ပေါက်ပင်နှင့် ညောင်ပင်

From Wikisource
Jump to navigation Jump to search
344859ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၄။ ပေါက်ပင်နှင့် ညောင်ပင်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄) ပေါက်ပင်နှင့် ညောင်ပင်

[edit]

ရှေးလွန်လေပြီးသောအခါ ဘုရားအလောင်းတော်သည် ရွှေဟင်္သာမျိုး၌ မင်းဖြစ်လေ၏။ ရွှေဟင်္သာမင်းသည် စိတ္တကုဋ်တောင် ရွှေဂူ၌ နေထိုင်၍ ဟိမဝန္တာတောရှိ ရေအိုင်ကြီးအနီးတွင် ပေါက်လျက်ရှိသည့် သလေးစပါးများကို သွားရောက်စားသောက်လေ့ရှိသည်။ စိတ္တကုဋ်တောင်နှင့် ဟိမဝန္တာကြားတွင် ပေါက်ပင်ကြီးတစ်ပင် ရှိ၏။ ရွှေဟင်္သာမင်းသည် အသွားအပြန် ခရီးများ၌ ထို ပေါက်ပင်တွင် တစ်ခဏမျှ နားနေတတ်၏။ အချိန်ကြာလာသောအခါ ရွှေဟင်္သာမင်းသည် ထိုပေါက်ပင်ရှိ ရုက္ခစိုးနတ်နှင့် မိတ်ဆွေဖြစ်လာသည်။

တစ်နေ့သ၌ ငှက်မတစ်ကောင်သည် ညောင်သီးမှည့်ကို စားလာ၍ ပေါက်ပင်ခွကြားတွင် ခေတ္တနားနေရင်း ကျင်ကြီး စွန့်ချခဲ့ရာ အချိန်တန်သောအခါ ကျင်ကြီးတွင်ပါလာသော ညောင်စေ့မှ အပင်ပေါက်လာ၏။ ညောင်ပင်သည် တဖြည်းဖြည်း ကြီးထွားလာကာ အနီရောင် ရွက်ညွှန့်ကလေး များဖြင့် တင့်တယ်လျက်ရှိသည်။

တစ်နေ့တွင် ရွှေဟင်္သာမင်းသည် ပေါက်ပင်၌ နားနေစဉ် ထိုညောင်ပင်ငယ်ကို မြင်တွေ့လေ လျှင် အန္တရာယ်ကို ကြိုမြင်သဖြင့် ပေါက်ပင်စောင့်နတ်အား “အဆွေ . ညောင်ပင်တို့မည်သည် အရွယ်ရောက်လာလျှင် မိမိမှီခိုရာ သစ်ပင်ကို ဖျက်ဆီးတတ်၏၊ ထို့ကြောင့် ဤညောင်ပင်ကို ကြီးခွင့် မပေးလင့်၊ သင့်ဗိမာန်ကို သူ မဖျက်ဆီးနိုင်မီ ဦးစွာ နှုတ်ပစ်ပါလော့”ဟု သတိပေး၏။

သို့သော် ပေါက်ပင်စောင့်နတ်သည် ရွှေဟင်္သာမင်း၏ သတိပေးစကားကို အလေးမထားဘဲ “အဆွေဟင်္သာမင်း ... ညောင်ပင်ငယ်လေးသည် ငါ့ကို မှီခို၍ ရှင်သန်ကြီးထွားလာရ၏။ ဤညောင်ပင် ငယ်လေး ကြီးချင်သလောက် ကြီးပါစေ၊ မိဘများသည် သားသမီးတို့၏ မှီခိုအားထားရာ ဖြစ်သကဲ့သို့ ငါသည်လည်း ဤညောင်ပင်ငယ်လေး၏ မှီခိုအားထားရာ ဖြစ်ပါမည်၊ နောင်သောအခါ ဤညောင်ပင် လေးသည် ငါ၏ မှီခိုအားထားရာ တစ်ဖန် ဖြစ်လာပေလိမ့်မည်”ဟု ပြန်ပြောလိုက်၏။ ရွှေဟင်္သာမင်း လည်း သတိပေးစကားကို မနာယူသော မိတ်ဆွေ ပေါက်ပင်စောင့်နတ်ကို ထားရစ်ခဲ့ပြီး မိမိနေထိုင်ရာ အရပ်သို့ ပြန်သွားလေ၏။ ထိုအချိန်မှစ၍ ပေါက်ပင်သို့ လာရောက် နားခိုခြင်းလည်း မရှိတော့ပေ။

ညောင်ပင်ငယ်သည် နှစ်ကာလ ကြာမြင့်လေလျှင် အကိုင်းအခက်တို့ဖြင့် တဖြည်းဖြည်းကြီးထွား လာရာ ပေါက်ပင်ကို ဝါးမျိုသွားလေ၏။ ပေါက်ပင်မှာလည်း အခက်အလက်များ အပိုင်းပိုင်း ပြတ်ကျ သွားသဖြင့် ပေါက်ပင်စောင့်နတ်၏ ဘုံဗိမာန်သည် ပျက်စီးရလေသည်။ ထို့နောက် ညောင်ပင်ကို အပိုင် စားရသော ညောင်ပင်စောင့်နတ် တစ်ပါးလည်း ဘုံဗိမာန်နှင့်တကွ ဖြစ်ပေါ်လာ၏။

နောက်ဆုံးတွင် ပေါက်ပင်ပျောက်၍ ညောင်ပင်ကြီးသာ ကျန်လေသည်။ ထိုအခါ ပေါက်ပင် စောင့်နတ်သည် ဖြစ်လာမည့်ဘေးကို မြင်၍ ပြောသော ရွှေဟင်္သာမင်း၏ သတိပေးစကားကို ပြန်လည်ကြားယောင်မိကာ မိတ်ဆွေရွှေဟင်္သာမင်း၏ စကားကို မနာယူခဲ့သည်မှာ မှားလေခြင်းဟု တွေး၍ ငိုကြွေးရှာလေတော့၏။