အခမ်းအနားအစုံအလင်ဖြင့် သင်္ဂြိုဟ်သည့်အခါ၊ တလားကိုဖုံးလွှမ်းရန်တန်းဆာအဖြစ်အသုံးပြုနိုင်သည်။
၂၃။ ။ နိုင်ငံတော်အလံကို၊ တနည်းနည်းဖြင့်အလွယ်တကူစုတ်ပြတ်အောင်၊ သို့တည်းမဟုတ် ညစ်ထေးစွန်းကွက်အောင်၊ သို့တည်းမဟုတ် ပျက်စီးအောင် မည်သည့်အခါမျှမလွှင့်ထူရ၊ သို့တည်းမဟုတ် မဆင်ယင်မပြသရ၊ သို့တည်းမဟုတ် အသုံးမပြုရ၊ သို့တည်းမဟုတ် မထားသိုရ။
၂၄။ ။ ပစ္စည်းတခုခုကိုခံယူရန်၊ သို့တည်းမဟုတ် ထည့်ရန်၊ သို့တည်းမဟုတ် ပတ်ရန်၊ သို့တည်းမဟုတ် သယ်ဆောင်ရန်၊ သို့တည်းမဟုတ် ပေးပို့ရန်အရာဝတ္ထုအဖြစ်၊ နိုင်ငံတော်အလံကို မည်သည့်အခါမျှ အသုံး မပြုရ။
၂၅။ ။ နိုင်ငံတော်အလံကို လွှင့်တင်သည့်အခမ်းအနား၊ သို့တည်းမဟုတ် လျှောချသည့်အခမ်းအနား ပြုလုပ်သည့်အခါဖြစ်စေ၊ စစ်ရေးပြပွဲတွင်၊ သို့တည်းမဟုတ် ဗိုလ်ရှုခံပွဲတွင် နိုင်ငံတော်အလံကို၊ ဖြတ်သန်း သွားသည့်အခါဖြစ်စေ၊ လာရောက်သူအားလုံးတို့သည်၊ နိုင်ငံတော်အလံသို့မျက်နှာမူကာ၊ ခြေစုံရပ်၍ ငြိမ်သက်စွာနေရမည်။
၂၆။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၏ အခွင့်အမိန့်မရရှိဘဲ၊ နိုင်ငံတော်အလံကို၊ မည်သည့်အခါမျှ တိုင်ဝက်မလွှင့်ထူရ။
အရပ်ရပ်
၂၇။ ။ အခြားနိုင်ငံ၏ အလံများကို၊ ဆိုင်ရာနိုင်ငံခြား သံအမတ်ကြီးရုံးများပေါ်တွင်၊ သို့တည်းမဟုတ် လီဂေးရှင်းခေါ်သံငယ်ရုံးများပေါ်တွင်၊ သို့တည်းမဟုတ် ကောင်စစ်ဝန်ချုပ်ရုံးများပေါ်တွင်၊ သို့တည်းမဟုတ် ကောင်စစ်ဝန်ရုံးများပေါ်တွင်၊ သို့တည်းမဟုတ် လက်ထောက်ကောင်စစ်ဝန်ရုံးများပေါ်တွင်သာ လွှင့်ထူနိုင်သည်။ သံငယ်စသောနိုင်ငံခြားအစိုးရများ၏ ကိုယ်စားလှယ်များသည်၊ မိမိတို့ဆိုင်ရာ အစိုးရများကမကန့်ကွက်လျှင်၊ မိမိတို့၏အလံများကို၊ မိမိတို့၏မော်တော်ယာဉ်၊ ရုံး၊ နေအိမ်စသည်များ ပေါ်တွင်လွှင့်ထူနိုင်သည်။
၂၈။ ။ နိုင်ငံတော်အလံကို၊ နေထွက်မှနေဝင်အထိသာလွှင့်ထူရမည်။
၂၉။ ။ နိုင်ငံတော်အလံကို၊ လွှင့်တင်သည့်အခါ၊ သွက်လက်စွာလွှင့်တင်၍၊ လျှောချသောအခါ ဖြေးညှင်းစွာ လျှောချရမည်။
၃၀။ ။ နိုင်ငံတော်အလံကို၊ မော်တော်ယာဉ်ပေါ်၌လွှင့်ထူသည့်အခါ၊ အလံရိုးကိုမော်တော်ယာဉ် ဘောင်ပေါ်၌ခိုင်မြဲစွာစိုက်ထူထားရမည်၊ သို့တည်းမဟုတ် ရေတိုင်ကီ (radiator) ထိပ်ဖုံးနှင့်ကုပ်တွယ်ထားရမည်။
၃၁။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၏ သီးခြားအခွင့်အမိန့်မရရှိဘဲ၊ အခြားနိုင်ငံ၏အလံကို၊ အစိုးရ အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများပေါ်တွင် မလွှင့်ထူရ။


နိုင်ငံတော်သမတ
ပြည်ထောင်စုမြန်မာနိုင်ငံ