ကျွန်ုပ်တို့ဓမ္မစကူးလ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁။ ကျွန်ုပ်တို့ဓမ္မစကူးလ် (ကျောင်းသားကိုင်သို့)
339334ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁။ ကျွန်ုပ်တို့ဓမ္မစကူးလ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

ကျွန်ုပ်တို့ ဓမ္မစကူးလ်

သင်ယူမှုဦးတည်ချက်။ ။ ဓမ္မစကူးလ်တွင် သင်ကြားလုပ်ဆောင်ကြမည့်လုပ်ငန်းများကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့၊ ဒီနေ့ဟာ ဓမ္မစကူးလ်ရဲ့ ပထမဆုံးနေ့ ဖြစ်တယ်။ သားတို့၊ သမီးတို့ တွေ့တဲ့အတိုင်း ဓမ္မစကူးလ်ကို လာတက်ကြတဲ့သူတွေကလည်း အများကြီးပဲ။ ဒီတော့ သူငယ်ချင်းတွေ ဖြစ်သွားရအောင်၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးတော့ ရင်းနှီးသွားရ အောင် မိတ်ဆက်လိုက်ကြရအောင်နော်” စသည်ဖြင့်ပြောပြီး စာသင်ချိန်ကို စတင်ပါ။

֍ဆရာက မိမိအကြောင်းကို ဦးစွာ မိတ်ဆက်ပါ။

֍ကလေးတစ်ဦးစီအား မိမိတို့၏အမည်ကို ပြောပြစေပြီး အမည်၏ အစစာလုံးတူရာ သူငယ်ချင်းကို ရှာဖွေပြီး နှစ်ယောက်တစ်တွဲ တွဲကြပါစေ။

֍အမည်၏အစ မတူဘဲ ကျန်ခဲ့သောကလေးများကို ကြိုက်နှစ်သက်ရာ တစ်ခုခုကို ပြောပြ စေပြီး နှစ်သက်ရာတူသူ သူငယ်ချင်းကို ရှာဖွေပြီး တွဲကြပါစေ။

֍ကျန်ခဲ့သော ကလေးများရှိလျှင် ဆရာက ကူညီပြီး တွဲပေးပါ။

֍နောက်ဆုံးတွင် ဆရာက “သားတို့၊ သမီးတို့အားလုံး သူငယ်ချင်းတွေ ဖြစ်သွားကြပြီ။ သူငယ်ချင်းအားလုံး ချစ်ချစ်ခင်ခင်နဲ့ ဓမ္မစကူးလ်မှာ ပျော်ပျော်ရွှင်ရွှင် စာသင်ကြမယ်။ ပျော်စရာကောင်းတဲ့ ဓမ္မစကူးလ်မှာ တစ်ပတ်တစ်ရက် တွေ့ကြမယ်နော်” စသည်ဖြင့် ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်ကြီးများနှင့် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

နည်းလမ်း (၁)

အကယ်၍ ကလေးများအားလုံး ဓမ္မစကူးလ်ကို ယခင်က မတက်ဖူးကြသူများဖြစ်လျှင် -

֍ကလေးများအား သင့်လျော်သလို အုပ်စုများများ ဖွဲ့ပါ။

֍အုပ်စုတစ်စုစီအတွက် စာရွက်ကြီးတစ်ခုစီ ဝေထားပါ။

֍ပြီးနောက် “သားတို့၊ သမီးတို့က ဓမ္မစကူးလ်ကို စိတ်ဝင်စားပြီး လာတက်ကြတဲ့သူတွေ ဆိုတော့ ဆရာက မေးခွန်းလေးတွေ မေးကြည့်မယ်။ ကိုယ့်အုပ်စုနဲ့ကိုယ် စဉ်းစားဆွေးနွေးကြ ရမယ်။ ပြီးရင် ဒီစာရွက်ကြီးတစ်ခုထဲမှာပဲ အုပ်စုဝင်တစ်ဦးချင်းစီက ကိုယ့်နာမည်လေးတွေ တပ်ပြီး မေးခွန်းတွေနဲ့ပတ်သက်တဲ့ ကိုယ်ထင်တာတွေကို ချရေးကြရမယ်နော်” စသည် ဖြင့် ပြောကြားပြီး အောက်ပါမေးခွန်းများကို စဉ်းစားဆွေးနွေးပြီး တစ်ဦးစီ ချရေးကြပါစေ။

-ဓမ္မစကူးလ်ကို ဘာကြောင့် လာတက်ကြတာလဲ။

-ဓမ္မစကူးလ်မှာ ဘာတွေ သင်မယ်လို့ ထင်သလဲ။

-ဘာတွေ လုပ်ရမယ်လို့ ထင်သလဲ။

-ဓမ္မစကူးလ်မှာ သားတို့၊ သမီးတို့ လုပ်ချင်တာတွေက ဘာတွေလဲ။

-သားတို့၊ သမီးတို့ ဖြစ်ချင်တဲ့ ဓမ္မစကူးလ်ရဲ့ ပုံစံက ဘယ်လိုမျိုးလဲ။

֍အုပ်စုလိုက် ချရေးထားသော စာရွက်များကို သင်ပုန်းပေါ်တွင်လည်းကောင်း၊ အခန်းနံရံ တွင်လည်းကောင်း ကပ်ထားစေပြီး ကလေးများအားလုံးက အခန်းတွင်းရှိစာရွက်များကို လိုက်ကြည့်ကြပါစေ။

နည်းလမ်း (၂)

အကယ်၍ ဓမ္မစကူးလ်တွင် တက်ဖူးသော ကလေးများ ပါရှိလျှင် -

֍ဓမ္မစကူးလ်ကို တက်ဖူးသော ကလေးများနှင့် မတက်ဖူးသောကလေးများဟူ၍ သင့်လျော် သလို အုပ်စုများများ ဖွဲ့ပါ။

[သတိပြုရန် 1]

֍မတက်ဖူးသော ကလေးများက နည်းလမ်း (၁) ပါ မေးခွန်းများကို စဉ်းစားဆွေးနွေးကြ စေပြီး နည်းလမ်း (၁) အတိုင်း ပြုလုပ်ကြပါစေ။

֍တက်ဖူးသောကလေးများက အောက်ပါမေးခွန်းများကို စဉ်းစားဆွေးနွေးကြစေပြီး နည်းလမ်း (၁) အတိုင်းပြုလုပ်ကြပါစေ။

[သတိပြုရန် 2]

-ဓမ္မစကူးလ် တက်ချိန်မှာ ဘာလုပ်ရတာကို အပျော်ဆုံးလဲ။
-ဘယ်စာသင်ချိန်ကို အကြိုက်ဆုံးလဲ။ ဘာကြောင့်လဲ။
-ဘာတွေလုပ်ရတာကို မကြိုက်ဘူးလဲ။ ဘာကြောင့်လဲ။
-သားတို့၊ သမီးတို့ ဖြစ်ချင်တဲ့ ဓမ္မစကူးလ်ရဲ့ ပုံစံက ဘယ်လိုမျိုးလဲ။

֍နောက်ဆုံးတွင် ဆရာက ကလေးများ ရေးထားသည်များ၊ ဆွေးနွေးထားသည်များကို ချီးကျူးစကားဆိုပေးပြီး လိုအပ်သလို အနှစ်ချုပ်ကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ခရီးသွား တိမ်နတ်သားလေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ခရီးသွား တိမ်နတ်သားလေး ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ခရီးသွား တိမ်နတ်သားလေး

ကောင်းကင်မှာ သွားလာလှည့်လည်လေ့ရှိတဲ့ တိမ်နတ်သားလေးဟာ ဒီနေ့မနက်မှာ တော့ ထူးထူးခြားခြားမြင်ကွင်းတစ်ခုကို မြေပြင်ပေါ်က သာယာကုန်းရွာလေးမှာ တွေ့လိုက်ရ တယ်။ အဲဒါက တူညီဝတ်စုံဝတ်ထားတဲ့ ကလေးငယ်လေးတွေ အများကြီးဟာ ပျော်ရွှင်တက် ကြွစွာနဲ့ တစ်နေရာရာကို သွားနေကြတာကိုပါ။ ဒီလို ကလေးငယ်လေးတွေ ညီညီညွတ်ညွတ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားနေကြတာ ဘယ်နေရာဖြစ်မလဲဆိုတာ တိမ်နတ်သားလေးက အလွန် ကို သိချင်သွားတယ်။ မြေပြင်ပေါ်က ကလေးငယ်လေးတွေ သွားရာနောက်ကို လိုက်ကြည့်ဦး မှပဲလို့ စဉ်းစားမိပြီး တိမ်လွှာတွေစီးကာ မြေပြင်ပေါ်က ကလေးတွေ သွားနေတဲ့လမ်းအတိုင်း ဦးတည်လိုက်ပါလာတယ်။

ဒီလိုနဲ့ ရွာထိပ်နားရောက်တော့ ကလေးတွေအားလုံး ရွာဦးဘုန်းကြီးကျောင်းဝင်းထဲ ဝင်သွားကြတာကို တွေ့ ရတယ်။ အရင်ရောက်နှင့်နေတဲ့ ကလေးတွေက နောက်မှရောက်လာ တဲ့ သူငယ်ချင်းငတွေကို လက်အုပ်ချီပြီး မင်္ဂလာပါလို့ နှုတ်ဆက်နေကြတာကိုလည်း တွေ့ လိုက် ရတယ်။ ဒီလိုသူငယ်ချင်းအချင်းချင်း လက်အုပ်ချီ ခေါင်းလေးညွတ်ပြီး နှုတ်ဆက်တာကို တိမ် နတ်သားလေး အရင်က တစ်ခါမှမမြင်ဖူးခဲ့ဘူး။ အင်မတန်မှ ကျက်သရေရှိတဲ့ မြင်ကွင်းကို မြင် လိုက်ရတော့ တိမ်နတ်သားလေးရဲ့ စိတ်နှလုံးမှာ ကြည်နူးပီတိတွေနဲ့ ဖြာဝေသွားပါတော့တယ်။

အိမ်ကနေ ပန်းယူလာတဲ့ ကလေးတွေကတော့ ဘုရားပန်းအိုးထိုးဖို့ ပြင်ဆင်နေကြ ပါတယ်။ ဘုရားသောက်တော်ရေ ကပ်မယ့်သူတွေကလည်း ရေခွက်တွေကို အသေအချာ ဆေးနေကြပြီး ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်းတဲ့သူတွေ အမှိုက်သိမ်းတဲ့သူတွေနဲ့ ပျော်ရွှင်စွာ သန့်ရှင်းရေးလုပ်နေကြတဲ့ ကလေးငယ်တွေကိုကြည့်ပြီး တိမ်နတ်သားလေးတောင် ရွှင်မြူးတက်ကြွလာပါတယ်။ အချက်ပေးခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရတဲ့အခါမှာ တော့ ကလေးတွေအားလုံး ဓမ္မာရုံကြီးတစ်ခုထဲမှာ စုဝေးလိုက်ကြတာကို တွေ့ ရတယ်။

အဲဒီနောက်မှာတော့ ဘုရားပန်းနဲ့ ရေချမ်းကပ်လှူကြပြီး ကလေးတွေအားလုံးဟာ ညီညီညာညာနဲ့ ဘုရားရှိခိုးကြတယ်၊ သီလခံယူကြတယ်၊ (၅) မိနစ်လောက် တရားထိုင်ကြ တယ်။ ကလေးတွေ တရားထိုင်တာကို ကြည့်ရင်း တိမ်နတ်သားလေး ရင်ထဲမှာ ငြိမ်းချမ်းမှုကို ခံစားလိုက်ရတယ်။

(၅) မိနစ် တရားထိုင်အပြီးမှာတော့ ကလေးတွေဟာ မိမိတို့သက်ဆိုင်ရာ အတန်း အသီးသီးမှာ ဗုဒ္ဓဘာသာ သင်ခန်းစာများကို စတင်လေ့လာနေကြတာ တွေ့ ရပါတယ်။ တချို့ အတန်းတွေမှာ ဆရာပြောပြတဲ့ ပုံပြင်ဇာတ်လမ်းကို နားထောင်နေကြတာတွေ၊ တချို့ အတန်း တွေမှာတော့ ပန်းချီဆွဲနေကြတာတွေ၊ အုပ်စုဖွဲ့ပြီး လုပ်ဆောင်နေကြတာတွေ၊ အတန်းလိုက် စုပေါင်းကစားနေကြတာ၊ ပျော်ရွှင်စွာ သီချင်းကဗျာရွတ်ဆိုနေကြတာတွေကို တိမ်နတ်သား လေးက အံ့ဩဝမ်းသာစွာနဲ့ လိုက်လံကြည့်ရှုနေပါတော့တယ်။ သာယာကုန်းရွာရဲ့ ကောင်းကင်မှာ လှည့်လည်သွားနေတဲ့ တိမ်နတ်သားလေးဟာ ငြိမ်းချမ်းလှတဲ့ သာယာကုန်းရွာက ကလေး လူငယ်တွေရဲ့ ယဉ်ကျေးလိမ္မာပုံတွေ ညီညီညွတ်ညွတ်နဲ့ တက်ကြွစွာ လုပ်ဆောင်ပုံတွေကို တွေ့လိုက်ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရတဲ့အပြင် ရွာရဲ့ သန့်ရှင်းတဲ့လေကို ရှူရှိုက်ခွင့်ရတဲ့ အတွက် လန်းဆန်းကြည်နူးနေပါတော့တယ်။

အဲဒီလို ပျော်ရွှင်ကြည်နူးစွာနဲ့ ရှေ့ခရီးဆက်ခဲ့တဲ့ တိမ်နတ်သားလေးဟာ သပြေတော ရွာကို ရောက်ရှိလာပါတော့တယ်။ သပြေတောရွာကို ရောက်လိုက်တာနဲ့ နံစော်နေတဲ့လေက ကြိုဆိုလိုက်တော့ တိမ်နတ်သားလေးလည်း မျက်နှာရှုံ့ မဲ့ပြီး စိတ်ညစ်သွားပါတယ်။ အကြောင်း ရင်းသိချင်လို့ အောက်ဘက်မြေပြင်ပေါ်ကို လှမ်းအကဲခတ်ကြည့်လိုက်တော့ ရွာအနောက် ဘက်က အမှိုက်ပုံမှာ အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတာ တွေ့လိုက်ရတယ်။ သာယာကုန်းရွာက ကလေးတွေလိုပဲ သပြေတောရွာက ကလေးတွေလည်း ဘာတွေလုပ်နေ ကြမလဲဆိုတာ သိချင်လို့ လေ့လာကြည့်တဲ့အခါ ဆူဆူညံညံအသံတွေ ကြားလိုက်ရလို့ အသံ လာရာဘက်ကို အရင်ကြည့်လိုက်တော့ ရွယ်တူကလေးတွေ ရန်ဖြစ်ထိုးကြိတ်နေတာ တွေ့ လိုက်ရတယ်။ တိမ်နတ်သားလေးလည်း အလွန် လန့်သွားပါတယ်။ လန့်သွားတဲ့ တိမ်နတ်သား လေးဟာ ရွာထဲဘက်ကို ဆက်သွားချိန်မှာ နေမြင့်မှ အိပ်ရာထပြီး မျက်နှာသစ်နေတဲ့ အပျင်း ကြီးတဲ့ လူငယ်လေးတွေ၊ ညီလေး၊ ညီမလေးတွေကို အနိုင်ကျင့်နေတဲ့သူတွေ၊ မိဘနဲ့ ဆရာ သမားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောနေတဲ့ ကလေးဆိုးတွေကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် တိမ်နတ်သားလေးဟာ စိတ်ညစ်သွားပြီး သပြေတောရွာကနေ အလျင်အမြန် ပြန် ထွက်သွားပါတော့တယ်။

֍အောက်ပါမေးခွန်းများကို မေးပါ။

-သာယာကုန်းရွာက ကလေးတွေ ဘယ်သွားနေကြတာကို တိမ်နတ်သားလေး တွေ့ လိုက်ရသလဲ။
-သာယာကုန်းရွာက ကလေးတွေ ဓမ္မစကူးလ်ကို ဘာကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ သွား နေကြတာလဲ။
-သာယာကုန်းရွာက ကလေးတွေ သူငယ်ချင်းအချင်းချင်း ဘယ်လိုနှုတ်ဆက်ကြတာလဲ။
-တိမ်နတ်သားလေးဟာ သာယာကုန်းရွာက ကလေးတွေ ဓမ္မစကူးလ်မှာ ဘာတွေလုပ် နေတာ တွေ့ခဲ့ရလဲ။
-ဘာကို မြင်တွေ့လိုက်ရလို့ တိမ်နတ်သားလေးရဲ့ စိတ်က ငြိမ်းချမ်းမှုကို ခံစားလိုက် ရတာလဲ။
-ဘယ်ရွာက လေကို ရှူရှိုက်လိုက်ရလို့ တိမ်နတ်သားလေး မျက်နှာရှုံ့မဲ့ပြီး စိတ်ညစ် သွားရတာလဲ။ ဘာကြောင့်လဲ။
-တိမ်နတ်သားလေး စိတ်ညစ်ပြီး မြန်မြန်ပြန်ထွက်သွားတဲ့ ရွာရဲ့ အမည်ကို ပြောပြပါ။
-တိမ်နတ်သားလေးဟာ ဘာကြောင့် သပြေတောရွာကနေ စိတ်ညစ်ပြီး အလျင်အမြန် ပြန်ထွက်သွားရတာလဲ။
-ကလေးတို့သာဆိုရင် ဘယ်ရွာက ကလေးဖြစ်ချင်သလဲ။ ဘာကြောင့်လဲ။
-ရွာနှစ်ရွာရဲ့ အဓိက ခြားနားချက်က ဘာလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဓမ္မစကူးလ်သွားကြမယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့က ဇာတ်လမ်းလည်း နားထောင်ပြီးပြီဆိုတော့ ရွာနှစ်ရွာရဲ့အကြောင်း ကို သေချာသိသွားပြီ။ အဲဒီတော့ သားတို့၊ သမီးတို့ရဲ့ ရွာ/ရပ်ကွက်/မြို့/ဒေသကို ဘယ် ရွာလို ဖြစ်စေချင်လဲ။ သာယာကုန်းရွာလို ဖြစ်စေချင်တာလား။ သပြေတောရွာလို ဖြစ်စေ ချင်တာလား”ဟု ဦးစွာ မေးပါ။

֍ထို့နောက် “ဘာကြောင့် သာယာကုန်းရွာလို ဖြစ်စေချင်တာလဲ။ သာယာကုန်းရွာလို ဖြစ် အောင် ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာကို အုပ်စုလိုက် ဆွေးနွေးကြည့်ရအောင်”ဟု ဆိုကာ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ ဆွေးနွေးကြပါစေ။

֍အုပ်စုကိုယ်စားလှယ်များက မိတို့ ဆွေးနွေးထားသည်များကို အတန်းရှေ့သို့ ထွက်၍ ပြောပြကြပါစေ။

֍နောက်ဆုံးတွင် ဆရာက ကလေးများ၏အဖြေများကို မှတ်သားထားပြီး လိုအပ်သလို အနှစ်ချုပ်ပေးပါ။

֍ထို့နောက် ပထမတန်း သင်ခန်းစာ (၁) တွင် သင်ကြားခဲ့ပြီးသော အောက်ပါ ဓမ္မစကူးလ် သွားကြမယ် သီချင်းကဗျာကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ဓမ္မစကူးလ်သွားကြမယ်

လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ်...။
ဘုန်းဘုန်းတွေ မယ် ... ဆရာလေးတွေ့ မယ် ... ကုသိုလ်တွေရမယ်။
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ်...။
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် ... ပျော်ရွှင်သွားရမယ် ...။
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ် ...။
ဆေးရောင်ခြယ်မယ် ...ပုံပြောပြမယ် ... သီချင်းတွေ ဆိုကြမယ်။
လာပါ သူငယ်ချင်း ... ဓမ္မစကူးလ် သွားကြမယ်...။
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် .... ပျော်ရွှင်သွားရမယ်...။

  1. ဆရာက မေးခွန်းများကို သင်ပုန်းပေါ်တွင် ရေးပြ ထားရမည်။
  2. ဆရာက မေးခွန်းများကို သင်ပုန်းပေါ်တွင် ရေးပြ ထားရမည်။