လောကကို စောင့်ရှောက်သော တရား

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၈။ လောကကို စောင့်ရှောက်သော တရား
344863ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၈။ လောကကို စောင့်ရှောက်သော တရားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

[edit]

လောကကို စောင့်ရှောက်သောတရား

[edit]

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးနှင့် မိဖုရားကြီးတို့တွင် “မဟိံသကုမာရ”နှင့် “စန္ဒကုမာရ”ဟု ခေါ်တွင်သည့် သားတော်နှစ်ပါး ထွန်းကား၏။ ထိုသားတော်နှစ်ပါး ပြေးနိုင်လွှား နိုင်သည့် အရွယ်သို့ရောက်သောအခါ မိဖုရားကြီး နတ်ရွာစံသွားလေသည်။ ထိုအခါ မင်းကြီးက အခြားမိဖုရားတစ်ပါးကို မိဖုရားကြီးအရာ ထားလိုက်၏။ ထိုမိဖုရားကြီးက “သူရိယကုမာရ”အမည်ရှိ သားတော်လေးတစ်ပါး ဖွားမြင်၏။ မင်းကြီးသည် ဖွားမြင်စ သားတော်လေး သူရိယကို ချစ်မြတ်နိုး လွန်းလှသဖြင့် မိဖုရားကြီးအား လိုရာဆု တောင်းခွင့်ပေး၏။ မိဖုရားကြီးက “အခုတော့ မတောင်းလို သေးပါ၊ နောင် အလိုရှိတဲ့အခါမှ တောင်းပါ့မယ်”ဟု ပြန်လျှောက်ထားလေ၏။

သူရိယမင်းသားလေး အရွယ်ရောက်လာသောအခါ မိဖုရားကြီးက သားတော်လေး သူရိယကို ထီးနန်း လွှဲအပ်ပေးရန် မင်းကြီးအား တောင်းဆို၏။ ထိုအခါ မင်းကြီးက သားတော်ကြီးနှစ်ပါး ရှိသေးသဖြင့် မသင့်တော်ဟုဆိုကာ ငြင်းပယ်လိုက်သည်။ သို့သော် မိဖုရားကြီးက “အရှင်မင်းကြီး ... အရှင်မင်းကြီး ပေးထားတဲ့ ဆုကိုပဲ အကျွန်ုပ် တောင်းနေတာ ဖြစ်တယ်”ဟု ဆို၍ အကြိမ်ကြိမ် တောင်းဆို၏။

နောက်ဆုံးတွင် မင်းကြီးသည် မိဖုရားကြီးတောင်းသော ဆုကို ပေးရန် သဘောတူလိုက်ရသည်။ သို့သော် သားတော်ကြီးနှစ်ပါး၏ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် သူတို့ကို ခေါ်ကာ “သားတော်တို့ .. ခမည်းတော် မရှိတော့တဲ့အခါမှ နန်းတော်သို့ ပြန်လာ၍ မင်းပြုပါ၊ အခုအချိန်မှာတော့ တောထဲသို့ သွား၍ နေကြဦး”ဟု မျက်ရည်စက်လက်ဖြင့် မှာကြားကာ လွှတ်လိုက်၏။ သားတော်နှစ်ပါးတို့သည် ခမည်းတော်မင်းကြီးကို ရိုသေစွာ ကန်တော့၍ ထွက်လာကြစဉ် မင်းရင်ပြင်၌ ကစားနေသော သူရိယ မင်းသားလေးက သူလည်းလိုက်ပါရစေဟုဆိုကာ နောင်တော်နှစ်ပါးနှင့်အတူ တောထဲသို့ လိုက်ပါသွား သည်။

မင်းသားတို့ ဟိမဝန္တာတောထဲသို့ ရောက်သောအခါ “ အစ်ကိုကြီးမဟိံသက ညီငယ်သူရိယ မင်းသားလေးကို “ညီလေး ... ရေအိုင်ရှိရာကို သွားပြီး ရေချိုးရေသောက်ပါ၊ ပြီးရင် အစ်ကိုတို့အတွက် လည်း ပဒုမ္မာကြာရွက်နဲ့ ရေခပ်ခဲ့ပါ”ဟု မှာ၍ လွှတ်လိုက်၏။

သူရိယမင်းသားလေး ရောက်သွားသော ရေအိုင်ကို ဘီလူးကြီး တစ်ကောင်က စောင့်၏။ ဤရေအိုင် သို့ လာ၍ ရေချိုး၊ ရေသောက်၊ ကြာပန်းခူးသူများကို ဖမ်းယူစားသောက်ရန် ဝေဿဝဏ်နတ်မင်းကြီးက ဘီလူးကြီးအား ခွင့်ပြုထား၏။ သို့သော် မစားမီ ရှေးဦးစွာ ဝေဿဝဏ်နတ်မင်းကြီး မေးခိုင်းထားသည့် “လောကကို စောင့်ရှောက်တဲ့ တရားက ဘာလဲ”ဟူသော မေးခွန်းကို ဘီလူးကြီးက အဖမ်းခံရသူများအား မေး၏။ ဖြေနိုင်သူကို လွှတ်ပေး၍ မဖြေနိုင်သူကို သတ်စားသည်။

သူရိယမင်းသားလေးသည် မစူးစမ်းမဆင်ခြင်ဘဲ ရေအိုင်အတွင်းသို့ ဆင်းလိုက်မိရာ ဘီလူးကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ ထိုအခါ ဘီလူးကြီးက “လောကကို စောင့်ရှောက်တဲ့ တရားက ဘာလဲ”ဟု မင်းသားလေးအား မေးလေ၏။ မင်းသားလေးက “နေနဲ့လ”ဟု ဖြေရာ အဖြေမှားသဖြင့် ဘီလူးကြီးက မင်းသားလေးကို ဖမ်းထားလိုက်သည်။

အချိန်တန်၍ ညီငယ်လေးသူရိယ ပြန်မလာသောအခါ အစ်ကိုကြီး မဟိံသက ညီလတ်စန္ဒကုမာရကို ထပ်မံစေလွှတ်လိုက်၏။ စန္ဒကုမာရမင်းသားလည်း ဘီလူးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။ ဘီလူးကြီး၏မေးခွန်းကို စန္ဒကုမာရမင်းသားက “အရပ်လေးမျက်နှာ”ဟု ဖြေ၏။ လိုချင်သည့် အဖြေ မဟုတ်သဖြင့် စန္ဒကုမာရမင်းသားကိုလည်း ဖမ်းထားလိုက်ပြန်သည်။

ညီတော်နှစ်ဦး ပြန်ရောက်မလာသည့်အတွက် အန္တရာယ်နှင့် ကြုံတွေ့နေပြီဟု အစ်ကိုကြီးမဟိံသက တွေးမိသဖြင့် ရေအိုင်ရှိရာသို့ လိုက်လာလေ၏။ ရေအိုင်သို့ ရောက်သောအခါ ရေစပ်ညွှန်ပေါ်တွင် ညီနောင် နှစ်ပါးတို့၏ အဆင်းခြေရာများသာ တွေ့ရ၍ အတက်ခြေရာများ မတွေ့ရသဖြင့် “ဒီရေအိုင်ကို ဘီလူး စောင့်လိမ့်မယ်”ဟု ဆင်ခြင်ကာ ရေအိုင်ထဲသို့ ချက်ချင်း မဆင်းသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည်။

ထိုအခါ ဘီလူးကြီးက လယ်သမားဟန်ဆောင်၍ မဟိံသမင်းသားကို ရေအိုင်ထဲသို့ ဆင်းရန် ဖြားယောင်း၏။ မင်းသားလည်း လယ်သမား၏ အမူအရာကို ကြည့်၍ ဘီလူးမှန်း သိကာ “အကျွန်ုပ်ရဲ့ ညီတော်နှစ်ပါးကို ဖမ်းထားတယ် မဟုတ်လား”ဟု မေးလေ၏။ ဘီလူးကြီးက “ကျွန်ုပ်မေးတဲ့ မေးခွန်း ကို မဖြေနိုင်လို့ ဖမ်းထားတယ်”ဟု ပြန်ဖြေလေရာ မဟိံသမင်းသားက ဘီလူးကြီး၏ မေးခွန်းကို သိလို ကြောင်း မေးသည်။ ဘီလူးကြီးက “လောကကို စောင့်ရှောက်သော တရားက ဘာလဲ”ဟု မေး၏ ၊ မင်းသားက “အရှက်နဲ့အကြောက် ဖြစ်တယ်”ဟု ဖြေဆို၍ ထိုတရားနှစ်ပါးကို အခြေပြုကာ ဘီလူးကြီး အား တရားဟော၏။

မဟိံသမင်းသား၏ တရားကို ဘီလူးကြီး သဘောကျသွားကာ “သင်ရဲ့အဖြေ မှန်ပါတယ်၊ ဒါကြောင့် ညီငယ်နှစ်ယောက်ထဲက တစ်ယောက်ကို လွှတ်ပေးမယ်၊ အလိုရှိတဲ့ တစ်ယောက်ကို ရွေးချယ်ပါ”ဟု ဆိုလေရာ မဟိံသမင်းသားက ညီငယ်လေး သူရိယကိုသာ ပေးပါဟု တောင်းဆို၏။

ထိုအခါ ဘီလူးကြီးက “အရှင်မင်းသား ... သင်ဟာ လောကကို စောင့်ရှောက်တဲ့တရားကို သိပေမယ့် မကျင့်သုံး၊ သင်ဟာ ကြီးတဲ့သူကို အလေးမထားဘဲ ညီလတ်ကို ချန်ထားပြီး ညီငယ်ကိုသာ တောင်းဆိုတယ်”ဟု ကဲ့ရဲ့ပြောဆို၏။ ထိုအခါ မဟိံသမင်းသားက “သူရိယမင်းသားဟာ ကျွန်ုပ်ရဲ့ ညီအရင်း မဟုတ်ဘူး၊ အဖေတူအမေကွဲ ဖြစ်တယ်၊ သူ့ကြောင့် ဒီဟိမဝန္တာတောကို ကျွန်ုပ်တို့ ထွက်လာရ ခြင်း ဖြစ်တယ်၊ ဒါ့ကြောင့် ညီငယ်သူရိယကို ဘီလူးစားသွားပြီလို့ ပြောရင် ကျွန်ုပ်တို့ကို ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူး၊ ဒီလိုကဲ့ရဲ့မှာကို စိုးရိမ်တဲ့အတွက် ညီငယ်ကိုသာ တောင်းရခြင်း ဖြစ်တယ်”ဟု ရှင်းပြလိုက်လေ၏။

ထိုအခါ ဘီလူးကြီးသည် မဟိံသမင်းသား၏ အဖြေကို နှစ်ခြိုက်သဘောကျသဖြင့် “မင်းသား . . သင်ဟာ လောကစောင့်တရားကို သိလည်းသိ ကျင့်လည်းကျင့်သုံးပါပေတယ်”ဟု ပြော၍ ညီတော် နှစ်ပါးလုံးကို လွှတ်ပေးလိုက်လေသည်။

ဟိရိဩတ္တပ္ပ

[edit]

လာပါထိုင်ပါ ကလေးတို့ရယ် ...
ဆရာပြောပြမယ် ...
လောကအလယ် တင့်တယ်ရေး၊
နေထိုင်တတ်ဖို့ တွေး။
ဉာဏ်ပညာနှင့် ဆင်ခြင်ကာ၊
ပြောဆို လုပ်ကိုင်ပါ။
မကောင်းမှုတွေကို လုပ်မည့်ကြံ၊
ရှက်ကြ ကြောက်ကြရန်၊
လူလောကကို တင့်အောင်သ၊
ဟိရိသြတ္တပ္ပ။