၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ

From Wikisource
Jump to navigation Jump to search
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများ  (2010) 
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေလည်းရှု

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်အလံနည်းဥပဒေများ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နည်းဥပဒေများအမှတ် ၁/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်အလံဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက် နိုင်ငံတော်အလံကို အသုံးပြုခြင်း၊ လွှင့်ထူခြင်းနှင့်စပ်လျဉ်း၍ နည်းလမ်းတကျ ဆောင်ရွက်နိုင်ရန် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို နိုင်ငံတော်အလံနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် နိုင်ငံတော်အလံဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

အခန်း (၂)
နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ

၃။ နိုင်ငံတော်အလံကို -

(က) နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတအဆင့်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူများ၏ ရုံးများနှင့် နေအိမ်များ၌ လွှင့်ထူရမည်။
(ခ) ရုံးအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စာသင်ကျောင်းများ၌ ရုံးဖွင့်ရက်အားလုံးတွင် လွှင့် ထူရမည်။
(ဂ) နိုင်ငံတော်သမ္မတ အသုံးပြုသည့်ယာဉ်များ၌လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံ ရုံး၏သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံး အကြီးအမှူးများ၊ ယာယီတာဝန်ခံသံမှူးများ အသုံးပြုသည့်ယာဉ်များ၌လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံး အကြီးအမှူးများ အသုံးပြုသည့်ယာဉ်များ၌လည်းကောင်း လွှင့်ထူနိုင်သည်။
(ဃ) မြန်မာနိုင်ငံသံရုံးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံးများနှင့် အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများ၌ လွှင့်ထူရမည်။
(င) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က သတ်မှတ်ပေးသောနေ့ရက်များတွင် မော်တော် ကား၊ ရထား၊ သင်္ဘော၊ လေယာဉ်စသော ယာဉ်အမျိုးမျိုး၌ ဂုဏ်ကျက်သရေ မြင့်မားစေခြင်း အလို့ငှာ တပ်ဆင်အသုံးပြုနိုင်သည်။
(စ) ယာဉ်များပေါ်၌ လွှင့်ထူသည့်အခါ အလံတိုင်ကို ခိုင်မြဲစွာ စိုက်ထူထားရမည်။
(ဆ) အခမ်းအနားစင်မြင့်ပေါ်၌ ဆင်ယင်လိုလျှင် ကျောဘက်နံရံအမြင့်တွင် အလျားလိုက်သာ ထားရ မည်။
(ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများနှင့်ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသောအလံများနှင့် စုပေါင်းယှဉ်တွဲစိုက်ထူရလျှင် အခြားအလံ အားလုံး၏ အလယ်ဗဟို၌ ထားရှိစေပြီးပို၍မြင့်စွာ စိုက်ထူထားရမည်။
(ဈ) ပြည်တွင်းရှိ အဖွဲ့အစည်းများ၏အလံများနှင့်အတူ စိုက်ထူသည့်အခါ စုစုပေါင်းအရေအတွက်သည် (မ) ဖြစ်လျှင် နိုင်ငံတော်အလံကို အလယ်ဗဟို၌ထားရမည်။ စုစုပေါင်းအရေအတွက်သည် (စုံ) ဖြစ်လျှင် နိုင်ငံတော်အလံကို အားလုံး၏အလယ်ဗဟိုနှစ်ခုအနက် လက်ယာဘက်နေရာ၌ ထားရှိရမည်။
(ည) နိုင်ငံတော်အခမ်းအနားများအတွက် စီတန်းလှည့်လည်ရာ၌ နိုင်ငံတော်အလံကိုင်အဖွဲ့ပါလျှင် ရှေ့ဆုံး တွင်လည်းကောင်း၊ နိုင်ငံတော်အလံကိုင်အဖွဲ့မပါဘဲ နိုင်ငံတော်အလံများပါလျှင် ရှေ့ဆုံးတွင် လည်း ကောင်း၊ နိုင်ငံတော်အလံကိုင်အဖွဲ့မပါဘဲ နိုင်ငံတော်အလံတစ်ခုတည်းပါလျှင် ရှေ့ဆုံးအလယ်တွင်လည်း ကောင်း၊ နိုင်ငံတော်အလံအပြင် အခြားအလံများလည်းပါလျှင် စုစုပေါင်းအရေ အတွက်သည် (မ) ဖြစ်ရမည်ဖြစ်ပြီး ဗဟိုတွင်လည်းကောင်း လွှင့်ထူကိုင်ဆောင်ရမည်။
(ဋ) နေထွက်ချိန်မှ နေဝင်ချိန်အထိသာ လွှင့်ထူထားရမည်။ သို့ရာတွင် နိုင်ငံတော်နှင့် သက်ဆိုင်သော အခမ်းအနားကြီးများတွင် သက်ဆိုင်ရာနေရာ၌ ညအချိန်တွင်လည်း လွှင့်ထူထားနိုင်သည်။
(ဌ) လွှင့်တင်သည့်အခါ တိုင်ထိပ်သို့အရောက် ခပ်သွက်သွက် ဆွဲတင်ပြီးချသောအခါ ဖြည်းညင်းစွာ ချရမည်။
(ဍ) တိုင်ဝက်လွှင့်တင်သည့်အခါ ရှေးဦးစွာ တိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့် ခန့်ထားပြီးမှ တိုင်ဝက်သို့လျှော့ချရမည်။ နိုင်ငံတော်အလံကို ပြန်သိမ်းသောအခါ၌လည်း တစ်ခါတည်း လျှော့မချရ။ ရှေးဦးစွာ တိုင်ထိပ်အရောက် ဆွဲတင်ပြီးလျှင် တိုင်ထိပ်၌ ၅ စက္ကန့်ခန့်ထားပြီးမှ လျှော့ချရ မည်။

၄။ နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်သည့်အခါ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်အလံဖြင့် ဖုံးအုပ်ခွင့်ရှိသည်။

၅။ နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံတော်အစိုးရ၏ ဧည့်သည်အဖြစ် လာရောက်သော နိုင်ငံတော်အကြီးအ ကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲကို ကြိုဆိုရာတွင် အချိုးညီသော နိုင်ငံတော်အလံအသေးများကို ကိုင်ဆောင်ဝှေ့ယမ်း၍ ကြိုဆိုနိုင်သည်။

၆။ နိုင်ငံတော်အလံကို မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရ၊ ဟောင်းနွမ်းစုတ်ပြတ်၍ အသုံးမပြုနိုင်လျှင် တာဝန်ရှိသူက မီးရှို့ပစ်ရမည်။

၇။ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များအတွင်း သီးခြားကိစ္စရပ် များအတွက် နိုင်ငံတော်အလံ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဌာနကောင်စီက အမိန့်ထုတ်ပြန် ဆောင်ရွက်နိုင်သည်။

အခန်း (၃)
နိုင်ငံတော်အလံကို အလေးပြုခြင်း

၈။ နိုင်ငံတော်အလံကို အတင်အချပြုလုပ်တိုင်း အလေးပြုရမည်။

၉။ နိုင်ငံတော်အလံ လွှင့်ထူထားသောအခမ်းအနားများ၌ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံတော်အလံအ လေးပြုခြင်းကို အစီအစဉ်တစ်ရပ်အဖြစ်ပြုလုပ်ရမည်။

၁၀။ အခမ်းအနားများ၌ နိုင်ငံတော်အလံကို အလေးပြုရာတွင် နိုင်ငံတော်သီချင်းတီးမှုတ်ပါက သီချင်းအစမှအဆုံးအထိ နိုင်ငံတော်အလံကို မျက်နှာမူပြီး ငြိမ်သက်စွာမတ်တတ်ရပ်၍ ဦးညွတ်အလေးပြု ရမည်။ နည်းဥပဒေ ၇ ပါတပ်ဖွဲ့ဝင်များကမူ မိမိတို့၏ ထုံးတမ်းစဉ်လာနှင့်အညီ အလေးပြုရမည်။

အခန်း (၄)
အထွေထွေ

၁၁။ နိုင်ငံတော်အလံကို ပြည်တွင်း၌ ကျင်းပသော နိုင်ငံတကာအခမ်းအနားများတွင် အခြားနိုင်ငံအလံ များ သို့မဟုတ် အခြားအဖွဲ့အစည်းအလံများနှင့်အတူ ယှဉ်တွဲအသုံးပြုသည့်ကိစ္စများနှင့် စပ်လျဉ်း၍ သီးခြားလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ဆောင်ရွက်နိုင်သည်။

၁၂။ နိုင်ငံတော်အလံနည်းဥပဒေများ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်နည်းဥပဒေများ အမှတ် ၁) ကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။

အမိန့်အရ
(ပုံ) သီဟသူရတင်အောင်မြင့်ဦး
အတွင်းရေးမှူး (၁)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ