၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ  (1948) 
၁၉၅၃ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများလည်းရှု
ပြင်ဆင်ချက်အက်ဥပဒေလည်းရှု

သမတအိမ်တော်၊ ရန်ကုန်မြို့။
၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံအက်ဥပဒေ။
[၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၈။]
၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်။
(၁၉၄၈ ခု၊ နိုဝင်္ဘာလ ၁၃ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။

နိုင်ငံတော်အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေးကို အလွဲသုံးသူများနှင့် ပြည်ထောင်စုနိုင်ငံတော်အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေးကို ဂုဏ်သိမ်ပျက်ပြားအောင်ပြုသော၊ ဆုတ်ဖြတ်ဖျက်ဆီးသော၊ အဆင်းသဏ္ဌာန် ပျက်ပြားအောင်ပြုသော၊ သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့် မထီမဲ့မြင်ပြုသောသူများကို ပြစ်ဒဏ်စီရင်နိုင်ရန်အလို့ငှါ၊ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဖြစ်သော ကြောင့် အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
အမည်။
၁။ ။ ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်အလံ အက်ဥပဒေဟု ခေါ်ရမည်။
အဓိပ္ပါယ်ဖေါပြချက်။
၂။ ။ ဤအက်ဥပဒေ၌ “အလံ” ဆိုသည့် စကားရပ်တွင်၊ မည်သည့် အရာဝတ္ထုဖြင့် မဆိုပြုလုပ်၍၊ သို့တည်းမဟုတ် မည်သည့် အရာဝတ္ထုပေါ်တွင်မဆို ဖေါ်ပြ၍၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြ ဋ္ဌာန်းထားသည့် နိုင်ငံတော်အလံသဘော သက်ရောက်သော၊ သို့တည်းမဟုတ် တည်ဆဲဥပဒေအရ၊ ပြ ဋ္ဌာန်းထားသည့် နိုင်ငံတော်တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေးသဘော သက်ရောက်သော အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး အရွယ်အစားအမျိုးမျိုးဖြစ်စေ၊ ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်း မဟုတ် တလေးတခုခု၏ ရုပ်ပုံ၊ သို့တည်းမဟုတ် သဏ္ဌာန်ဖြစ်စေ၊ ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်း မဟုတ် တလေး၏ အစိတ်အပိုင်းဖြစ်စေ ပါဝင်သည်။ ထို့ပြင် စေ့ငှသေချာစွာမကြည့်သော သာမန်ပုဂ္ဂိုလ် တဦးက၊ သာမန်ကြည့်ရုံမျှဖြင့် နိုင်ငံတော် အလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး ဖြစ်သည်ဟု ယုံကြည်လောက်အောင် အရောင်များ၊ သို့တည်းမဟုတ် ကြယ်များဖြင့် တနည်းနည်း ဖေါ်ပြထားသည့် ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး၏ ရုပ်ပုံ၊ သို့တည်းမဟုတ် သဏ္ဌာန်ဖြစ်စေ၊ ယင်းသို့ ဖေါ်ပြထားသည့် ထိုအလံ၊ တံခွန်၊ ရဲလံ၊ သို့တည်းမဟုတ် တလေး၏ အစိတ်အပိုင်း ဖြစ်စေပါဝင်သည်။
ပြစ်ဒဏ်။
၃။ ။ မည်သူမဆို ပြည်ထောင်စုနိုင်ငံအတွင်း၌ -

(က) ခင်းကျင်းဆင်ယင်ပြသရန် အလို့ငှါ အလံအပေါ်တွင်၊ မည်သည့်စာလုံး၊ မည်သည့်ဂဏန်း၊ မည် သည့် အမှတ်အသား၊ မည်သည့်ရုပ်ပုံ၊ မည်သည့်ပုံစံ၊ မည်သည့် ရေးဆွဲသော ပုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့်ကြော်ငြာအမျိုးအစားကိုမဆို၊ တနည်းနည်းနှင့် ရေးသားချယ်လယ် ပြုလုပ်ထားရှိလျှင်၊ သို့ တည်းမဟုတ် ထားရှိစေလျှင်၊ သို့တည်းမဟုတ်

(ခ) ထိုအလံပေါ်တွင်၊ စာလုံး၊ ဂဏန်း၊ အမှတ်အသား၊ ရုပ်ပုံ၊ ပုံစံ သို့တည်းမဟုတ် ရေးဆွဲထားသောပုံ၊ သို့တည်းမဟုတ် ကြော်ငြာအမျိုးအစား တခုခုကို ပုံနှိပ်၍၊ ဆေးချယ်၍၊ သို့တည်းမဟုတ် အခြားတနည်း နည်းဖြင့် ထား၍ဖြစ်စေ၊ စာလုံး၊ ဂဏန်း၊ အမှတ်အသား၊ ရုပ်ပုံ၊ ပုံစံရေးဆွဲထားသောပုံ တခုခုကို၊ အလံ နှင့် ပူးတွဲဆက်စပ်တွယ်ကပ်၍ဖြစ်စေ၊ ထိုအလံကို အများမြင်သာအောင်ပြထားလျှင်၊ သို့တည်းမဟုတ် ပြထားစေလျှင်၊ သို့တည်းမဟုတ်

(ဂ) ကြော်ငြာရန်၊ အများသတိပြုမိစေရန်၊ မွမ်းမံချယ်လယ်ရန်၊ အမှတ်အသားပြုရန်၊ သို့တည်းမဟုတ် ကုန်ပစ္စည်းတခုနှင့်တခု ကွဲပြားခြားနားစေရန်၊ အလံ၏ပုံသဏ္ဌာန်ကို ပုံနှိပ်၊ ဆေးချယ်၊ ပူးတွဲ၊ သို့တည်း မဟုတ် အခြားတနည်းနည်းဖြင့် ထားရှိသည့် -

(၁) ကုန်စည်ပစ္စည်းတစုံတရာကိုဖြစ်စေ၊

(၂) ကုန်စည်ပစ္စည်းတစုံတရာ ထားသိုရာ စည်၊ သေတ္တာစသည်များကို ဖြစ်စေ၊

(၃) ကုန်စည်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် အသုံးပြုသည့် အရာဝတ္ထုတစုံတရာကို ဖြစ်စေ၊ ပြုလုပ် လျှင်၊ သို့တည်းမဟုတ် ရောင်းချလျှင်၊ သို့တည်းမဟုတ် ​ရောင်းချရန်သော်၎င်း၊ အများမြင်သာအောင် သော်၎င်း၊ ခင်းကျင်း ဆင်ယင်ပြသထားလျှင်၊ သို့တည်းမဟုတ် ပေးကမ်းလျှင်၊ သို့တည်းမဟုတ် ရောင်း ချရန် အတွက်သော်၎င်း၊ ပေးကမ်းရန်အတွက်သော်၎င်း၊ အခြားကိစ္စတစုံတရာအတွက်သော်၎င်း လက်ရှိ ထားလျှင်၊

ထိုသူသည်၊ ၆လထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေငါးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီ ရင်ခြင်းခံရမည်။

၄။ ။ မည်သူမဆို ပြည်ထောင်စုနိုင်ငံအတွင်း၌ လူအများရှေ့တွင် အလံတစုံတခုကို ဆုတ်ဖြတ်ဖျက်ဆီး လျှင်၊ အဆင်းသဏ္ဌာန်ပျက်ပြားအောင် ပြုလျှင်၊ ဂုဏ်သိမ်ပျက်ပြားအောင် ပြုလျှင်၊ မလေးစားလျှင်၊ ခြေ ဖြင့်နင်းလျှင်၊ သို့တည်းမဟုတ် နှုတ်အမူအရာဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ မထီမဲ့မြင်ပြုလျှင်၊ ထိုသူသည် အလုပ်ကြမ်းဖြင့် တနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေတထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
၅။ ။ နိုင်ငံတော်သမတသည် အလံနှင့် စပ်လျဉ်းသည့် ကိစ္စအရပ်ရပ်ကို စည်းမျဉ်းသတ်မှတ်ရန် နည်းဥပ ဒေများ ပြုလုပ်နိုင်သည်။ ထိုကိစ္စအရပ်ရပ်တွင် နိုင်ငံတော်အလံ အသုံးပြုခြင်းနှင့် လွှင့်ထူခြင်းများလည်း ပါဝင်သည်။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်။ (၁၉၄၈ ခု၊ နိုဝင်္ဘာလ ၁၃ ရက်။)

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၂၃၁]