ဆုံးဖြတ်ချက် မခိုင်မာသူ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၀။ ဆုံးဖြတ်ချက် မခိုင်မာသူ
344865ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၀။ ဆုံးဖြတ်ချက် မခိုင်မာသူဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃ဝ) ဆုံးဖြတ်ချက် မခိုင်မာသူ[edit]

လွန်လေပြီးသောအခါက ဗာရာဏသီပြည့်ရှင်ဘုရင်ကြီးမှာသားတော်နှစ်ပါးရှိ၏။ သားတော်ကြီး အိမ်ရှေ့မင်းအရာ ပေး၍ သားငယ်ကို စစ်သူကြီးအရာ ပေးထားသည်။

တစ်နေ့တွင်ဘုရင်ကြီးသည် ရုတ်တရက်နာမကျန်းဖြစ်၍နတ်ရွာစံလေ၏။ထိုအခါ မှူးမတ်များက သားတော်ကြီးကို ဘုရင်အဖြစ် တင်မြှောက်ကြသည်။ သို့သော် သားတော်ကြီးက “ကျွန်ုပ် ဘုရင် မလုပ် ချင်”ဟု ဆိုကာ ငြင်း၏။ “ဒါဆိုရင် အိမ်ရှေ့စံအဖြစ်နဲ့ နေပါ”ဟု တောင်းပန်ကြသော်လည်း လက် မခံပေ။ ပညာရှိမှူးမတ်တို့နှင့် ဆွေတော်မျိုးတော်တို့က အသေအချာ စဉ်းစားဆုံးဖြတ်ရန် ပြောကြ၏။ ဦးရီးတော်ကလည်း “ဘုရင်အဖြစ်ဆိုတာ လူသာမန်တွေရတာ မဟုတ်ဘူး၊ သင်က မလိုချင်ဘူးဆိုတော့ အတော်ထူးဆန်းတာပဲ၊ အခု မလိုချင်ဘူးဆိုပေမယ့် နောင်တစ်ချိန်ကျရင် လိုချင်နေဦးမယ်၊ သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ”ဟု သတိပေး၏။

ဦးရီးတော်နှင့် ပညာရှိမှူးမတ်တို့က မည်သို့ပင် တိုက်တွန်းကြသော်လည်း ဘုရင်အဖြစ်ကို အလို မရှိကြောင်း၊ ဘဝကို အေးဆေးသက်သာစွာ နေသွားလိုကြောင်း ပြောကာ တောရွာလေးတစ်ရွာတွင် အေးအေးဆေးဆေး သွား၍ နေလေသည်။ ပညာရှိမှူးမတ်တို့နှင့် တိုင်းသူပြည်သားတို့သည် မင်းသား၏ စွန့်လွှတ်နိုင်စွမ်းကို ချီးကျူးအံ့သြ၍ လေးစားကြည်ညိုကြ၏။ ဤသို့ဖြင့် မင်းသားငယ် စစ်သူကြီးသည် ဘုရင်ဖြစ်လာလေသည်။

မင်းသား သွားရောက်နေထိုင်သောရွာ၌ ဘုရင့်ထံတွင် နှစ်စဉ် အခွန်ငွေ ၁ဝဝ ဆက်သနေရသော သူဌေးတစ်ဦး ရှိ၏။ မင်းသား ရောက်၍ မကြာမီ ထိုသူဌေးသည် ရွာသို့ ရောက်လာသူမှာ မင်းသား ဖြစ်ကြောင်း သိရသဖြင့် အခွန်ရှောင်ရန် စိတ်ကူးရသွားကာ မင်းသားကို သွားရောက်ချဉ်းကပ်၍ အလုပ်အကျွေးပြုသည်။ စားသောက်ဖွယ်ရာ၊ နေရာထိုင်ခင်း၊ အသုံးအဆောင် စသည်တို့ကို ထောက်ပံ့ ပေး၏။ ထို့နောက် ဘုရင့်ထံ ဆက်သနေရသည့် အခွန်ငွေကို ကင်းလွတ်ခွင့် ရလိုကြောင်း တောင်းပန်ရာ မင်းသားက ညီငယ်ဘုရင့်ထံ စာရေး၍ အကြောင်းကြားပေးလိုက်သည်။

ညီငယ်ဘုရင်ကလည်း မိမိ၏ နောင်တော်အား အလုပ်အကျွေးပြုနေသည်ကို ထောက်ထားကာ ကင်းလွတ်ခွင့် ပြုလိုက်၏။ ထိုသတင်းသည် တစ်ခဏချင်း ပျံ့နှံ့သွားလေရာ ထိုရွာအနီးဝန်းကျင်မှ သူဌေး များကလည်း မင်းသားကို ချဉ်းကပ်ပြုစု၍ အခွန်ရှောင်ရန် ကြိုးစားကြ၏။ မင်းသားကလည်း မိမိကို ပြုစုသော သူဌေးများ အခွန်ကင်းလွတ်ခွင့် ရရန် ညီငယ်ဘုရင့်ထံတွင် ခွင့်တောင်းပေးပြန်သည်။ ဤသို့ဖြင့် မင်းသားသည် ပစ္စည်းဥစ္စာအခြွေအရံများ တဖြည်းဖြည်း တိုးပွားလာသည်ကို နှစ်သက်သဘောကျလာ၏။

တစ်နေ့တွင် သူဌေးများက “အရှင်မင်းသား ... ဒီတစ်နယ်လုံးကို အခွန်ကင်းလွတ်ခွင့် ပြုရန် ဘုရင့်ထံ တောင်းဆိုပေးပါ၊ အရှင်မင်းသားကိုသာ ကျွန်ုပ်တို့ အခွန်ဘဏ္ဍာ ဆက်သလိုပါတယ်” ဟု မင်းသားထံ ချဉ်းကပ်၍ ပြောကြရာ မင်းသားကလည်း သဘောတူလက်ခံပြီး ညီငယ်ဘုရင်ထံ တောင်းဆိုပေး၏။ နောင်တော်၏ တောင်းဆိုချက်ကို ညီငယ်ဘုရင်ကလည်း မငြိုမငြင်ပင် ခွင့်ပြုသည်။ ထိုအခါ ဘုရင့်ထံ အခွန်မဆောင်ရအောင် ကူညီပေးသည့် မင်းသားကို သူဌေးများက သူ့ထက်ငါ သာအောင် ပြုစုထောက်ပံ့ကြ၏။ နောက်ဆုံးတွင် တိုင်းပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ဘုရင့်ထံ အခွန်မဆက်သလိုသဖြင့် မင်းသားကိုသာ သွားရောက်ပြုစု ထောက်ပံ့ကြ၏။ ဤသို့ဖြင့် မင်းသားမှာ တစ်နေ့တခြား လောဘတက်လာကာ တစ်မြို့ပြီးတစ်မြို့ အခွန်ကင်းလွတ်ခွင့် ပြုရန် ညီငယ် ဘုရင့်ထံ တောင်းဆိုသည်။ သဘောကောင်း၍ ကျေးဇူးသိတတ်သော ညီငယ်ဘုရင်ကလည်း နောင်တော် တောင်းသမျှကို လိုက်လျောခွင့်ပြုပေး၏။

ဤသို့ဖြင့် မင်းသားသည် နယ်များ၊ မြို့များကို အပိုင်စားရရုံဖြင့် မကျေနပ်နိုင်တော့ဘဲ တိုင်းပြည် အုပ်ချုပ်သော ဘုရင် ဖြစ်ချင်လာ၏။ သို့ဖြစ်၍ မင်းသားသည် သူဌေးများ၏ အကူအညီကို ယူကာ လက် နက်လူသူ စုဆောင်း၍ မင်းနေပြည်တော်သို့ စစ်ချီလေသည်။ နေပြည်တော်အနီးသို့ ရောက်သောအခါ “စစ်တိုက်မည်လော၊ တိုင်းပြည်ကို ပေးမည်လော”ဟူသော အမှာစာကို ညီငယ်ဘုရင့်ထံ ပို့စေ၏။

ထိုအခါ သဘောထားပြည့်ဝ၍ အမြော်အမြင်ရှိသော ညီငယ်ဘုရင်သည် “ညီအစ်ကို အချင်းချင်း စစ်တိုက်၍ တိုင်းပြည်လုတာ မဖြစ်သင့်”ဟု တွေးမိကာ နောင်တော်မင်းသားကို စစ်မတိုက်လိုကြောင်း၊ တိုင်းပြည်ကိုသာ ယူစေလိုပါကြောင်း အကြောင်းပြန်၍ တိုင်းပြည်ကို အပ်နှင်းလိုက်၏။

နောင်တော်မင်းသားသည် ဘုရင်အဖြစ်ကို ရရှိခဲ့သော်လည်း ပညာရှိအမတ်တို့နှင့် တိုင်းသူပြည် သားတို့သည် သူ့ကို လေးစားကြည်ညိုခြင်း အလျဉ်းမရှိကြပေ၊ သူပြောသမျှကိုလည်း အယုံအကြည် မရှိကြဘဲ “ဆုံးဖြတ်ချက် မခိုင်မာသူ”ဟု ပြစ်တင်ကဲ့ရဲ့ကြလေသည်။ တိုင်းသူပြည်သားတို့၏ လေးစား ကြည်ညိုမှု၊ ယုံကြည်မှုကို မရရှိသောကြောင့် နောင်တော်မင်းသား ဘုရင်သည် အမြဲမပြတ် စိုးရိမ် ကြောင့်ကြလျက် တိုင်းပြည်ကို အုပ်ချုပ်သွားရလေသည်။