ကျွန်ုပ်တို့ဓမ္မစကူးလ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁။ ကျွန်ုပ်တို့ဓမ္မစကူးလ်
326914ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁။ ကျွန်ုပ်တို့ဓမ္မစကူးလ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

ကျွန်ုပ်တို့ ဓမ္မစကူးလ်[edit]

ခရီးသွား တိမ်နတ်သားလေး

ခရီးသွား တိမ်နတ်သားလေးသည် ခရီးသွားရင်း သာယာကုန်းရွာသို့ ရောက်ရှိလာသည်။ ရွာလမ်း ပေါ်တွင် တူညီဝတ်စုံများ ဝတ်ဆင်ထားသော ကလေးများကို မြင်သောအခါ စိတ်ဝင်စားသွား၏။ ထို့ကြောင့် တိမ်လွှာလေးများကို စီး၍ ကလေးများကို လိုက်ကြည့်မိသည်။ ကလေးများ ဘုန်းကြီးကျောင်းဝင်းထဲ ဝင်သွားကြသည်။ သူငယ်ချင်းအချင်းချင်း လက်အုပ်ချီ၍ “မင်္ဂလာပါ”ဟု နှုတ်ဆက်နေကြသည်။

ထို့နောက် ဘုရားကို သောက်တော်ရေကပ်ကြသည်။ ဘုရားပန်း ကပ်လှူကြသည်။ ကျောင်းဝင်း အတွင်း သန့်ရှင်းရေးလုပ်ကြသည်။ ဘုရားဝတ်ပြုပြီး တရားထိုင်ကြသည်။ ထို့နောက် သက်ဆိုင်ရာ ဓမ္မစကူးလ်အတန်းများတွင် ပျော်ရွှင်စွာ ဝင်ရောက်သင်ယူနားထောင်ကြသည်။ တိမ်နတ်သားလေးသည် ငြိမ်းချမ်းလှသော သာယာကုန်းရွာမှ ကလေးလူငယ်များ၏ ယဉ်ကျေးလိမ္မာပုံများ၊ ညီညီညွတ်ညွတ် တက်တက်ကြွကြွ လုပ်ဆောင်ပုံများကို တွေ့မြင်လိုက်ရသောကြောင့် ဝမ်းသာကြည်နူးသွားပါသည်။

တိမ်နတ်သားလေးသည် ခရီးဆက်ရင်း သပြေတောရွာသို့ ရောက်လာခဲ့သည်။ ရွာအနောက်တွင် ညစ်ပတ်နံစော်နေသော အမှိုက်ပုံကြီးကို တွေ့ရသဖြင့် တိမ်နတ်သားလေး စိတ်ပျက်သွားသည်။ ရွာထဲသို့ ကြည့်လိုက်သောအခါ နေမြင့်မှ အိပ်ရာထသော ကလေးများ၊ ရန်ဖြစ်နေကြသော ကလေးများ၊ လူကြီးများအား ရိုင်းပျစွာ ပြောဆိုနေကြသော ကလေးများကို တွေ့ရ၏။ ထိုအခါ တိမ်နတ် သားလေး စိတ်ညစ်ညူးရပြန်သည်။

ဓမ္မစကူးလ်တက်နေကြသော သာယာကုန်းရွာက ကလေးများနှင့် သပြေတောရွာက ကလေးများ အလွန်ကွာခြားသည်ကို ကြည့်၍ တိမ်နတ်သားလေး စိတ်မချမ်းမသာ ဖြစ်မိသည်။ ထို့ကြောင့် သပြေ တောရွာမှ အလျင်အမြန် ပြန်ထွက်သွားလေတော့သည်။

ဓမ္မစကူးလ်သွားကြမယ်[edit]

လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဘုန်းဘုန်းတွေ့မယ်...ဆရာလေးတွေ့မယ်..ကုသိုလ်တွေရမယ်..။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ်...သိမ်မွေ့ရမယ်...ပျော်ရွှင်သွားရမယ်...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဆေးရောင်ခြယ်မယ်..ပုံပြောပြမယ်...သီချင်းတွေဆိုကြမယ်..။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ်... သိမ်မွေ့ရမယ်..ပျော်ရွှင်သွားရမယ်...။ ။