သိဒ္ဓတ္ထမင်းသား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂။ သိဒ္ဓတ္ထမင်းသား (ကျောင်းသားကိုင်သို့)
339335ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂။ သိဒ္ဓတ္ထမင်းသား (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

သိဒ္ဓတ္ထမင်းသား

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားအကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မတူညီသော ရုပ်ပုံနှစ်ခု။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ရုပ်ပုံနှစ်ခုစီပေး၍ မတူညီမှုများကိုရှာရန် အုပ်စုများအားပြောပါ။ အချိန် (၅) မိနစ်ပေးပါ။

֍တွေ့ရှိချက်တစ်ခုစီကို အုပ်စုလိုက် အလှည့်ကျပြောပါစေ။ အုပ်စုတစ်စုပြောပြီးတိုင်း အခြားအုပ်စုများက ဟုတ်၊ မဟုတ် လေ့လာကြပါစေ။ မတူညီမှုများအားလုံး ကုန်သည် အထိ ပြုလုပ်ပါ။

֍ဆရာက ရုပ်ပုံတွင် မတူညီသောအချက်များ ရှာဖွေသကဲ့သို့ မိမိအနားရှိ သူငယ်ချင်းနှင့် မိမိတို့၏ မတူညီမှုများကို အပြန်အလှန် ရှာဖွေပြောဆိုပါစေ။ အချိန် (၁၀) မိနစ်ခန့်ပေးပါ။

֍တစ်ဦးနှင့် တစ်ဦး မည်သို့ပင် ကွဲပြားခြားနားသော်လည်း အားလုံးသည် လူသားများဖြစ် ခြင်းမှာမူ တူကြောင်း၊ ဗုဒ္ဓဘုရားရှင်သည်လည်း လူသားတစ်ဦးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လူသားအားလုံး၏ သဘာဝအတိုင်း မွေးခြင်း၊ သေခြင်းမှာလည်း တူကြောင်း၊ သို့သော် ဗုဒ္ဓ ဘုရားရှင်တွင် အခြားသာမန်လူများနှင့် မတူသောအချက်များရှိကြောင်း စသည်ဖြင့် ရှင်းပြ ပေးပါ။

֍ဗုဒ္ဓဘုရားရှင်နှင့် သာမန်လူသားတို့ မတူညီသောအချက်များကို ကလေးများ သိသမျှ ပြော ပြကြပါစေ။ ပြောသမျှကို လက်ခံထားပါ။ နောက်အချိန်တွင် ဆက်လက်ရှာဖွေကြမည် ဖြစ်ကြောင်း ပြောပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကမ္ဘာ့မြေပုံ၊ သိဒ္ဓတ္ထမင်းသားအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအမည်များကို ဆရာက သင်ပုန်းပေါ်တွင် ရေးချပါ။

[သတိပြုရန် 1]

သိဒ္ဓတ္ထမင်းသား၊ အိန္ဒိယနိုင်ငံ၊ ဘုရင်သုဒ္ဓေါဒန၊ မာယာဒေဝီ၊ ပဇာပတိဂေါတမီ၊ ကပိလဝတ်ပြည်၊ ဒေဝဒဟပြည်၊ လုမ္ဗိနီ အင်ကြင်းဥယျာဉ်၊ ယသောဓရာ။

֍အထက်ပါအမည်များနှင့်ပတ်သက်၍ သိသောကလေးများက လက်ထောင်ကြပါစေ။

֍လက်ထောင်ထားသူများထဲမှ ရွေးချယ်၍ တစ်ဦးချင်းပြောပြကြပါစေ။

֍ထို့နောက် ဆရာက “သိဒ္ဓတ္ထမင်းသားအကြောင်းကို ပြောပြမယ်”ဟု ဆိုပြီး အောက်ပါ အကြောင်းအရာကို ပြောပြပါ။

သိဒ္ဓတ္ထမင်းသား

ရှေးအခါက အိန္ဒိယနိုင်ငံမှာ ကပိလဝတ်ပြည် ဆိုတာရှိခဲ့ဖူးတယ်။ အဲဒီပြည်ကို ဘုရင်ကြီးသုဒ္ဓေါဒနက အုပ်ချုပ်မင်းပြုခဲ့တယ်။ အဲဒီဘုရင်ကြီးမှာ မာယာဒေဝီရယ်၊ ပဇာပတိ ဂေါတမီရယ်လို့ မိဖုရားနှစ်ပါး ရှိပါတယ်။ ဘုရားအလောင်းတော်ဟာ မာယာဒေဝီမိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ ယူတော်မူခဲ့တယ်။ ပဋိသန္ဓေယူပြီးလို့ ဆယ်လကြာတဲ့အခါမှာ မာယာဒေဝီမိဖုရားကြီးဟာ သူ့ရဲ့ မွေးရပ်မြေ ဒေဝဒဟပြည်ကို အလည်သွားချင်စိတ် ဖြစ်လာတယ်။ အဲဒါနဲ့ ဘုရင်ကြီးသုဒ္ဓေါဒနထံ ခွင့်တောင်းခဲ့တယ်။ ဘုရင်ကြီးက ခွင့်ပြုလိုက်တယ်။ မိဖုရားကြီးကို ပြုစုလုပ်ကျွေးဖို့ အခြွေအရံတွေကိုလည်း ထည့်ပေးလိုက်တယ်။ မိဖုရားကြီးသွား မယ့် တစ်လမ်းလုံးကိုလည်း ခမ်းခမ်းနားနား ပြင်ဆင်ပေးခဲ့တယ်။

မာယာဒေဝီမိဖုရားကြီးဟာ လမ်းတစ်ဝက်လောက်ရောက်တော့ လုမ္ဗိနီအင်ကြင်း ဥယျာဉ်မှာ ခဏဝင်နားပြီး အပန်းဖြေတယ်။ အဲဒီအချိန် ဥယျာဉ်တစ်ခုလုံးမှာရှိတဲ့ အင်ကြင်းပန်း တွေ ဖူးပွင့်ဝေဆာနေလို့ တကယ်သာယာကြည်နူးစရာ ကောင်းလှတယ်။ မိဖုရားကြီးဟာ အင်ကြင်းဥယျာဉ်ထဲမှာ လှည့်ပတ်ကြည့်နေတုန်း ဝမ်းတော်လှုပ်လာလို့ အထိန်းတော်တွေက အဝတ်လိုက်ကာတွေနဲ့ ကာရံပေးကြပါတယ်။ မိဖုရားကြီးလည်း အင်ကြင်းကိုင်းကို ကိုင်ထားရင်း မတ်တတ်ရပ်လျက်နဲ့ပဲ ဘုရားအလောင်းတော်ကို မွေးဖွားခဲ့တယ်။ ဘုရားအလောင်း တော် မင်းသားလေးကို “သိဒ္ဓတ္ထ” လို့ အမည်ပေးလိုက်တယ်။ သိဒ္ဓတ္ထမင်းသားလေးဟာ ကလေးဘဝကတည်းက သူများအပေါ်မှာ စိတ်ကောင်းထားတယ်၊ ကူညီချင်စိတ်ရှိတယ်၊ လူကြီးမိဘတွေရဲ့ စကားကို အမြဲနားထောင်တယ်။ အဲဒါကြောင့်မို့ လူကြီးမိဘတွေ၊ မင်းညီ မင်းသားတွေ၊ နန်းတော်ထဲမှာရှိတဲ့ မင်းမှုထမ်းတွေ အကုန်လုံးက မင်းသားလေးကို ဝိုင်းပြီး ချစ် ကြတယ်။ မင်းသားလေးဟာ တိရစ္ဆာန်လေးတွေအပေါ်မှာလည်း သနားကြင်နာတတ်တယ်။

သိဒ္ဓတ္ထမင်းသား ၁၆ နှစ်အရွယ်ရောက်တော့ ဖခင်ဘုရင်ကြီးက မင်းသားလေး အတွက် သမီးရတနာပေးလာကြဖို့ ဆွေတော်မျိုးတော်တွေကို သတင်းပို့လိုက်တယ်။ ဒါပေမဲ့ သမီးရှင်မင်းကြီးတွေက မင်းသားလေးကို “အဆင်းသာလှ၍ ပညာမတတ်သူ”လို့ ပြစ်တင် ကဲ့ရဲ့ကြတယ်။ သူတို့ရဲ့ သမီးတွေကိုလည်း မပေးနိုင်ဘူးလို့ ငြင်းလိုက်ကြတယ်။ ဒီအကြောင်း ကို မင်းသားလေးသိတဲ့အခါ နာမည်အကြီးဆုံး လေးသမားတွေအကုန်လုံးကို ဆင့်ခေါ်ပြီး နန်းရင်ပြင်မှာ လေးပြပွဲကြီး ကျင်းပခဲ့တယ်။ အဲဒီလေးပြပွဲမှာ မင်းသားလေးဟာ တခြားလေး သမားတွေ ဘယ်သူမှ မပြနိုင်တဲ့ လေးအတတ်ပညာတွေကို အကောင်းဆုံးပြသလိုက်တယ်။ အဲဒီလို မင်းသားလေးရဲ့ ပညာအစွမ်းကိုမြင်လိုက်ရတော့ သမီးရှင်မင်းကြီးများက သဘောကျ ပြီးတော့ သူတို့ရဲ့ သမီးရတနာများကို ဆက်သလာကြတယ်။ မင်းသားလေးဟာ မင်းသမီးတွေ ထဲက ဒေဝဒဟပြည် ဘုရင်ကြီးရဲ့ သမီးတော် ယသောဓရာမင်းသမီးလေးနဲ့ ထိမ်းမြား လက်ထပ်ပြီး ထီးနန်းစိုးစံတော်မူခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၁-၁၅၅။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သိဒ္ဓတ္ထမင်းသားအကြောင်း ရေးထားသော စာရွက်များ၊ စာရွက်လွတ်ကြီးများနှင့် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့၍ အုပ်စုအမည်များ ပေးထားပါ။

ထို့နောက် သိဒ္ဓတ္ထမင်းသားအကြောင်း ရေးထားသောစာရွက်နှင့် စာရေးရန် စာရွက်ကြီးကို အုပ်စုတိုင်းအား ဝေပေးပါ။

֍ကလေးများအား ဆရာရွတ်ဆိုပြသော အက္ခရာနှင့်စသည့် အမည်ကို ပေးထားသော စာရွက်တွင် ရှာရမည်ဖြစ်ကြောင်းနှင့် စာရွက်လွတ်ကြီးများတွင် ရှာတွေ့ သောစာလုံးများ ကို ချရေးကြရမည်ဖြစ်ကြောင်း ရှင်းပြပြီးနောက် ဆရာက အက္ခရာတစ်လုံးကို ဦးစွာရွတ်ပြ ပါ။ ဥပမာ “သ” ဟု ဆရာက ရွတ်ဆိုလျှင် ကလေးများက “သ” နှင့်စသော စကားလုံးကို ရှာပြီး စာရွက်လွတ်ကြီးပေါ်တွင် ချရေးကြပါစေ။

ထိုနည်းအတိုင်း ...
-သ (သုဒ္ဓေါဒနမင်းကြီး/သိဒ္ဓတ္ထ)
-က (ကာဠဒေဝီလရသေ့/ကပိလဝတ်ပြည်)
-ဆ (ဆင်ဖြူတော်)
-မ (မာယာဒေဝီ)
-အ (အင်ကြင်းဥယျာဉ်)
-ပ (ပဋိသန္ဓေ) စသည်ဖြင့်။

֍ကလေးများအားလုံး ချရေးပြီးပါက အုပ်စုအလိုက် သင်ပုန်းပေါ်တွင် လာ၍ကပ်ကြပါစေ။ အုပ်စုလိုက်ရှာထားသော စကားလုံးများကို ကြည့်၍ များများရှာနိုင်သောအုပ်စုကို ချီးကျူးပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရင်သုဒ္ဓေါဒန၊ မာယာဒေဝီနှင့် ဂေါတမီပုံ၊ မာယာဒေဝီက ဒေဝဒဟပြည်သို့ သွားရန် ဘုရင်ကြီးထံ ခွင့်တောင်းနေသောပုံ၊ အင်ကြင်းဥယျာဉ်၌ ရားအလောင်း ဖွားမြင်တော်မူပုံ၊ လေးတင်ပွဲတွင် ဘုရားအလောင်းပါဝင်၍ ပညာအစွမ်းကို ပြသနေပုံ၊ ဘုရားအလောင်းတော်နှင့် ယသောဓရာမင်းသမီး ထိမ်းမြားလက်ထပ်နေသောပုံ ကတ်ပြားများ၊ ဘုရားအလောင်း ဖွားတော်မူခန်း ကဗျာ၊ သိဒ္ဓတ္ထမင်းသား ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်ကို ဘယ်နေရာမှာ မွေးဖွားခဲ့တာလဲ။
-ဘုရားအလောင်းတော်ကို ဘာဖြစ်လို့ အားလုံးက ဝိုင်းချစ်ကြတာလဲ။
-နန်းရင်ပြင်မှာ ဘာဖြစ်လို့ လေးတင်ပွဲ ကျင်းပရတာလဲ။

[သတိပြုရန် 2]

֍ထို့နောက် ကလေး (၅) ဦးကို ခေါ်ထုတ်၍ ရုပ်ပုံကတ်ပြား (၅) ပုံကို တစ်ပုံစီ ကိုင်ထားကြ ပါစေ။

֍ကလေး (၅) ဦးကို တန်းစီရပ်စေပြီး ရုပ်ပုံကတ်ပြားကို အတန်းဘက်လှည့်၍ ကိုင်စေကာ အောက်ပါအတိုင်း ပြောပါစေ။

-ကလေးတစ်ဦးစီက “ကျွန်တော်ကိုင်ထားတဲ့ ရုပ်ပုံဟာ ....ပုံ ဖြစ်ပါတယ်” ဟု ပြောကြပါစေ။

֍ထို့နောက် ကလေး (၅)ဦး ကိုင်ထားသော ရုပ်ပုံကတ်ပြားကို ၎င်းတို့ဘက်သို့ လှည့်၍ ကိုင်စေပြီး ဆရာက “သူကိုင်ထားတာ ဘာပုံလဲ”ဟု ကလေးတစ်ဦးချင်းအား ခေါ်မေးပါ။

֍အဖြေမှန်သော ကလေးများကို လက်ခုပ်တီးကာ ချီးကျူးဂုဏ်ပြုပေးပါ။

֍ကလေးများအားလုံး ပါဝင်ဖြေဆိုပြီးပါက ရုပ်ပုံကတ်ပြားများကို အစဉ်လိုက်ပြန်စီ၍ ဆရာက သင့်လျော်သလို အနှစ်ချုပ်ပေးပြီး အောက်ပါ ဘုရားအလောင်း ဖွားတော်မူခန်း ကဗျာ ကို ရွတ်ဆိုကြပါစေ။

ဘုရားအလောင်းဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာမြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော်တသောင်းသောင်း။ ။

֍ပြီးလျှင် အောက်ပါ သိဒ္ဓတ္ထမင်းသား ကဗျာကို ကလေးများ အလွတ်ရသည်အထိ သင်ကြားပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

သိဒ္ဓတ္ထမင်းသား

ရုပ်အဆင်းလည်း လှပသူ၊
ပညာတတ်တဲ့ သူ။
အမည်ကမူ သိဒ္ဓတ္ထ၊
မြားပညာစုံပြ။
ဒေဝဒဟမှ ယသောဓရာ၊
ထိမ်းမြားလက်ထပ်ကာ။
ထီးနန်းမှာ သူစံစား၊
ထူးမြတ်တဲ့ မင်းသား။ ။

  1. ကမ္ဘာ့မြေပုံကို အသုံးပြု၍ အိန္ဒိယနိုင်ငံ၏ တည်နေရာကို ပြောကြားနိုင်ပါသည်။
  2. ရုပ်ပုံကတ်ပြားများကို အစဉ်လိုက် မဟုတ်ဘဲ သင့်သလို ကိုင်ကြပါစေ။