၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ

From Wikisource
Jump to navigation Jump to search
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ  (2010) 
၂၀၁၀ ခုနှစ်၊ နိုင်ငံတော်အလံနည်းဥပဒေများလည်းရှု
ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်အလံဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၈/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်

(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)
နိဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင် အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့စွာဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကိုပြဋ္ဌာန်းရန်လိုအပ်လာပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်အလံကို ယင်း၏ ဂုဏ်ကျက်သရေနှင့်အညီ နည်းလမ်းတကျ သုံးစွဲ နိုင်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ကြစေရန် အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို နိုင်ငံတော်အလံဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုသည်။
(ခ) နိုင်ငံတော်အလံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းသတ်မှတ်ထားသော အလံကိုဆိုသည်။ ယင်းစကားရပ်တွင် မည့်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်သည့် (သို့မဟုတ်) မည်သည့်အရာဝတ္ထုပေါ်တွင် မဆိုဖော်ပြသည့် နိုင်ငံတော်အလံသဘော သက်ရောက်သော အရာဝတ္ထုအားလုံး ပါဝင်သည်။
အခန်း (၂)
နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊ အတိုင်းအတာနှင့် အရောင်အသွေး

၃။ နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊ အတိုင်းအတာနှင့် အရောင်အသွေးစသည်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားသည် ထောင့်မှန်စတုဂံပုံ ဖြစ်ပြီး အလျား ၉ ပေ နှင့် အနံ ၆ ပေ ဖြစ်သည်။
(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ဖြစ်သည်။ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့မှာ အလံတော်၏ အနံဖြစ်သော ၆ ပေ ကို သုံးပုံတစ်ပုံစီ အညီအမျှ ရှိရမည်။ ထို့ကြောင့် အရောင်တစ်ရောင်လျှင် ၂​ ပေစီ ရှိရမည်။
(ဂ) (၁) အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံငါးခုပါသော ကြယ်ဖြူကြီး တစ်လုံးရှိရမည်။
(၂) ကြယ်ဖြူကြီး၏အပေါ် ကြယ်လက်တံသည် နိုင်ငံတော်အလံအလျား၏ ထက်ဝက်ဖြစ်သော ၄ပေ ၆လက်မနှင့် တည့်တည့်နေ ရာတွင် ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။
(၃) ကြယ်၏ထိပ်မှ အလံ၏ အဝါရောင်အနားသတ်အထိ အကွာအဝေးနှင့် အနီရောင်အတွင်းရှိ အောက်ပိုင်းကြယ်လက်တံ နှစ်ခု၏ထိပ်မှ အလံ၏အနီရောင်အနားသတ်အထိ အကွာအဝေးတို့သည် ၁ ပေ စီရှိရမည်။
(၄) ကြယ်လက်တံထိပ်တစ်ခုနှင့် တစ်ခုသည် ၂ ပေ ၇.၂ လက်မစီ အကွာအဝေးတူညီရမည်။
(ဃ) နိုင်ငံတော်အလံ၏ စံပြုအရောင်အသွေးများမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) အဝါရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်းပင်န်တုန်း ၁၁၆ ပီစီ(PANTONE 116 PC) ဖြစ်သည်။
(၂) အစိမ်းရောင်မှာ အရောင်အသွေး သတ်မှတ်ချက် အညွှန်းကိန်းပင်န်တုန်း ၃၆၁ ပီစီ (PANTONE 361 PC) ဖြစ် သည်။
(၃) အနီရောင်မှာ အရောင်အသွေး သတ်မှတ်ချက် အညွှန်းကိန်းပင်န်တုန်း ၁၇၈၈ ပီစီ (PANTONE 1788 PC) ဖြစ်သည်။
(င) နိုင်ငံတော်အလံ၏ စံပြုပုံစံမှာ နောက်ဆက်တွဲတွင် ဖော်ပြထားသည့် အတိုင်းဖြစ်သည်။

၄။ နိုင်ငံတော်အလံတွင် အဝါရောင် အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်းဖြစ်သည်။

၅။ အလံတော်၏ အရောင်များနှင့် ကြယ်၏အဖြူရောင်တို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသား အားလုံး ချစ်ခင်ရင်း နှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။
(ခ) အစိမ်းရောင်သည် မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွှတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်းဟူ သော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။
(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။
(ဃ) ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်း ဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

၆။ နိုင်ငံတော်အလံကို အရွယ်အစား အမျိုးမျိုး အသုံးပြုရာတွင် ပုဒ်မ ၃ အရ ပြဋ္ဌာန်းချက်များပါ အချိုးအစား၊ အရောင်အသွေးတို့နှင့် ကိုက်ညီစေရမည်။

အခန်း (၃)
နိုင်ငံတော်အလံလွှင့်ထူခြင်း

၇။ နိုင်ငံတော်အလံကို ရုံးဖွင့်ရက်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့က သတ်မှတ်ထားသော နေ့ကြီး၊ ရက် ကြီးများ၌ လွှင့်ထူရမည်။

၈။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အခါအားလျော်စွာ ကြေညာသည့်နေ့ရက်များ၌လည်း နိုင်ငံတော်အလံကို သတ်မှတ်သည့်နည်းလမ်းအတိုင်း လွှင့်ထူရမည်။

၉။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သတ်မှတ်ကြေညာသည့်နေ့ရက်များ၌ နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရ အဆောက်အအုံများနှင့် နေအိမ်များတွင်လည်းကောင်း၊ ဥပစာများတွင်လည်းကောင်း၊ မော်တော်ကား၊ ရထား၊သင်္ဘော၊ လေယာဉ်၊ စသော ယာဉ်အမျိုးမျိုးတွင်လည်းကောင်း နိုင်ငံတော်အလံကို လွှင့်ထူနိုင်သည်။

၁၀။ နိုင်ငံတော်အလံကို နိုင်ငံတကာအစည်းအဝေး၊အခမ်းအနားများ၌ အသုံးပြုခြင်းနှင့် ပြည်ပရှိ မြန်မာနိုင်ငံ၏ သံတမန်ဆိုင်ရာ ခြံဝင်းနှင့် အဆောက်အအုံများ၊ ပြခန်းများ၊ မော်တော်ကား၊ရထား၊ သင်္ဘော၊ လေယာဉ်စသော ယာဉ်အမျိုးမျိုးတွင် လွှင့်ထူခြင်း တို့သည် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် သဘောတူ သတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်။

၁၁။ နိုင်ငံတော်အလံကို အစဉ်အမြဲမတ်မတ်ထား၍ ဝင့်ကြွားစွာကိုင်ဆောင်ရမည်။

၁၂။ နိုင်ငံတော်အလံကို အသုံးပြုရာတွင် ယင်း၏ ဂုဏ်ကျက်သရေကို ညိုးမှိန်စေမည့် အရောင်အဆင်း မှေးမှိန် ပျက်ယွင်းခြင်း၊ ချုပ်ရိုးချုပ်သား ပြုတ်ခြင်းနှင့် ပိတ်သားများ စုတ်ပြဲခြင်းစသော ချို့ယွင်းချက်များမရှိသည့် အလံမျိုးကိုသာ အသုံးပြုရမည်။

အခန်း (၄)
တားမြစ်ချက်နှင့် ပြစ်ဒဏ်

၁၃။ နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါတစ်ခုခုကို မပြုလုပ်ရ-

(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း၊
(ခ) နိုင်ငံတော်အလံကို-
(၁) အဆင်းအရွယ်၊ ပုံသဏ္ဍာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း၊
(၂) ပြဋ္ဌာန်းခွင့်ပြုထားခြင်း မရှိသည့်နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း၊
(၃) မလေးမစားပြုခြင်း။
(ဂ) နိုင်ငံတော်အလံ၏ အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံတစ်ခုခု လွှင့်ထူခြင်း၊

၁၄။ နိုင်ငံတော်အလံလွှင့်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မည်သူမျှ-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏အမိန့်မရဘဲ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း မပြုရ။
(ခ) ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်ထု အစရှိသော အထိမ်းအမှတ်ဖွင့်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်း မပြုရ။
(ဂ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် မှအပ ကွယ်လွန်သူ၏ ရုပ်ကလပ်ကို နိုင်ငံတော်အလံ ဖြင့် ဖုံးလွှမ်းခြင်း မပြုရ။
(ဃ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော် အလံကို သင်္ဂြိုဟ်ခြင်းမပြုရ။ နိုင်ငံတော်အလံနှင့် သင်္ချိုင်းမြေမထိရ။
(င) နိုင်ငံတော်အလံကို အတင်အချပြုရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော်အလံ အောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိရ။
(စ) နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက်သရေ ပျက်ပြားစေရန် တမင်သက်သက်ပြုခြင်း မပြုရ။

၁၅။ နိုင်ငံတော်အလံကို မည်သူမျှ-

(က) ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ၊
(ခ) အခင်းအဖြစ် အသုံးမပြုရ။
(ဂ) နိုင်ငံတော်၏ ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်း မှအပ ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည် ခြယ်လှယ်မှုအဖြစ်လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရ။

၁၆။ မည်သူမဆို ပုဒ်မ ၁၃ ၊ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၅)
အထွေထွေ

၁၇။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည်အတည်ဖြစ်သည်။

၁၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -

(က) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် လိုအပ်သောနည်းဥပဒေများကို ထုတ်ပြန်နိုင် သည်။
(ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။

၁၉။ နိုင်ငံတော်အလံဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

နောက်ဆက်တွဲ – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ[edit]

အဝါရောင်: ပင်န်တုန်း ၁၁၆ ပီစီ (PANTONE 116 PC)
အနီ အမ် (M) = ၁၂% ၊ အဝါ ဝိုင် (Y) = ၁၀၀ %

အစိမ်းရောင်: ပင်န်တုန်း ၃၆၁ ပီစီ (PANTONE 361 PC)
အပြာ စီ (C) = ၇၅ % ၊ အဝါ ဝိုင် (Y) = ၁၀၀ %

အနီရောင်: ပင်န်တုန်း ၁၇၈၈ ပီစီ (PANTONE 1788 PC)
အနီ အမ် (M) = ၈၈ %၊ အဝါ ဝိုင် (Y) = ၈၀%

၁။ နိုင်ငံတော်အလံအလျား = ၉ ပေ

၂။ နိုင်ငံတော်အလံအနံ = ၆ ပေ

၃။ အရောင်တစ်ရောင်စီ၏အကွာအဝေး (က-ခ) (ခ-ဂ) (ဂ-ဃ) = ၂ ပေစီ

၄။ ကြယ်ဖြူအပေါ်ကြယ်လက်တံသည် အထက်သို့ မတ်မတ်ညွှန်ကာရှိနေရမည်။ အလံတော်လျား၏ အလယ်တည့်တည့်အကွာအဝေး (က-စ) (စ-င) = ၄ ပေ နှင့် ၆ လက်မ

၅။ ကြယ်၏ထိပ်မှ အလံ၏အဝါရောင်အနားသပ်အထိ အကွာအဝေး (စ-ဆ) နှင့် အနီရောင်အတွင်းရှိ အောက်ပိုင်းကြယ်လက်တံနှစ်ခု၏ထိပ်မှ အလံ၏အနီရောင်အနားဘက်အထိ အကွာအဝေး (ည-ဌ) (ဈ-ဍ) = ၁ ပေစီ

၆။ ကြယ်လက်တံ တစ်ခုနှင့်တစ်ခုအကွာအဝေး (ဆ-ဇ) (ဇ-ဈ) (ဈ-ည) (ည-ဋ) (ဋ-ဆ) = ၂ ပေ နှင့် ၇.၂ လက်မစီ