မဟာဓန သူဌေးသား

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၅။ မဟာဓန သူဌေးသား
344860ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၅။ မဟာဓန သူဌေးသားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

[edit]

မဟာဓန သူဌေးသား

[edit]

ဘုရားရှင်လက်ထက်တော်အခါက ဗာရာဏသီမြို့၌ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသော သူဌေးကြီး ဇနီးမောင်နှံတွင် “မဟာဓန”ဟု ခေါ်သည့် သားတစ်ယောက် ရှိသည်။ မိခင်ဖခင်တို့သည် သားငယ်ကို ချစ်မြတ်နိုးလှသဖြင့် မည်သည့်ပညာကိုမျှ မသင်စေဘဲ အတီးအမှုတ် အကအခုန်စသည့် အပျော်အပါးတို့ဖြင့်သာ အချိန်ကုန်စေသည်။ သူဌေးကြီးက “တို့မှာ စည်းစိမ်ဥစ္စာရတနာတွေ အများကြီး ရှိတယ်၊ ဘာအလုပ်မှ မလုပ်ဘဲ သားငယ် အလိုရှိသမျှ သုံးနိုင်တယ်”ဟု တွေး၍ သားငယ်အား မည် သည့်အလုပ်မျှ လုပ်ကိုင်စေခြင်း မရှိပေ။ မဟာဓန အရွယ်ရောက်လာသည့်အခါ မိမိတို့ကဲ့သို့ပင် ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာသော သူဌေးသမီးတစ်ယောက်နှင့် လက်ထပ်ထိမ်းမြားပေးလေသည်။

နှစ်ဘက်မိဘများ ကွယ်လွန်သွားသောအခါ မဟာဓနသူဌေးသားမှာ ကုဋေတစ်ရာ့ခြောက်ဆယ် ကြွယ်ဝလာလေသည်။ သို့သော် စီးပွားဥစ္စာတိုးပွားကြောင်း မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ အတီးအမှုတ် အကအခုန်စသည့် အပျော်အပါးများဖြင့်သာ အချိန်ကုန်နေခဲ့၏။ တစ်နေ့တွင် သူဌေးသားသည် အခြွေ အရံများနှင့် ထွက်လာရာ လမ်းတွင် အရက်သမားများနှင့် ဆုံမိကြသည်။ အရက်သမားများက သူဌေးသားကို မှီခိုစားသောက်လိုသည့်အတွက် “သူဌေးမင်း သက်တော်ရာကျော်ရှည်ပါစေ” စသည်ဖြင့် နှုတ်ဆက်မိတ်ဖွဲ့ကြသည်။

မိမိ၏ အလုပ်အကျွေးများကလည်း “အရက်ဟာ လောကမှာ အကောင်းဆုံး အဖျော်ယမကာ ဖြစ် ပေတယ် အရှင့်သား”ဟု ပြောပြကြသဖြင့် သူဌေးသားသည် မြည်းစမ်းသောက်ကြည့်ရာမှ အရက်စွဲသွား လေသည်။ ထိုအချိန်မှစ၍ သူဌေးသားသည် အရက်သမားများနှင့်ပေါင်း၍ သောက်စားမူးယစ်နေသည်။ ပစ္စည်းဥစ္စာများကိုလည်း စည်းကမ်းမရှိ သုံးဖြုန်းပစ်သည့်အတွက် မိဘအမွေများအားလုံး ကုန်ခန်းသွားလေ၏။ ထို့နောက် ဇနီးဘက်မှ ရရှိသော အမွေများကိုလည်း သုံးဖြုန်းပစ်ပြန်သည်။

အမွေအားလုံး ကုန်သွားသောအခါ လယ်ယာ၊ ကျွဲနွား၊ ခြံမြေ၊ အဝတ်အထည်၊ အိုး၊ ခွက် စသည် တို့ကို ရောင်းချ စားသောက်ပစ်ပြန်သည်။ အသက်အရွယ် ကြီးရင့်လာချိန်တွင် ရောင်းချစားသောက်စရာ မရှိတော့သဖြင့် အိမ်ကိုပင် ရောင်းလိုက်ကြရသည်။ ထို့ကြောင့် နေစရာမရှိတော့ဘဲ သူတစ်ပါး၏ အိမ်ဘေး တွင် မှီခို၍ နေကြရ၏။ စားစရာလည်းမရှိ၊ စီးပွားလည်း မရှာတတ်သဖြင့် တောင်းရမ်းစားသောက်ကာ အသက်မွေးရတော့သည်။ တစ်နေ့တွင် မဟာဓနတို့ ဇနီးမောင်နှံသည် ဘုရားရှင်၏ ဆွမ်းစားဇရပ်သို့ ရောက်လာကာ ကိုရင်ငယ်များ စွန့်သော ဆွမ်းကျန်၊ ဟင်းကျန်များကို တောင်းရမ်းစားသောက်နေရသည့် အဖြစ်ကို ဘုရားရှင် မြင်တော်မူသောအခါ ပြုံးတော်မူသည်။

ထိုအခါ အရှင်အာနန္ဒာက ပြုံးတော်မူခြင်း၏ အကြောင်းရင်းကို မေးလျှောက်သောအခါ “ချစ်သားအာနန္ဒာ ... ဒီသူဌေးသားဟာ ပထမအရွယ်မှာ စီးပွားရှာခဲ့ရင် ဟောဒီဗာရာဏသီမြို့မှာ ပထမတန်းစား သူဌေးကြီးတစ်ဦး ဖြစ်နိုင်တယ်၊ ဒုတိယအရွယ်မှာ စီးပွားရှာခဲ့ရင် ဒုတိယတန်းစား သူဌေးကြီး ဖြစ်နိုင်တယ်၊ တတိယအရွယ်မှာ စီးပွားရှာခဲ့ရင် တတိယတန်းစား သူဌေးကြီး ဖြစ်နိုင် သေးတယ်၊ လူ့ဘောင်ကနေ ရှောင်ခွာပြီး ရဟန်းပြုရင်လည်း ဇနီးမောင်နှံနှစ်ဦးစလုံး တရားထူးရနိုင် တယ်၊ ခုတော့ သူဟာ လူ့လောကစည်းစိမ်ချမ်းသာကိုရော လောကုတ္တရာချမ်းသာကိုပါ လက်လွှတ် ဆုံးရှုံးရပြီ၊ သူဟာ အရွယ်ရှိတုန်း အချိန်အခါ အခွင့်အရေး ပေးတုန်းမှာ လုပ်သင့်တဲ့ အလုပ်တွေကို မလုပ်ခဲ့ဘူး၊ ဒါ့ကြောင့် အကျိုးစီးပွားမှန်သမျှ ဆုံးရှုံးခဲ့ရတယ်၊ အခုတော့ သူတို့နှစ်ဦးဟာ ငါးမရှိတဲ့ ညွန်အိုင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာအိုလို ငေးမှိုင်နေရတယ်၊ ရှေးဖြစ်ဟောင်း ချမ်းသာတွေကို ညည်းတွားအောက်မေ့ပြီးသာ နေရတော့တယ်”ဟု မိန့်ကြားတော်မူသည်။