သေးတာမက်လို့ ကြီးတာပျောက်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ သေးတာမက်လို့ ကြီးတာပျောက်
344864ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၉။ သေးတာမက်လို့ ကြီးတာပျောက်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉) သေးတာမက်လို့ ကြီးတာပျောက်

[edit]

ရှေးအခါက ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးတွင် အကြံပေး ပညာရှိအမတ်ကြီးတစ်ယောက် ရှိ၏။ မင်းကြီးသည် အမတ်ကြီး၏ အကြံပေးချက်များအတိုင်း လေးလေးစားစား လိုက်နာဆောင်ရွက် လေ့ရှိသည်။

တစ်နေ့သ၌ တိုင်းပြည်အစွန်အဖျားတွင် ခိုးဆိုးလုယက်သူများ သောင်းကျန်းနေကြောင်း ထိုအရပ်ရှိ စစ်မှုထမ်းများက မင်းကြီးထံ စာသဝဏ်လွှာဖြင့် လျှောက်တင်ကြ၏။ ထိုအချိန်သည် စစ်ချီရန် မသင့်တော် သည့် မိုးတွင်းကာလ ဖြစ်နေသည်။ သို့သော် မင်းကြီးသည် ထိုအရပ်သို့ စစ်ချီရန် ဥယျာဉ်အတွင်း၌ စစ်စခန်း ချထား၏။ အကြံပေးပညာရှိ အမတ်ကြီးသည်လည်း မင်းကြီးနှင့်အတူ ဥယျာဉ်၌ ရှိနေသည်။

တစ်နေ့တွင် စစ်သည်တော်များသည် မြင်းများကို အစာကျွေးရန် ကုလားပဲပြုတ်များကို မြင်းစား ခွက်တွင် ထည့်ထားကြ၏။ ထိုအခါ မျောက်တစ်ကောင်သည် ပဲပြုတ်များကို နှိုက်၍ ပါးစပ်အပြည့် ထည့်သည့်အပြင် လက်ခုပ်ထဲတွင်လည်း အပြည့် ထည့်ကာ သစ်ပင်ပေါ်သို့ တက်ပြေးသွား၏။ ထို့နောက် သစ်ကိုင်းပေါ် ထိုင်၍ စားမည့်ဆဲဆဲတွင် လက်ထဲမှ ပဲစေ့တစ်စေ့သည် မြေကြီးပေါ်သို့ ကျသွားလေရာ မျောက်သည် လက်ထဲမှ ပဲစေ့များကို လွှတ်ချကာ မြေပြင်သို့ ဆင်း၍ ကျသွားသော ပဲစေ့ကို ရှာသည်။ သို့သော် ပဲစေ့မှာ လွင့်စဉ်သွားသဖြင့် ရှာမတွေ့တော့ပေ။ ထိုအခါ မျောက်သည် သစ်ပင်ပေါ်သို့ ပြန်တက် ကာ အလွန်စိတ်ဆင်းရဲသော အမူအရာဖြင့် ထိုင်နေ၏။

မင်းကြီးသည် မျောက်၏ အမူအရာကို မြင်သောအခါ အမတ်ကြီးကို ခေါ်၍ မေး၏။ အမတ်ကြီးက မြတ်သောမင်းကြီး ... အများကို မကြည့်ဘဲ အနည်းကို ကြည့်မိတဲ့ ပညာမဲ့သူတွေဟာ ဒီမျောက် လိုပဲ မိုက်မဲတဲ့လုပ်ရပ်ကို လုပ်တတ်ကြပါတယ်၊ မျောက်ဟာ ပဲစေ့တစ်စေ့အတွက် “ ပဲအများကြီးကို ဆုံးရှုံးလိုက်ရတယ်၊ အနည်းငယ်သော အကျိုးကိုသာ မြင်မိတဲ့သူဟာ အကျိုးများစွာကို လက်လွှတ် ရတတ်ပါတယ်၊ ဒီလိုပဲ အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ နယ်စွန်နယ်ဖျားကို စစ်ချီရင် ဆုံးရှုံးမှုများ နိုင်တယ်။ ဒါ့ကြောင့် စစ်မချီသင့်သေးပါ”ဟု လျှောက်တင်လိုက်၏။

မင်းကြီးသည် အမတ်ကြီး၏ အကြံပေးစကားကို လက်ခံကာ စစ်ချီရန် ပြင်ဆင်ထားသော တပ်များကို ရုပ်သိမ်း၍ နေပြည်တော်သို့ ပြန်သွားလေတော့၏။

အရေးကြီးတာဦးစားပေး

[edit]

နေ့စဉ်နေ့တိုင်း အလုပ်လုပ်ကာ
သား/ သမီးတို့တွေမှာ ပညာရှာ။
တွေးတောစရာ သိပ်ကိုများ
နှိုင်းယှဉ်လို့ စဉ်းစား။
ဦးစားပေးပြီး လုပ်ဆောင်ပါ
အရေးကြီးသည့် ကိစ္စသာ။
ဆုံးရှုံးနစ်နာ မဖြစ်စေရေး
ဉာဏ်ပညာနဲ့ ဆင်ခြင်ပေး
အရေးကြီးတာကို ဦးစားပေး။