သိဒ္ဓတ္ထမင်းသား

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂။ သိဒ္ဓတ္ထမင်းသား
326915ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂။ သိဒ္ဓတ္ထမင်းသားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

သိဒ္ဓတ္ထမင်းသား

[edit]

ရှေးအခါက အိန္ဒိယနိုင်ငံ၊ ကပိလဝတ်မြို့တွင် ဘုရင်ကြီးသုဒ္ဓေါဒန အုပ်ချုပ်မင်းပြုခဲ့သည်။ ဘုရင်ကြီးတွင် မာယာဒေဝီနှင့် ပဇာပတိဂေါတမီဟူသော မိဖုရားနှစ်ပါး ရှိလေသည်။ မိဖုရားမာယာ ဒေဝီတွင် ဘုရားအလောင်းတော် ပဋိသန္ဓေတည်တော်မူခဲ့သည်။ ပဋိသန္ဓေတည်တော်မူပြီး ဆယ်လ ကြာသောအခါ မာယာဒေဝီသည် ဘုရင်ကြီးသုဒ္ဓေါဒနထံ ခွင့်ပန်ပြီး မိဘဆွေမျိုးများရှိရာ ဒေဝဒဟ ပြည်သို့ အခြွေအရံများစွာဖြင့် ခရီးထွက်ခဲ့သည်။ ဘုရားအလောင်းတော်ကို ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် နှစ်ပြည်ထောင်အကြား လုမ္ဗိနီအင်ကြင်းတောတွင် ဖွားမြင်တော်မူပါသည်။ ဘုရား အလောင်းတော်ကို “သိဒ္ဓတ္ထ”ဟု အမည်ပေးခဲ့ကြသည်။

ဘုရားအလောင်း ဖွားတော်မူခန်း

[edit]

သုဒ္ဓေါဒန ဖခင်ပါ။
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။ ။

သိဒ္ဓတ္ထမင်းသား အသက် ၁၆ နှစ်အရွယ်ရောက်သောအခါ ဆွေတော်မျိုးတော် တို့က “သိဒ္ဓတ္ထသည် ရုပ်အဆင်းသာလှ၍ ပညာမတတ်သူ”ဟု ကဲ့ရဲ့ ကြသဖြင့် အတတ်ပညာ ပြပွဲကြီး ကျင်းပခဲ့သည်။ အတတ်ပညာပြပွဲတွင် သိဒ္ဓတ္ထမင်းသားသည် အခြားလေးသမား အကျော်အမော်တို့ မစွမ်းဆောင်နိုင်သော မြားပစ်နည်းအမျိုးမျိုးကို ပြသခဲ့သည်။

အတတ်ပညာပြပွဲ ပြီးသောအခါ ဒေဝဒဟပြည် ဘုရင်ကြီး၏ သမီးတော် ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်ပြီး ထီးနန်းစည်းစိမ် စံစားတော်မူခဲ့ပါသည်။

သိဒ္ဓတ္ထမင်းသား

[edit]

ရုပ်အဆင်းလည်း လှပသူ၊
ပညာတတ်တဲ့ သူ။
အမည်ကမူ သိဒ္ဓတ္ထ၊
မြားပညာစုံပြ။
ဒေဝဒဟမှ ယသောဓရာ၊
ထိမ်းမြားလက်ထပ်ကာ။
ထီးနန်းမှာ သူစံစား၊
ထူးမြတ်တဲ့ မင်းသား။ ။