လုံ့လ ဝီရိယ ထားကြမယ် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ လုံ့လ ဝီရိယ ထားကြမယ်(ကျောင်းသားကိုင်သို့)
348368ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၇။ လုံ့လ ဝီရိယ ထားကြမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

သင်ခန်းစာခေါင်းစဉ်။ ။ လုံ့လဝီရိယ ထားကြမယ်

သင်ယူမှုဦးတည်ချက်။ ။ အချိန်ရှိခိုက် လုံ့လစိုက်၍ ကြိုးစားကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။

֍ ဆရာက ကြိုတင်ရေးထားသော အောက်ပါစကားလုံးများကို သုံး၍ အချင်းချင်းတိုင်ပင်စေကာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်အောင် ရေးကြပါစေ။ ဇာတ်လမ်းခေါင်းစဉ်ကိုလည်း တပ်ကြပါစေ။

ရဟန်းတစ်ပါး၊ အတူနေရဟန်းများ၊ ဉာဏ်ကောင်း၊ ဇွဲလုံ့လနည်း၊ စာပေလေ့လာ၊ တရားအားထုတ်၊ တော အရပ်၊

֍ ရေးပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက မိမိတို့ ဇာတ်လမ်းကို အလှည့်ကျ ပြောကြပါစေ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ အသုံးပြုထားတဲ့ စကားလုံးတွေပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာကြည့် ကြမယ်”ဟု ပြော၍ စာသင်ချိန် အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

လုံ့လမရှိဘဲ ချီးကျူးခံချင်သူ

မြတ်စွာဘုရား လက်ထက်တော်အခါက သာဝတ္ထိပြည်၌ အရှင်တိဿ အမည်ရှိ ရဟန်းတစ်ပါး ရှိ၏။ သူသည် ငယ်ရွယ်စဉ်က ဖျတ်လတ်သန်မာ၍ ဉာဏ်ကောင်းသော်လည်း ဇွဲလုံ့လ နည်းပါးကာ ကြိုးစားလိုစိတ် မရှိပေ။ အမြဲတစေ ပေါ့ပေါ့ဆဆ နေတတ်ပြီး ပင်ပင်ပန်းပန်းလုပ်ရမည်ကိုလည်း ကြောက်၏။ ရဟန်းဖြစ်လာသောအခါတွင်လည်း စာပေ လေ့လာခြင်း၊ တရားအားထုတ်ခြင်းမရှိဘဲ သက်သက်သာသာပင် နေလေ့ရှိသည်။

တစ်နေ့တွင် အရှင်တိဿ၏ သီတင်းသုံးဖော် မိတ်ဆွေရဟန်းများသည် အေးအေးချမ်းချမ်း တရားအားထုတ် နိုင်ရန် လူသူကင်းဝေးသော တောအရပ်သို့ ကြွသွားကြ၏။ ထိုအခါ အရှင်တိဿသည် “ငါဟာ သီတင်းသုံးဖော်တွေ နဲ့အတူ တောထဲကို လိုက်သွားရင် ဇေတဝန်ကျောင်းတော်ကြီးမှာ နေရသလို သက်သောင့်သက်သာရှိမှာ မဟုတ်ဘူး၊ ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲ နေရလိမ့်မယ်”ဟု စိုးရိမ်ကာ လိုက်မသွားဘဲ နေရစ်ခဲ့လေသည်။

အချိန်အတန်ကြာသောအခါ တောထဲသို့ကြွ၍ တရားအားထုတ်သော ရဟန်းတို့သည် ... တရားထူးရရှိကာ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွလာကြ၏။ မိမိတို့ရရှိခဲ့သော တရားထူးများကို ဘုရားရှင်ထံတွင် ပြန်လည်လျှောက် တင်ကြရာ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့၏ ကြိုးစားအားထုတ်မှုကို ကျေနပ်နှစ်သက်၍ အထူးတလည် ချီးကျူးတော်မူ၏။

ထိုအခါ အရှင်တိဿမှာ တောထဲသို့ လိုက်မသွားမိသည်ကို နောင်တရလျက် မိတ်ဆွေရဟန်းများကဲ့သို့ ဘုရားရှင်ထံမှ ချီးကျူးစကားကို လိုချင်နေမိ၏။ သို့ဖြစ်၍ ဘုရားရှင်၏ ချီးကျူးစကားကို ရလိုသဖြင့် တစ်ညလုံး စင်္ကြံလျှောက်ကာ ကမ္မဋ္ဌာန်းတရားပွားများ၍ နေလေသည်။ သို့သော် အမြဲတစေ ပေါ့ပေါ့ဆဆ သက်သောင့်သက်သာ နေခဲ့သူဖြစ်ရာ ဇွဲမရှိဘဲ မကြာခင်မှာပင် ငိုက်မျဉ်းလာ၏။ ငိုက်မျဉ်းရင်း စင်္ကြံလျှောက်ရာ စင်္ကြံအစွန်းရှိ ကျောက်ဖျာပေါ်သို့ လဲကျ၍ ပေါင်ရိုး ကျိုးသွားလေသည်။ နာကျင်လွန်းလှသဖြင့် ကျယ်လောင်စွာ အော်လိုက်သော အရှင်တိဿ၏ အသံကြောင့် သီတင်းသုံးဖော်ရဟန်းများ နိုးလာပြီး လာရောက်ပြုစုကြ၏။

သူ့ကို ဝိုင်းဝန်းပြုစုပေးနေကြစဉ် အရုဏ်တက်သွားသဖြင့် ရဟန်းတော်များသည် ပင့်ဖိတ်ထားသော ရွာသို့ မကြွရောက်နိုင်ကြတော့ပေ။ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ “ချစ်သား ရဟန်းတို့ ... ငယ်ရွယ်စဉ် ကာယ၊ ဉာဏ ခွန်အားများနဲ့ ပြည့်စုံချိန်မှာ ဇွဲလုံ့လရှိရှိ ကြိုးစားသင့်ပါလျက် မကြိုးစားဘဲ ပျင်းရိ ထိုင်းမှိုင်းနေတဲ့သူ၊ စိတ်ကူးတွေနဲ့သာ အချိန်ကုန်နေတဲ့သူဟာ ပညာဉာဏ်နဲ့သာ ရနိုင်တဲ့ တရားထူးတရားမြတ်ကို မရနိုင်”ဟု ရဟန်းတို့အား ဆုံးမမိန့်ကြားလေ၏။

မှီငြမ်း။ ။ ပဓာနကမ္မိကတိဿမထေရ်ဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ စတုတ္ထတွဲ၊ ၁၇၂-၁၇၃။ ဓမ္မ၊ဋ္ဌ၊၂၊၂၅၇။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲက ရဟန်းရဲ့ ဘွဲ့အမည်က ဘာလဲ။
-အရှင်တိဿရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ။
-အရှင်တိဿဟာ မိတ်ဆွေရဟန်းတွေနဲ့ တောထဲ လိုက်မသွားတာ ဘာကြောင့်လဲ။
-တောထဲ တရားအားထုတ်တဲ့ ရဟန်းတွေကို ဘုရားရှင်က ဘယ်လိုချီးကျူးသလဲ။ ဘာကြောင့်လဲ။
-အရှင်တိဿက ဘာလို့ တရားအားထုတ်တာလဲ။
-အရှင်တိဿ တရားအားထုတ်နေရင်းနဲ့ ဘာဖြစ်သွားလဲ။ ဘာကြောင့်လဲ။
-ဘုရားရှင်က ဘယ်လို ဆုံးမသလဲ။
-မိတ်ဆွေရဟန်းတွေနဲ့အတူ တရား အားထုတ်ခဲ့မယ်ဆိုရင် အရှင်တိဿ ဘာဖြစ်နိုင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့က ကျောင်းသား၊ ကျောင်းသူတွေဆိုတော့ အချိန်ရှိတုန်း၊ အခွင့်အရေးရတုန်းမှာ စာတော်တဲ့ ကလေးတွေ ဖြစ်အောင်၊ လူတော်လူကောင်းတွေဖြစ်အောင်၊ လိမ္မာယဉ်ကျေးသူဖြစ်အောင် ကြိုးစားကြရမယ်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများကို အုပ်စု (၅) စုဖွဲ့ပြီး ဆရာက “သားတို့သမီးတို့ ... ဒီအသက်အရွယ်မှာ လုပ်သင့်လုပ် ထိုက်တဲ့ အလုပ်တွေက ဘာတွေလဲဆိုတာကို ဆွေးနွေးပြီး ရေးကြရမယ်”ဟု ပြော၍ စာရွက်လွတ်များ ဝေပေးပါ။

֍ ကလေးများ ဆွေးနွေးနေချိန်တွင် ဆရာက “စာတော်တဲ့ ကလေးတွေဖြစ်အောင်၊ လူတော်လူကောင်းတွေ ဖြစ် အောင်၊ လိမ္မာယဉ်ကျေးတဲ့သူတွေဖြစ်အောင် ဘာတွေ လုပ်သင့်သလဲ”ဟု မေးမြန်း၍ အချက်အလက် များများရ အောင် ပံ့ပိုးပေးပါ။

֍ ဆွေးနွေးထားသောအချက်များကို ကိုယ်စားလှယ်တစ်ဦးစီက အလှည့်ကျ ဖတ်ကြပါစေ။ ကျန်အဖွဲ့များက မတူညီ သော အချက်များကိုသာ ဖတ်ပြကြပါစေ။

֍ အားလုံး ဖတ်ပြီးလျှင် “လုပ်သင့်လုပ်ထိုက်သော အလုပ်များ”ခေါင်းစဉ်အောက်တွင် ကပ်ကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ဇွဲ၊ လုံ့လနဲ့ ဝီရိယ တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ သိခဲ့ရပြီ။ အဲဒီ အလုပ်တွေကို မလုပ်ရင် ဘယ်လို ဆိုးကျိုး တွေ ရလာနိုင်သလဲ၊ လုံ့လဝီရိယထားပြီး လုပ်မယ်ဆိုရင် ဘယ်လို အကျိုးထူးတွေ ရလာနိုင်သလဲဆိုတာ စဉ်းစားပြီး ဆွေးနွေးကြရအောင်”ဟု ပြော၍ ကလေးအချင်းချင်း ဆွေးနွေးကြပါစေ။

֍ ဆွေးနွေးပြီးပါက သင်ပုန်းပေါ်တွင် ရေးထားသော အောက်ပါနမူနာပုံစံ၏ ခေါင်းစဉ်အောက်တွင် (မတူညီသော အချက်များကိုသာ) ရေးသားဖော်ပြကြပါစေ။

ပျင်းရိခြင်းရဲ့ ဆိုးကျိုး လုံ့လဝီရိယရှိခြင်းရဲ့ ကောင်းကျိုး

֍ ထို့နောက် ဆရာက မြတ်စွာဘုရားဟောကြားခဲ့သော အောက်ပါ “ပျင်းရိခြင်း၏ ဆိုးကျိုးနှင့် လုံ့လဝီရိယရှိခြင်း၏ 3 အကျိုး”တို့ကို ရှင်းပြပေးပါ။

ပျင်းရိခြင်း၏ ဆိုးကျိုး။ ။ မဖြစ်သေးသော စည်းစိမ်ဥစ္စာတို့ မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်ဥစ္စာတို့သည်လည်း တစ်နေ့တခြား လျော့ပါးပျက်စီးကုန်၏။

လုံ့လဝီရိယ ရှိခြင်း၏ အကျိုး။ ။ မဖြစ်သေးသော စည်းစိမ်ဥစ္စာတို့ ဖြစ်ကုန်၏။ ဖြစ်ပြီးသော စည်းစိမ်ဥစ္စာတို့လည်း တိုးပွားကုန်၏။ (သိင်္ဂါလသုတ်) နောက်ဆုံးတွင် အောက်ပါ တေးကဗျာကို စုပေါင်းရွတ်ဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။

ဇွဲ၊ လုံ့လနဲ့ ဝီရိယ

လာပါသူငယ်ချင်း မပျင်းနဲ့လေ ... ကြိုးစားကြစို့ အတူတူပါ...
အချိန်ရှိတုန်း ရွှင်ပြုံးဝမ်းသာ ... ဇွဲ လုံ့လနဲ့ ကြိုးစားမှာ...
ဝီရိယ အစဉ်တွဲ ... တိုးတက်ဖို့ပဲ ... ကောင်းတဲ့အကျင့်ကို သင်ယူကာ...
ကံကောင်းသူရော ဉာဏ်ကောင်းသူရော ... ဇွဲလုံ့လ အမြဲရှိရမှာ...။ ။