လုံ့လ ဝီရိယ ထားကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ လုံ့လ ဝီရိယ ထားကြမယ်
344862ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၇။ လုံ့လ ဝီရိယ ထားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇) လုံ့လဝီရိယ ထားကြမယ်

[edit]

လုံ့လမရှိဘဲ ချီးကျူးခံချင်သူ

[edit]

မြတ်စွာဘုရား လက်ထက်တော်အခါက သာဝတ္ထိပြည်၌ အရှင်တိဿ အမည်ရှိ ရဟန်းတစ်ပါး ရှိ၏။ သူသည် ငယ်ရွယ်စဉ်က ဖျတ်လတ်သန်မာ၍ ဉာဏ်ကောင်းသော်လည်း ဇွဲလုံ့လ နည်းပါးကာ ကြိုးစားလိုစိတ် မရှိပေ။ အမြဲတစေ ပေါ့ပေါ့ဆဆ နေတတ်ပြီး ပင်ပင်ပန်းပန်း လုပ်ရမည်ကိုလည်း ကြောက်၏။ ရဟန်းဖြစ်လာသောအခါတွင်လည်း စာပေလေ့လာခြင်း၊ တရားအားထုတ်ခြင်းမရှိဘဲ သက်သက်သာသာပင် နေလေ့ရှိသည်။

တစ်နေ့တွင် အရှင်တိဿ၏ သီတင်းသုံးဖော် မိတ်ဆွေရဟန်းများသည် အေးအေးချမ်းချမ်း တရားအားထုတ်နိုင်ရန် လူသူကင်းဝေးသော တောအရပ်သို့ ကြွသွားကြ၏။ ထိုအခါ အရှင်တိဿသည် “ငါဟာ သီတင်းသုံးဖော်တွေနဲ့အတူ တောထဲကို လိုက်သွားရင် ဇေတဝန်ကျောင်းတော်ကြီးမှာ နေရ သလို သက်သောင့်သက်သာရှိမှာ မဟုတ်ဘူး၊ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ နေရလိမ့်မယ်”ဟု စိုးရိမ်ကာ လိုက်မသွားဘဲ နေရစ်ခဲ့လေသည်။

အချိန်အတန်ကြာသောအခါတောထဲသို့ ကြွ၍ တရားအားထုတ်သော ရဟန်းတို့သည် တရားထူး ရရှိကာ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွလာကြ၏။ မိမိတို့ ရရှိခဲ့သော တရားထူးများကို ဘုရားရှင် ထံတွင် ပြန်လည်လျှောက်တင်ကြရာ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့၏ ကြိုးစားအားထုတ်မှုကို ကျေနပ်နှစ်သက်၍ အထူးတလည် ချီးကျူးတော်မူ၏။

ထိုအခါ အရှင်တိဿမှာ တောထဲသို့ လိုက်မသွားမိသည်ကို နောင်တရလျက် မိတ်ဆွေရဟန်း များကဲ့သို့ ဘုရားရှင်ထံမှ ချီးကျူးစကားကို လိုချင်နေမိ၏။ သို့ဖြစ်၍ ဘုရားရှင်၏ ချီးကျူးစကားကို ရလိုသဖြင့် တစ်ညလုံး စင်္ကြံလျှောက်ကာ ကမ္မဋ္ဌာန်းတရား ပွားများ၍ နေလေသည်။ သို့သော် အမြဲတစေ ပေါ့ပေါ့ဆဆ သက်သောင့်သက်သာ နေခဲ့သူဖြစ်ရာ ဇွဲမရှိဘဲ မကြာခင်မှာပင် ငိုက်မျဉ်း လာ၏။ ငိုက်မျဉ်းရင်း စင်္ကြံလျှောက်ရာ စင်္ကြံအစွန်းရှိ ကျောက်ဖျာပေါ်သို့ လဲကျ၍ ပေါင်ရိုး ကျိုးသွား လေသည်။ ထိုအခါ နာကျင်လွန်းလှသဖြင့် ကျယ်လောင်စွာ အော်လိုက်သော အရှင်တိဿ၏ အသံ ကြောင့် သီတင်းသုံးဖော်ရဟန်းများ နိုးလာပြီး လာရောက်ပြုစုကြ၏။

သူ့ကို ဝိုင်းဝန်းပြုစုပေးနေကြစဉ် အရုဏ်တက်သွားသဖြင့် ရဟန်းတော်များသည် ပင့်ဖိတ်ထား သော ရွာသို့ မကြွရောက်နိုင်ကြတော့ပေ။ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ “ချစ်သား ရဟန်းတို့ ... ငယ်ရွယ်စဉ် ကာယ၊ ဉာဏ ခွန်အားများနဲ့ ပြည့်စုံချိန်မှာ ဇွဲလုံ့လရှိရှိ ကြိုးစားသင့်ပါလျက် မကြိုးစားဘဲ ပျင်းရိထိုင်းမှိုင်းနေတဲ့သူ၊ စိတ်ကူးတွေနဲ့သာ အချိန်ကုန်နေတဲ့သူဟာ ပညာဉာဏ်နဲ့သာ ရနိုင်တဲ့ တရားထူးတရားမြတ်ကို မရနိုင်”ဟု ရဟန်းတို့အား ဆုံးမမိန့်ကြားလေ၏။

ဇွဲလုံ့လဝီရိယ

[edit]

လာပါသူငယ်ချင်း မပျင်းနဲ့လေ...
ကြိုးစားကြစို့ အတူတူပါ...
အချိန်ရှိတုန်း ရွှင်ပြုံးဝမ်းသာ ...
ဇွဲ လုံ့လနဲ့ ကြိုးစားမှာ...
ဝီရိယ အစဉ်တွဲ ...... တိုးတက်ဖို့ပဲ...
ကောင်းတဲ့အကျင့်ကို သင်ယူကာ...
ကံကောင်းသူရော ဉာဏ်ကောင်းသူရော
ဇွဲ လုံ့လ အမြဲရှိရမှာ။