အချိန်ကို စီမံခြင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၆။ အချိန်ကို စီမံခြင်း
344861ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၆။ အချိန်ကို စီမံခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆) အချိန်ကို စီမံခြင်း

[edit]

မြတ်စွာဘုရား၏ တစ်နေ့တာလုပ်ငန်းစဉ်များ

[edit]

ဗုဒ္ဓမြတ်စွာသည် နေ့စဉ်လုပ်ငန်းများကို အစီအစဉ်အတိုင်း စနစ်တကျ ဆောင်ရွက်တော်မူလေ့ရှိ၏။ ခန္ဓာကိုယ်အတွက် လိုအပ်ချက်များကို ဖြည့်ပေးရသည့် အချိန်မှတစ်ပါး အခြားအချိန်များ၌ လောကအကျိုး ပြု လုပ်ငန်းများကိုသာ ဆောင်ရွက်တော်မူလေ့ရှိ၏။ ဗုဒ္ဓမြတ်စွာသည် တစ်နေ့တာ လုပ်ငန်းစဉ်များကို အပိုင်းငါးပိုင်း ခွဲခြား၍ ဆောင်ရွက်တော်မူလေ့ရှိ၏။ ယင်းတို့မှာ -

  • ၁။ နံနက်ပိုင်း လုပ်ငန်းစဉ်
  • ၂။ နေ့လယ်ပိုင်း လုပ်ငန်းစဉ်
  • ၃။ ညဉ့်ဦးပိုင်း လုပ်ငန်းစဉ်
  • ၄။ သန်းခေါင်ယံညဉ့်လယ်ပိုင်း လုပ်ငန်းစဉ်နှင့်
  • ၅။ မိုးသောက်ယံညဉ့်နှောင်းပိုင်း လုပ်ငန်းစဉ်တို့ ဖြစ်သည်။

နံနက်ပိုင်း လုပ်ငန်းစဉ်များကို နံနက် ၄ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပိုင်းခြားနိုင်သည်။ မြတ်စွာ ဘုရားသည် နံနက် ၄ နာရီ၌ လျောင်းစက်အနားယူရာမှ ထတော်မူသည်။ ထို့နောက် ကိုယ်လက် သန့်စင်ခြင်း၊ မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်း-စသည်တို့ကို ပြုလုပ်၍ ၁ နာရီနီးပါး ဖလသမာပတ် ဝင်စားတော် မူသည်။ နံနက် ၅ နာရီခန့်မှ ၆ နာရီခန့်အထိ အကူအညီလိုအပ်နေသူရှိ၊ မရှိ လောကကြီး တစ်ခုလုံးကို တန်ခိုးတော်ဖြင့် ကြည့်တော်မူ၏။ ၆ နာရီခန့်တွင် သင်္ကန်းကို သပ်ရပ်စွာ ဝတ်ရုံတော်မူ၍ ဆွမ်းခံကြွတော် မူသည်။ မြတ်စွာဘုရားသည် တစ်ခါတစ်ရံ တစ်ပါးတည်း ကြွတော်မူ၍ တစ်ခါတစ်ရံ နောက်ပါသံဃာတော် များစွာဖြင့် ကြွတော်မူ၏။ ဆွမ်းခံကြွရင်း လူတို့အား တရားဒေသနာများ ဟောကြားတော်မူသည်။ နေ့လယ်ပိုင်း လုပ်ငန်းစဉ်များကို ဆွမ်းဘုဉ်းပေးပြီးသော နေ့လယ် ၁၂ နာရီခန့်မှ ညနေ နာရီခန့်အထိ ပိုင်းခြားနိုင်၏။ ရှေးဦးစွာ မြတ်စွာဘုရားသည် ရဟန်းတော်များ မေးလျှောက်သော အမေးပုစ္ဆာများကို ဥပမာများနှင့်တကွ ကျိုးကြောင်းပြကာ ဖြေရှင်းပေးတော်မူသည်။ ထို့နောက် ခေတ္တအနားယူတော်မူသည်။ အနားယူပြီးသောအခါ လောကတစ်ခုလုံးကို တန်ခိုးတော်ဖြင့် ကြည့်ရှု တော်မူ၏။ ထိုသို့ကြည့်သောအခါ တရားဟောသင့်သူ တစ်ယောက်ကို ဖြစ်စေ၊ အများကိုဖြစ်စေ မြင် တော်မူလျှင် မည်မျှဝေးလံသော ဒေသဖြစ်စေကာမူ ကြွရောက်၍ တရားဟောတော်မူသည်။ ညနေပိုင်း တွင် မိမိထံ လာရောက်တရားနာသူများကို တရားဟောတော်မူသည်။

ညဉ့်ဦးပိုင်း လုပ်ငန်းစဉ်များကို ညနေ ၆ နာရီခန့်မှ ည ၁ဝ နာရီခန့်အထိ ပိုင်းခြားနိုင်သည်။ နေဝင်ချိန် တွင် ရေချိုးတော်မူသည်။ ညချမ်းအချိန်တွင် တရားအားထုတ်ပြီး ပြန်ကြွလာကြသော ရဟန်းတော် များ မေးမြန်းသည့် ပုစ္ဆာပြဿနာများကို ဖြေကြားတော်မူကာ လိုအပ်သည်များကို လမ်းညွှန်ပေးတော် မူသည်။ ရဟန်းတော်များ၏ အခက်အခဲ ပြဿနာများကို ဂရုပြုနားထောင်တော်မူပြီးနောက် မေးမြန်း သင့်သည်များကို ပြန်လည်မေးမြန်းကာ ဖြေရှင်းပေးတော်မူ၏။

သန်းခေါင်ယံ ညဉ့်လယ်ပိုင်း လုပ်ငန်းစဉ်များကို ည ၁၀ နာရီခန့်မှ ၂ နာရီခန့်အထိ ပိုင်းခြားနိုင် သည်။ လူခြေတိတ်ချိန်ဖြစ်သဖြင့် မြတ်စွာဘုရားထံသို့ နတ်ဗြဟ္မာများ လာရောက်ဖူးမြော်ကြကာ ပုစ္ဆာ ပြဿနာများ မေးလျှောက်၍ တရားတော်များ နာယူပါက ပြန်လည် ဖြေရှင်းဟောကြားပေးတော်မူသည်။ မိုးသောက်ယံ ညဉ့်နှောင်းပိုင်း လုပ်ငန်းစဉ်များကို ည ၂ နာရီခန့်မှ ၄ နာရီခန့်အထိ ပိုင်းခြား နိုင်သည်။ ထိုအချိန်အတွင်း မြတ်စွာဘုရားသည် စင်္ကြံလျှောက်တရားရှုမှတ်တော်မူပြီး ခေတ္တမျှ ကျိန်းစက် အနားယူတော်မူသည်။

မြတ်စွာဘုရားသည် တစ်နေ့လျှင် ၂ နာရီခန့်သာ လျောင်းစက် အနားယူတော်မူ၍ နာရီများစွာ အလုပ်လုပ်တော်မူသည်။ ဤသို့ဖြင့် မြတ်စွာဘုရားသည် လေးဆယ့်ငါးနှစ်ပတ်လုံး သတ္တဝါအများ တရား အသိအမြင်ရရှိရေး၊ လောကငြိမ်းချမ်းရေးအတွက် မနေမနား ကြိုးပမ်းအားထုတ်တော်မူခဲ့လေသည်။