ပညာရှိ ခေါင်းဆောင်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၁။ ပညာရှိ ခေါင်းဆောင်
344866ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၁။ ပညာရှိ ခေါင်းဆောင်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁) ပညာရှိခေါင်းဆောင်

[edit]

ရှေးအခါက ရွာတစ်ရွာတွင် အသိဉာဏ်ပညာနှင့် ပြည့်စုံသော ကုန်သည်တစ်ယောက် ရှိသည်။ တစ်နေ့တွင် ထိုကုန်သည်သည် ကုန်ရောင်းကုန်ဝယ် ပြုလုပ်ရန် နောက်ပါလှည်းသမားများနှင့်အတူ ခရီးထွက်လာ၏။ ခရီးမထွက်မီ သူ၏ လှည်းသမားများကို “နေရာ အသစ်တစ်ခုရောက်ရင် မစားဖူး တဲ့ အသီး၊ အရွက်၊ သစ်မြစ်၊ သစ်ဖုတွေကို ကျွန်ုပ်အား အသိမပေးဘဲ မစားကြနဲ့”ဟု သတိပေး တားမြစ်ထားသည်။ ဤသို့ဖြင့် လှည်းကုန်သည်တို့သည် တောအုပ်ကြီးတစ်ခုအနီးသို့ ရောက်လာ လေသည်။

ထိုတောအုပ်အစပ်ရှိ ရွာအဝင်တွင် အပင်တစ်ပင်၏ ပင်စည်၊ အခက်၊ အရွက်၊ အပွင့်၊ အသီး အားလုံးတို့မှာ သရက်ပင်နှင့် အသွင်သဏ္ဌာန်တူသည်။ အသီး၏ အနံ့အရသာသည်လည်း သရက်သီးနှင့်တူသည်။ သို့သော် ထိုအပင်သည် အဆိပ်ပင် ဖြစ်သဖြင့် စားမိလျှင် တစ်ခဏချင်းပင် သေစေနိုင်သည်။ အဆိပ်သီးကို စားမိ၍ သေဆုံးသွားကြသော ခရီးသွားများ၏ ပစ္စည်းဥစ္စာတို့ကို ရွာသားများက ယူလိုသောကြောင့် ထိုအပင်ကို ခုတ်လှဲခြင်း မပြုကြပေ။

နောက်တစ်နေ့တွင် ယခင်ကုန်သည်များကဲ့သို့ ယခု လှည်းကုန်သည် အားလုံးတို့သည်လည်း အဆိပ်သီးကို စားမိ၍ သေဆုံးနေကြလိမ့်မည်ဟု ရွာသားများက ထင်နေကြ၏။ သို့သော် ခရီးဆက် လက်ထွက်ခွာရန် ပြင်ဆင်နေကြသော လှည်းကုန်သည်တို့ကို တွေ့မြင်ရ၍ အလွန်အံ့သြသွားကြလေ သည်။ ထိုအခါ ရွာသားများက လှည်းကုန်သည်တို့ကို “ဒီအပင်က အသီးကို မစားမိကြဘူးလား”ဟု မေးရာ “ကျွန်ုပ်တို့ ခေါင်းဆောင်က အဆိပ်သီးလို့ ပြောတဲ့အတွက် မစားတာပါ”ဟု ပြန်ဖြေကြ၏။ ထိုအခါ ရွာသူကြီးက ခေါင်းဆောင်ကုန်သည်ကို “ဘယ်လို သုံးသပ်မိလို့ အဆိပ်သီးမှန်း သိတာလဲ” ဟု မေးလိုက်သည်။

ပညာရှိကုန်သည်က “အချက်နှစ်ချက်ကြောင့် ဒီအပင်ဟာ သရက်ပင် မဟုတ်ဘူးဆိုတာ သိရတာ ပါ၊ ပထမတစ်ချက်က ဒီအပင်ဟာ လူတွေ အလွယ်တကူ တက်လို့ရတဲ့အပင် ဖြစ်တယ်၊ ဒုတိယတစ်ချက်က ဒီအပင်ဟာ ရွာနဲ့မနီးမဝေးမှာ ရှိတယ်၊ စားလို့ရတဲ့ အသီးဖြစ်ရင် အသီးတွေဟာ ဒီလောက် ပြွတ်သိပ် နေမှာ မဟုတ်ဘူး၊ လူတွေ တက်ချည်၊ ဆင်းချည် ပြုလုပ်ကြလို့ အကိုင်း၊ အခက်၊ အရွက်တွေလည်း အချို့နေရာတွေမှာ ကျိုးကြေပျက်စီးနေကြလိမ့်မယ်၊ အခုတော့ မပျက်စီးဘဲ အကောင်းပကတိ ရှိနေကြလို့ ရွာသားတွေက ဒီအသီးကို ဆွတ်ယူစားသုံးခြင်း မရှိကြဘူး၊ ဒါကြောင့် အဆိပ်သီးလို့ သုံးသပ်မိတယ်၊ ဒီအချက်နှစ်ချက်ကြောင့် ကျွန်ုပ်ရဲ့ နောက်ပါလှည်းကုန်သည်တွေကို မစားကြဖို့ တားမြစ်ရခြင်း ဖြစ်တယ်” ဟု ပြန်လည် ဖြေကြားလိုက်သည်။

ရွာသားများသည် ခေါင်းဆောင်ကောင်းပီသစွာဖြင့် လက်အောက်ငယ်သားများ၏ အကျိုးကို ဆောင်ရွက်တတ်သော ပညာရှိလှည်းကုန်သည်အား လေးစားသွားကြ၏။ ပညာရှိလှည်းကုန်သည် သည် ရွာသားများကို စင်ကြယ်သော အသက်မွေးမှုဖြင့် စီးပွားရှာကြရန် ပြောဆိုဆုံးမ၍ အဆိပ်ပင်ကို လည်း ခုတ်လှဲပစ်ရန် ပြောကြားခဲ့သည်။ ပညာရှိခေါင်းဆောင်ကောင်းတို့မည်သည် အများအကျိုးကို ဉာဏ်ပညာဖြင့် ချင့်ချိန်၍ ဆောင်ရွက်တတ်ကြသူများ ဖြစ်ကြပေသည်။

ခေါင်းဆောင်ကောင်း

[edit]

ခေါင်းဆောင်တို့မည်သည်
ဦးဆောင်ကာကွယ်သည်
ဆုံးဖြတ်ချက်တွေ အခိုင်အမာချ ရဲဝံ့ပြတ်သားစွာ
တွန်းလှန်ခုခံသည် အသိဉာဏ်အဖြေမှန်ဆီ
စဉ်းစားသုံးသပ် တွက်ချက်စိစစ်ကာ
အများအကျိုးတွေ ဖြစ်ထွန်းရာ
မြင်အောင်ကြည့်တတ်တာ ခေါင်းဆောင်ကောင်းတွေပါ။