တောထွက်တော်မူခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃။ တောထွက်တော်မူခြင်း (ကျောင်းသားကိုင်သို့)
339336ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃။ တောထွက်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

တောထွက်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း တောထွက်တော်မူခြင်းကို ကလေးများသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ တောထွက်တော်မူခြင်းအကြောင်း သရုပ်ဖော်ပုံများ၊ ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံခြင်းအကြောင်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့တစ်ပတ်က သင်ခဲ့ပြီးသော သိဒ္ဓတ္ထမင်းသားအကြောင်း သင်ခန်းစာကို ပြန်လည်ချိတ် ဆက်ပြောပြ၍ အောက်ပါအမည်များကို ဆရာက သင်ပုန်းပေါ်တွင် ရေးချပါ။

-ဆန္နအမတ်၊ ကဏ္ဍကမြင်း၊ မာရ်နတ်၊ ရာဇဂြိုဟ်မြို့၊ ဗိမ္ဗိသာရမင်း။

֍အထက်ပါအမည်များနှင့် ပတ်သက်၍ သိသူရှိပါက လက်ထောင်ကြပါစေ။

֍လက်ထောင်ထားသူများထဲမှ ရွေးချယ်၍ တစ်ဦးချင်း ပြောပြကြပါစေ။

֍ထို့နောက် ဆရာက “ဘုရားအလောင်း တောထွက်တော်မူခြင်းအကြောင်းကို ပြောပြမယ်” ဟု ဆိုပြီး အောက်ပါအကြောင်းအရာကို ပြောပြပါ။

တောထွက်တော်မူခြင်း

ဘုရားအလောင်းတော်ဟာ ထီးနန်းစည်းစိမ်ခံစားရင်း အသက် ၂၉ နှစ်အရွယ် ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တော် မူပြီး လောကရဲ့ ဆင်းရဲဒုက္ခတွေကိုသိလိုက်ရတယ်။ ဒါကြောင့် တောထွက်ရဟန်းပြုတော့မယ် လို့ အကြံဖြစ်တော်မူခဲ့တယ်။ အဲဒီနေ့မှာပဲ သားတော်လေး မွေးဖွားပြီဆိုတဲ့အကြောင်း သိ လိုက်ရပြန်တယ်။ အဲဒီညသန်းခေါင်ယံ တောထွက်ခါနီးအချိန်မှာ တစ်ခါမှ မမြင်ရသေးတဲ့ သား တော်လေးကို ကြည့်ချင်တဲ့စိတ် ပေါ်လာခဲ့တယ်။ အဲဒါနဲ့ ယသောဓရာမင်းသမီးရဲ့ နန်းဆောင် ကို ကြွသွားခဲ့တယ်။ သားတော်လေးကို တွေ့ လိုက်ရတော့ ပွေ့ချီချင်စိတ်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ယသောဓရာမင်းသမီးနိုးသွားရင် တောထွက်မယ့်အကြံပျက်မှာစိုးလို့ သားတော်လေး ကို ပွေ့ချီပြီး မကြည့်တော့ဘဲ ခန်းဆီးလိုက်ကာကို မ ကာ အခန်းအဝကနေပဲ လှမ်းကြည့်ခဲ့ တယ်။ အဲဒီနောက် ဆန္နအမတ်နှင့်အတူ ကဏ္ဍကမြင်းကိုစီးပြီး တရားရှာဖို့ တောထွက်တော်မူ ခဲ့တယ်။ မြို့ အထွက်တံခါးရောက်တဲ့အခါ တောမထွက်နိုင်အောင် မာရ်နတ်က တားမြစ်ခဲ့ တယ်။ ဒါပေမဲ့ ဘုရားအလောင်းတော်ဟာ နောက်မတွန့်ဘဲ ဆက်ပြီးထွက်လာခဲ့တယ်။

အနော်မာမြစ်ကမ်းကို ရောက်တဲ့အခါ ဆံတော်နှင့် မင်းဝတ်တန်ဆာတွေကို စွန့်ပယ် ပြီး ရဟန်းပြုခဲ့တယ်။ ဆန္န အမတ်ကို ကဏ္ဍကမြင်းနဲ့အတူ နန်းတော်ကို ပြန်လွှတ်လိုက်တယ်။ အဲဒီနေ့ကစပြီး ဘုရားအလောင်းတော်ဟာ တောထဲမှာ တစ်ပါးတည်း တရားကျင့်တော်မူခဲ့တယ်။

ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံခြင်း

ဘုရားအလောင်းတော်ဟာ ရဟန်းပြုပြီး ခုနစ်ရက်လောက်ကြာတော့ ရာဇဂြိုဟ်မြို့ထဲ ကို ဆွမ်းခံဝင်တော်မူခဲ့တယ်။ အဲဒီခေတ်တုန်းက အသက်ကြီးပြီး ပါးရေ၊ နားရေတွန့်နေတဲ့ အဘိုးကြီးအရွယ်တွေသာ ရသေ့ရဟန်းပြုကြတာများတယ်။ ဘုရားအလောင်းတော်ကတော့ အသက်ကလည်း ၂၉ နှစ်၊ အရွယ်ကလည်း ငယ်ငယ်၊ ခန္ဓာကိုယ်ကလည်း တောင့်တင်း၊ အသားအရေကလည်း စိုပြည်ဝင်းဝါနေတယ်။ ဒီတော့ မြို့သူ၊ မြို့သားတွေဟာ အလွန်လှပ တင့်တယ်တဲ့ ဘုရားအလောင်းတော်ကို အထူးအဆန်းနဲ့ တအံ့တဩ ဝိုင်းအုံကြည့်ကြတယ်။

ဘုရားအလောင်းတော်ဟာ ဆွမ်းခံပြီး မြို့ အပြင်ဘက်မှာရှိတဲ့ တောင်ခြေတစ်ခုမှာ ဆွမ်းဘုဉ်းပေးနေခဲ့တယ်။ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက ဒီအကြောင်းကိုကြားပြီး ဘုရားအလောင်းတော်ကို အလွန်ကြည်ညိုလေးစားခဲ့တယ်။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဟန်းမပြုသေးဖို့၊ ထီးနန်းစည်းစိမ် စံစားမယ်ဆိုလျှင် သူ့တိုင်းပြည်တစ်ဝက်ကို ပေးပါမယ်လို့ လည်း ပြောခဲ့တယ်။ ဒီတော့ ဘုရားအလောင်းတော်က ထီးနန်းစည်းစိမ်ကို မလိုချင်ကြောင်း၊ သတ္တဝါအားလုံးကို ကယ်တင်နိုင်တဲ့ ဘုရားအဖြစ်ကိုသာ အလိုရှိကြောင်း ပြန်ပြောခဲ့တယ်။ အဲဒီအခါ ဗိမ္ဗိသာရမင်းကြီးက “သင်ဘုရားဖြစ်လျှင် ရာဇဂြိုဟ်ပြည်ကို ပထမဆုံးကြွလာတော် မူပါ”လို့ ဘုရားအလောင်းတော်ကို တောင်းပန်ခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁၅၅-၂ဝ၉။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်ဟာ အသက်ဘယ်လောက်မှာ တောထွက်ခဲ့တာလဲ။
-မြို့တံခါးအနီးကို ရောက်တဲ့အခါ ဘယ်သူက တောမထွက်ဖို့ တားမြစ်ခဲ့သလဲ။
-အနော်မာမြစ်ကမ်းကို ရောက်တဲ့အခါ ဘာတွေလုပ်ခဲ့လဲ။
-ဗိမ္ဗိသာရမင်းက ထီးနန်းစည်းစိမ်တစ်ဝက် ပေးမယ်လို့ ပြောတော့ ဘုရားအလောင်း တော်က ဘယ်လို ပြန်ပြောခဲ့လဲ။
-ဗိမ္ဗိသာရမင်းက ဘုရားအလောင်းတော်ကို ဘာ တောင်းဆိုခဲ့သလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်းတော် နိမိတ်ကြီးလေးပါးကို မြင်ပုံ၊ ယသောဓရာမင်းသမီးလေး ၏ နန်းဆောင်သို့ ကြွလှမ်း၍ သားတော်လေးကို ကြည့်ရှုတော်မူပုံ၊ ဘုရား အလောင်းတော်အား မာရ်နတ်က တောမထွက်နိုင်အောင် အနှောင့်အယှက် ပေးပုံ၊ ဆံတော်ကို ပယ်စွန့်ပြီး ရသေ့ရဟန်းအသွင် ဝတ်ဆင်နေပုံ၊ ရာဇဂြိုဟ်မြို့ တွင်းသို့ သပိတ်ပိုက်ပြီး ဆွမ်းခံဝင်တော်မူပုံ၊ ဗိမ္ဗိသာရမင်းနှင့် ဘုရား အလောင်းတော် တွေ့ ဆုံပုံ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေး (၆) ဦးကို ခေါ်ထုတ်၍ ရုပ်ပုံကတ်ပြား (၆) ပုံကို တစ်ပုံစီ ဝေပေးပါ။

[သတိပြုရန် 1]

֍ထို့နောက် ကလေး (၆) ဦးကို တန်းစီရပ်စေပြီး ရုပ်ပုံကတ်ပြားကို အတန်းဘက်လှည့်၍ ကိုင်စေကာ အောက်ပါအတိုင်း ပြောကြပါစေ။

-ကလေးတစ်ဦးစီက “ကျွန်တော်/ကျွန်မ ကိုင်ထားတဲ့ ရုပ်ပုံကတ်ပြားဟာ ... ပုံ ဖြစ်ပါ တယ်” ဟု တစ်ဦးချင်း ပြောပြပါစေ။

֍ထို့နောက် ကလေး (၆) ဦးကိုင်ထားသော ရုပ်ပုံကတ်ပြားများကို ၎င်းတို့ဘက်သို့လှည့်၍ ကိုင်စေပြီး ဆရာက “သူကိုင်ထားတာ ဘာပုံလဲ”ဟု ကလေးတစ်ဦးချင်းအား ခေါ်မေးပါ။

֍အဖြေမှန်သော ကလေးကို လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။

֍ပြီးလျှင် ရုပ်ပုံကတ်ပြား (၆) ပုံကို အစဉ်လိုက်စီ၍ ဆရာက ပြန်လည်အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တောထွက်တော်မူခြင်းဆိုင်ရာ သရုပ်ဖော်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်း တောထွက်တော်မူခြင်းဆိုင်ရာ သရုပ်ဖော်ပုံများကို ကလေးများစိတ် ကြိုက် ဆေးရောင်ခြယ်ကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားတော်မူခန်း ကဗျာ၊ ဘုရားအလောင်းမင်းသား ကဗျာ၊ သိဒ္ဓတ္ထမင်းသား ကဗျာနှင့် တောထွက်ခန်း ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအကြောင်းအရာကို ပြောပြပါ။ ထိုအကြောင်းအရာနှင့် လိုက်ဖက်သောအသံ၊ လှုပ်ရှားမှုများကို ကလေးများ ဖန်တီးပြုလုပ်ရန် ပြောပါ။

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ရှိတယ်။ မြင်းကြီးစီးပြီး တောထဲကို သွားတာ ပေါ့ကွယ်။ (ကလေးများ မြင်းစီးသည့်ပုံစံ ပြုလုပ်ပါ။) သူ ရုတ်တရက် ဟပ်ချိုးဆိုပြီး နှာချေပါ တယ်။ (ကလေးများ ဟပ်ချိုးဆိုပြီး နှာချေပါ။) မြင်းလန့်ပြီး ရုတ်တရက် ရပ်သွားပါတယ်။ (ကလေးများ ရပ်လိုက်ပါ။) အဲဒီအချိန်မှာ ကျားဟိန်းသံ ကြားရပါတယ်။ (ကလေးများ ကျားဟိန်းသံ ပြုလုပ်ပါ။) မြင်းလန့်ပြီး ပြေးသွားတယ်။ (ကလေးများ မြင်းပြေးဟန် ပြုလုပ်ပါ။) တောထဲကို ရောက်သွားတယ်။ ရေစီးသံကိုကြားရတယ်။ (ရေစီးသံကို ပြုလုပ်ပါ။) ချောင်းလေး တစ်ခုကိုတွေ့ တယ်။ အဲဒီမှာ ဘဲကလေးတွေ ရေကူးနေကြတယ်။ (ဘဲသံပြုလုပ်ပါ။) ချောင်း ဘေးမှာ ခဏနားကြတယ်။ (ထိုင်ပြီး နားဟန်ပြုလုပ်ပါ။) ပြီးတော့ ခရီးဆက်ကြတာပေါ့ကွယ်။ (ထပြီး သွားဟန်ပြုပါ။) သစ်ပင်ပေါ်က ငှက်ကလေးတွေရဲ့ သီချင်းဆိုသံကို ကြားနေရတယ်။ (ငှက်အော်မြည်သံ ပြုလုပ်ပါ။) အဲဒီလို သွားလာလိုက်တာ (သွားဟန်ပြုပါ။) နောက်ဆုံးတော့ ဇရပ်တစ်ခုကို ရောက်လာပြီး မြင်းကြီးရော ကောင်လေးရော မောပြီး ထိုင်နေရောတဲ့ကွယ်။ (ထိုင်ဟန်ပြုပါ။)

֍ဆရာက အောက်ပါအတိုင်းပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပေးပါ။

“ဘုရားအလောင်းတော်ဟာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက်တော်မူခဲ့တယ်။ တောထဲမှာ တစ်ပါးတည်း တရားရှာတော်မူခဲ့တယ်။ တစ်နေ့မှာ ရာဇဂြိုဟ်မြို့တွင်းကို သပိတ်ပိုက်ကာ ဆွမ်းခံဝင်တော်မူပြီး မြို့ ပြင်တောင်ခြေ တစ်ခုမှာ ဆွမ်းဘုဉ်းပေးနေချိန်.. ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက ဘုရားဖြစ်ရင် ရာဇဂြိုဟ်ပြည်ကို ပထမဆုံးကြွလာဖို့ တောင်းပန်ခဲ့တယ် ဆိုတာတွေကို ဒီနေ့ သိခဲ့ကြပြီ။ နောက်တစ်ပတ်လာတဲ့အခါ ဘုရားရှင်အကြောင်းကို ဆက်ပြီး နားထောင်ကြမယ်”။

֍(သို့မဟုတ်) သင်ပေးခဲ့ပြီးသော ကဗျာများကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာမြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော်တသောင်းသောင်း။ ။

ဘုရားအလောင်းမင်းသား

အများအကျိုး ဆောင်လို့ပါ၊
သိဒ္ဓတ္ထခေါ်တာ။
လောကမှာ ရှေ့ဆောင်ကောင်း၊
ငါတို့ ဘုရားအလောင်း။

ဘုရားအလောင်းမင်းသား

ကြင်နာ သနားတတ်တဲ့သူ၊
စိတ်ထား ကောင်းမြတ်သူ။
သဘောဖြူကာ လူယဉ်ကျေး၊
သိဒ္ဓတ္ထတဲ့လေး။
ရိုးသားအေးဆေး သူ့ဟန်ပန်၊
အတုယူကြရန်။
စံနမူနာ ယူကာပြ၊
ဘုရားအလောင်းရဲ့ ငယ်ဘဝ။

သိဒ္ဓတ္ထမင်းသား

ရုပ်အဆင်းလည်း လှပသူ၊
ပညာတတ်တဲ့ သူ။
အမည်ကမူ သိဒ္ဓတ္ထ၊
မြားပညာစုံပြ။
ဒေဝဒဟမှ ယသောဓရာ၊
ထိမ်းမြား လက်ထပ်ကာ။
ထီးနန်းမှာ သူစံစား၊
ထူးမြတ်တဲ့ မင်းသား။

တောထွက်ခန်း

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်းစံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာ လူသေ သူတွေ့က၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။

  1. ရုပ်ပုံကတ်ပြားများကို အစဉ်လိုက် မဟုတ်ဘဲ သင့်သလို ကိုင်ကြပါစေ။