ဘုရားဖြစ်တော်မူခြင်း -တ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ ဘုရားဖြစ်တော်မူခြင်း (ကျောင်းသားကိုင်သို့)
339337ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၄။ ဘုရားဖြစ်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားဖြစ်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း ဆင်းရဲပင်ပန်းစွာတရားကျင့်တော်မူခြင်းနှင့် ဘုရားဖြစ်တော်မူခြင်းကို ကလေးများ သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖြစ်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့တစ်ပတ်က သင်ခဲ့ပြီးသော တောထွက်တော်မူခြင်း သင်ခန်းစာကို ပြန်လည်ချိတ် ဆက် ပြောပြပါ။

֍ဆရာက “တရားအားထုတ်တယ်လို့ ပြောသံကြားဖူးသလား”၊ “ဘယ်သူပြောတာလဲ “တရားအားထုတ်တယ်ဆိုရင် ဘယ်လိုအားထုတ်ရသလဲ စသည်ဖြင့် မေးပါ။

֍ထို့နောက် ဆရာက “ဘုရားဖြစ်တော်မူခြင်း အကြောင်းကို ပြောပြမယ်”ဟု ဆိုပြီး အောက် ပါ အကြောင်းအရာကို ပြောပြပါ။

ဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်ဟာ အနယ်နယ်အရပ်ရပ်ကို လှည့်လည်ပြီး နည်းလမ်းပြပေး နိုင်တဲ့ဆရာကို လိုက်ရှာတဲ့အခါ အာဠာရရသေ့နဲ့ ဥဒကရသေ့တို့ကို တွေ့ ခဲ့တယ်။ အဲဒီရသေ့ တွေရဲ့ နည်းလမ်းနဲ့ တရားအားထုတ်တော့ ဈာန်ရခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဒုက္ခကင်းဝေးရေး အကျင့် မဟုတ်ဘူးဆိုတာ သိတော်မူခဲ့တယ်။ ဒါနဲ့ ဒုက္ခကင်းဝေးရေးကို ရှာဖွေရင်း ဥရုဝေလ တောကို ရောက်သွားတော်မူခဲ့တယ်။ အဲဒီမှာ မနားမနေ အပြင်းအထန် တရားကျင့်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားအလောင်းတော် မွေးစက နိမိတ်ဖတ်ခဲ့ကြတဲ့ ဗေဒင်ပညာရှိ ငါးယောက် တို့ဟာ ရသေ့ဝတ်ပြီး ဘုရားအလောင်းတော်ကို အနီးကပ်ပြုစု လုပ်ကျွေးနေခဲ့ကြတယ်။

နောက်တော့ ဘုရားအလောင်းတော်ဟာ လုံးဝဆွမ်းမစားတော့ဘဲ အလိုလိုကြွေကျ တဲ့ သစ်သီးကိုပဲ ရှာဖွေစားတော်မူခဲ့တယ်။ နောက်ဆုံးတော့ သစ်သီးကိုတောင် လိုက်မရှာ တော့ဘဲ ထိုင်ပြီးတရားကျင့်တဲ့သစ်ပင်က ကြွေကျတဲ့သစ်သီးကိုပဲ ကောက်ယူစားတော်မူတော့ တယ်။ အဲဒီလို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ အပြင်းအထန်ကျင့်တော့ ဘုရားအလောင်းတော် ရဲ့အသွေးအသားတွေ ခန်းခြောက်သွားခဲ့တယ်။ စိုပြည်ဝင်းဝါနေတဲ့ အဆင်းအရောင်ကလည်း ညိုမည်းသွေ့ ခြောက်သွားခဲ့တယ်။ ခန္ဓာကိုယ်ကလည်း ပိန်ချုံးပြီး အရိုးနဲ့အရေပဲ ကျန်တော့ တယ်။ ဒီလိုပင်ပန်းဆင်းရဲတဲ့အကျင့်ကို ဒုက္ကရစရိယာအကျင့်လို့ခေါ်တယ်။ ဘုရားအလောင်းတော်ဟာ ဒီဒုက္ကရစရိယာအကျင့်ကို ၆ နှစ်ကြာအောင် ကျင့်ခဲ့ပေမဲ့ တရားထူးလည်းမရ၊ – ဘုရားလည်းဖြစ်တော် မမူခဲ့ပါဘူး။

[သတိပြုရန် 1]

နောက်ဆုံးတော့ ဘုရားအလောင်းတော်ဟာ ဘုရားမဖြစ်နိုင်တဲ့ ဒီအကျင့်ကို စွန့်လွှတ်လိုက်ပါတယ်။ အစာအာဟာရမျှတအောင်စားပြီး ဆက်လက်တရားကျင့်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ဘုရားအလောင်းတော်ရဲ့ အသက်ဟာ ၃၅ နှစ်ရှိခဲ့ပါပြီ။ ဘုရားအလောင်းတော်ဟာ ကဆုန်လပြည့်နေ့ နံနက်စောစောအချိန်မှာ သေနာနိဂုံးမှာရှိတဲ့ ညောင်ပင်ကြီးအောက်မှာ ထိုင်နေတော်မူခဲ့ပါတယ်။ အဲဒီအခါ သုဇာတာသူဌေးသမီးဟာ ဘုရားအလောင်းတော်ကို သူ ပူဇော်နေကျ ညောင်ပင်စောင့်နတ်မင်းလို့ထင်ပြီး နို့ဃနာဆွမ်းကို ရွှေခွက်နဲ့ လှူဒါန်းခဲ့ပါတယ်။ ဘုရားအလောင်းတော်ဟာ နို့ဃနာဆွမ်းကို ခံယူပြီး နေရဉ္စရာမြစ်ကမ်းမှာ သွားရောက် ဘုဉ်းပေးခဲ့ပါတယ်။ အဲဒီနောက် “ယနေ့ ဘုရားဖြစ်မည် မှန်ပါက ဤရွှေခွက်ဟာ ရေညာသို့ ဆန် တက်ပါစေသား”လို့ အဓိဋ္ဌာန်ပြီး ရွှေခွက်ကို ရေမှာမျှောလိုက်ပါတယ်။ ရွှေခွက်ဟာ ရေညာကို ဆန်တက်သွားခဲ့ပါတယ်။

[သတိပြုရန် 2]

ဘုရားအလောင်းတော်ဟာ နေရဉ္ဇရာမြစ်အနီး အင်ကြင်းဥယျာဉ်မှာ တစ်နေ့လုံး နေတော်မူခဲ့တယ်။ ညနေစောင်းတော့ မဟာဗောဓိညောင်ပင်သို့ ကြွတော်မူခဲ့ပါတယ်။ ဘုရား အလောင်းတော်ဟာ မြက်ထမ်းသမား ငစင် လှူလိုက်တဲ့ မြက် (၈) ဆုပ်ကို ဗောဓိညောင်ပင် အောက်မှာ ကြဲဖြန့်လိုက်ပါတယ်။ ပြီးတော့ “ဘုရားမဖြစ်သမျှ ဤနေရာမှ ငါ မထ”လို့ အဓိဋ္ဌာန်ပြီး တင်ပလ္လင်ခွေ ထိုင်နေတော်မူခဲ့တယ်။ အဲဒီအချိန်မှာ နတ်တွေ၊ ဗြဟ္မာတွေဟာ ဘုရားအလောင်းတော်ကို လာရောက်ဖူးမြော်နေခဲ့ကြတယ်။ မာရ်နတ်မင်းကလည်း အလွန် ကြောက်စရာကောင်းတဲ့ လက်နက်မျိုးစုံနဲ့ ဘုရားအလောင်းတော်ကို လာရောက်တိုက်ခိုက်ခဲ့ တယ်။ ဘုရားအလောင်းတော်ဟာ နည်းနည်းမှ ကြောက်ရွံ့ တော်မမူဘဲ မေတ္တာအစွမ်းနဲ့ မာရ် နတ်ကို အောင်မြင်တော်မူခဲ့ပါတယ်။ အဲဒီနောက် ဘုရားအလောင်းတော်ဟာ ဉာဏ်အမျိုးမျိုး ကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိတော်မူခဲ့ပါတယ်။ နောက်ဆုံးတော့ ဘုရားအလောင်းတော်ဟာ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။

[သတိပြုရန် 3]

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၂ဝ၉-၃၅၄

ဉာဏ်အမျိုးမျိုး(ဆရာသိစေရန်)

-မိမိ သူတစ်ပါးတို့၏ ရှေးဘဝများစွာကို မြင်နိုင်စွမ်းသော “ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်”
-အကြီး အသေးနီး ဝေး မဟူ နတ်မျက်စိပမာ .. ထိုးဖောက်မြင်နိုင်စွမ်းသော “ဒိဗ္ဗစက္ခုဉာဏ်”
-သစ္စာလေးအင် သိမြင်တော်မူကာ ကိလေသာအလုံးစုံ ကုန်ခန်းသည့် “အာသဝက္ခယ ဉာဏ်” ခေါ် “အရဟတ္တမဂ်ဉာဏ်”
-ထိုဉာဏ်သုံးပါးလုံးကို ရပြီးသည်နှင့် တစ်ပြိုင်နက် “သဗ္ဗညုတဉာဏ်” ကို ရရှိတော်မူ သည်။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်ဟာ ဘယ်သူတွေနဲ့ တွေ့ ခဲ့သလဲ။
-ဘုရားအလောင်းတော်ကို ဘယ်သူတို့ အနီးကပ်ပြုစု လုပ်ကျွေးခဲ့သလဲ။
-ဘုရားအလောင်းတော်ဟာ ဘာဖြစ်လို့ ဆွမ်းခံမကြွတာလဲ။
-ဘုရားအလောင်းတော်က တရားကို ဘယ်လိုကျင့်သလဲ။
-ပင်ပန်းဆင်းရဲတဲ့ အကျင့်ကို ဘယ်လိုခေါ်သလဲ။
-ဘုရားအလောင်းတော်က ပင်ပင်ပန်းပန်း တရားကျင့်ခဲ့တာ ဘုရားဖြစ်တော်မူခဲ့ပါသလား။
-ဘုရားအလောင်းတော်ဟာ အစာမစားဘဲ ပြင်းပြင်းထန်ထန် ကျင့်တဲ့ကျင့်စဉ်ကို ဘာလို့ စွန့်လွှတ်ခဲ့တာလဲ။
-ဘုရားအလောင်းတော်က ရွှေခွက်နဲ့ ဘယ်လိုအဓိဋ္ဌာန်သလဲ။
-ဘုရားအလောင်းတော်ဟာ ဗောဓိညောင်ပင်အောက်တွင် မြက်ထမ်းသမား လှူဒါန်း သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်ပြီး ဘယ်လို အဓိဋ္ဌာန်သလဲ။
ဘယ်သူက ကြောက်စရာလက်နက်မျိုးစုံ ကိုင်ပြီး ဘုရားအလောင်းတော်ကို တိုက်ခိုက်ခဲ့သလဲ။
-ဘယ်အချိန်မှာ ဘုရားဖြစ်ခဲ့သလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်းတော် တရားကျင့်နေပုံ၊ သုဇာတာ သူဌေးသမီးသည် ဘုရားအလောင်းတော်အား တစ်သိန်းတန်ရွှေခွက်နှင့်တကွ နို့ဆွမ်းကို လှူဒါန်း နေပုံ၊ ဘုရားအလောင်းတော်က အဓိဋ္ဌာန်ပြု၍ ရွှေခွက်ကို မျှောလိုက်ပုံ၊ ဗောဓိညောင်ပင်အောက်တွင် ဘုရားအလောင်းတော် တင်ပလ္လင်ခွေထိုင်၍ တရားကျင့်နေပုံ၊ မာရ်နတ်နှင့် စစ်သည်အပေါင်း လက်နက်မျိုးစုံကိုင်လျက် ဘုရားအလောင်းတော်အား တိုက်ခိုက်ပုံ၊ ဘုရားအဖြစ်သို့ ရောက်တော်မူပုံ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေး (၆) ဦးကို ခေါ်ထုတ်၍ ရုပ်ပုံကတ်ပြား (၆) ပုံကို တစ်ပုံစီ ဝေပေး၍ ကိုင်ထား ကြပါစေ။

[သတိပြုရန် 4]

֍ထို့နောက် ကလေး (၆) ဦးကို တန်းစီရပ်စေပြီး ရုပ်ပုံကတ်ပြားများကို အတန်းဘက်လှည့် ၍ ကိုင်စေကာ အောက်ပါအတိုင်း ပြောပါစေ။

ကလေးတစ်ဦးစီက “ကျွန်တော်ကိုင်ထားတဲ့ ရုပ်ပုံကတ်ပြားဟာ...ပုံဖြစ်ပါတယ်’ဟု ပြောကြပါစေ။

֍ထို့နောက် ကလေး (၆) ဦး ကိုင်ထားသော ရုပ်ပုံကတ်ပြားများကို ၎င်းတို့ဘက်သို့လှည့်၍ ကိုင်စေပြီး ဆရာက “သူကိုင်ထားတာ ဘာပုံလဲ”ဟု ကလေးတစ်ဦးချင်းခေါ်၍ ပေးပါ။

֍အဖြေမှန်သော ကလေးကို လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။

֍ပြီးလျှင် ရုပ်ပုံကတ်ပြား (၆) ပုံကို အစဉ်လိုက်စီ၍ ဆရာက ပြန်လည်အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားဖြစ်တော်မူခြင်း အကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

ဘုရားဖြစ်တော်မူခြင်း စာပိုဒ်ကို ကလေးများ အုပ်စုလိုက်ဖတ်ရှုကြပါစေ။

ပြီးလျှင် “က” အက္ခရာနှင့် စသော ဝေါဟာရ၊ ဘ,ဖ,လ,န စသော အက္ခရာများနှင့် ဝေါဟာရများကို အုပ်စုခွဲပြီး ရှာဖွေကြပါစေ။

֍ထို့နောက် အုပ်စုအလိုက် အတန်းသားအားလုံးသို့ တင်ပြရမည်။

ဥပမာ - ဘ အက္ခရာနှင့်စသော ဝေါဟာရမှာ ဘုရားအလောင်းတော် ဖြစ်ပါတယ် ... စသည်ဖြင့်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ နာမည်ရေးထားသော မဲလိပ်များ၊ အောင်ပွဲ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက သင်ကြားထားပြီးသော ဗုဒ္ဓဝင်သင်ခန်းစာများထဲမှ အောက်ပါနာမည် (၁၅/၂၀) မျိုးခန့်ကို ရေးထား၍ ကြိုတင်မဲလိပ် ပြုလုပ်ထားပါ။

-အိန္ဒိယနိုင်ငံ၊ ကပိလဝတ်၊ သုဒ္ဓေါဒန၊ မာယာဒေဝီ၊ ဂေါတမီ၊ ပဋိသန္ဓေ၊ ဒေဝဒဟပြည်၊ လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ သိဒ္ဓတ္ထ၊ နိမိတ်ကြီးလေးပါး၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်း မာရ်နတ်၊ အနော်မာမြစ်၊ ရာဇဂြိုဟ်မြို့ ၊ ဗိမ္ဗိသာရမင်း၊ အာဠာရနှင့် ဥဒကရသေ့၊ နိမိတ် ဖတ် ဗေဒင်ပညာရှိ၊ အလိုလိုကြွေကျသော သစ်သီး၊ သစ်သီးတစ်လုံး၊ ဒုက္ကရစရိယာ အကျင့်၊ ကဆုန်လပြည့် နံနက်စောစော၊ သုဇာတာသူဌေးသမီး၊ ရွှေခွက်၊ နေရဉ္ဇရာ မြစ်၊ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်။

֍အထက်ပါ စကားလုံးများရေးထားသော မဲလိပ်များကို ကလေးတစ်ဦးချင်းစီ မဲနှိုက်၍ မိမိ ရလာသော စကားလုံးပါအောင် ပြောပြရမည်။

ဥပမာ - သုဒ္ဓေါဒန မဲကျလျှင် သုဒ္ဓေါဒနသည် ဘုရင်တစ်ပါးဖြစ်သည် ... စသည်ဖြင့်။

֍ထိုနည်းဖြင့် ကလေးများအားလုံး ပါဝင်ဖြေဆိုကြပါစေ။

֍နောက်ဆုံးတွင် အောက်ပါ အောင်ပွဲ ကဗျာကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

အောင်ပွဲ

ဘုရားအလောင်းတော် မင်းသားဟာ၊
တရားကျင့်ကြံကာ။
တောထဲမှာ လွန်ခက်ခဲ၊
မလျှော့သော သူ့ဇွဲ။
မာရ်နတ်ကလည်း နှောင့်ယှက်ပြန်၊
မေတ္တာနဲ့တွန်းလှန်။
မာရ်နတ်ရန် အောင်မြင်သွား၊
တို့ရဲ့ မြတ်ဘုရား။

  1. ဒုက္ကရစရိယာ (ဒုက်ကရစရိယာ)ဟု အသံထွက်ပါ။
  2. “နိဂုံး”ဟူသည် “ရွာကြီး”ကို ဆိုလိုသည်။
  3. “ဉာဏ်အမျိုးမျိုး”ကို ကလေးများ မေးလာလျှင် ဖြေဆိုနိုင်ရန် ဖော်ပြထားပါသည်။
  4. ရုပ်ပုံကတ်ပြားများကို အစဉ်လိုက် မဟုတ်ဘဲ သင့်သလို ကိုင်ခိုင်းပါ။