လောကကို စောင့်ရှောက်သော တရား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၈။ လောကကို စောင့်ရှောက်သော တရား(ကျောင်းသားကိုင်သို့)
348369ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၈။ လောကကို စောင့်ရှောက်သော တရား(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

သင်ခန်းစာခေါင်းစဉ်။ ။ လောကကို စောင့်ရှောက်သောတရား

သင်ယူမှုဦးတည်ချက်။ ။ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်တတ် ကြောက်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများကို ကလေးအားလုံးနှင့် ဉာဏ်ဖွင့်ဆွေးနွေးပါ။

-ဘာတွေ လုပ်ရတာကို ရှက်ရမှာလဲ။
-ဘာတွေ လုပ်ရတာကို ကြောက်ရမှာလဲ။

֍ ကလေးများ ပြောသမျှကို သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။

֍ ထိုအချက်များထဲမှ အရှက်ဆုံး (သို့) အကြောက်ဆုံး အလုပ်တစ်ခုစီကို စဉ်းစားရွေးချယ်စေပြီး ပြန်ပြောလိုသော ကလေး ၅/၆-ဦးခန့်ကို ပြောစေပါ။ ဘာကြောင့် အရှက်ဆုံးနှင့် အကြောက်ဆုံး ဖြစ်ရသည်ကိုလည်း ရှင်းပြကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

လောကကို စောင့်ရှောက်သောတရား

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးနှင့် မိဖုရားကြီးတို့တွင် “မဟိံသကုမာရ” နှင့် “စန္ဒကုမာရ”ဟု ခေါ်တွင်သည့် သားတော်နှစ်ပါး ထွန်းကား၏။ ထိုသားတော်နှစ်ပါး ပြေးနိုင်လွှားနိုင်သည့်အရွယ်သို့ ရောက်သောအခါ မိဖုရားကြီး နတ်ရွာစံသွားလေသည်။ ထိုအခါ မင်းကြီးက အခြားမိဖုရားတစ်ပါးကို မိဖုရားကြီးအရာ ထားလိုက်၏။ ထိုမိဖုရားကြီးက “သူရိယကုမာရ”အမည်ရှိ သားတော်လေးတစ်ပါး ဖွားမြင်၏။ မင်းကြီးသည် ဖွားမြင်စသားတော်လေး သူရိယကို ချစ်မြတ်နိုးလွန်းလှသဖြင့် မိဖုရားကြီးအား လိုရာဆုတောင်းခွင့်ပေး၏။ မိဖုရားကြီးက “အခုတော့ မတောင်း လိုသေးပါ၊ နောင် အလိုရှိတဲ့အခါမှ တောင်းပါ့မယ်”ဟု ပြန်လျှောက်ထားလေ၏။

သူရိယမင်းသားလေး အရွယ်ရောက်လာသောအခါ မိဖုရားကြီးက သားတော်လေး သူရိယကို ထီးနန်းလွှဲအပ် ပေးရန် မင်းကြီးအားတောင်းဆို၏။ ထိုအခါ မင်းကြီးက သားတော်ကြီးနှစ်ပါး ရှိသေးသဖြင့် မသင့်တော်ဟုဆိုကာ ငြင်း ပယ်လိုက်သည်။ သို့သော် မိဖုရားကြီးက “အရှင်မင်းကြီး အရှင်မင်းကြီး ပေးထားတဲ့ ဆုကိုပဲ အကျွန်ုပ် တောင်း နေတာဖြစ်တယ်”ဟု ဆို၍ အကြိမ်ကြိမ် တောင်းဆို၏။ နောက်ဆုံးတွင် မင်းကြီးသည် မိဖုရားကြီးတောင်းသော ဆုကို ပေးရန် သဘောတူလိုက်ရသည်။ သို့သော် သားတော်ကြီးနှစ်ပါး၏ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် သူတို့ကို ခေါ်ကာ “သားတော်တို့ ... ခမည်းတော် မရှိတော့တဲ့အခါမှ နန်းတော်သို့ ပြန်လာ၍ မင်းပြုပါ၊ အခုအချိန်မှာတော့ တောထဲသို့ သွား၍ နေကြဦး”ဟု မျက်ရည်စက်လက်ဖြင့် မှာကြားကာ လွှတ်လိုက်၏။ သားတော်နှစ်ပါးတို့သည် ခမည်းတော် မင်းကြီးကို ရိုသေစွာကန်တော့၍ ထွက်လာကြစဉ် မင်းရင်ပြင်၌ ကစားနေသော သူရိယ မင်းသားလေးက သူလည်း လိုက်ပါရစေ ဟုဆိုကာ နောင်တော်နှစ်ပါးနှင့်အတူ တောထဲသို့ လိုက်ပါသွားသည်။

မင်းသားတို့ ဟိမဝန္တာတောထဲသို့ ရောက်သောအခါ အစ်ကိုကြီးမဟိံသက ညီငယ်သူရိယ မင်းသားလေးကို “ညီလေး ... ရေအိုင်ကို သွားပြီး ရေချိုးရေသောက်ပါ၊ ပြီးရင် အစ်ကိုတို့အတွက်လည်း ပဒုမ္မာကြာရွက်နဲ့ ရေခပ်ခဲ့ပါ”ဟု မှာ၍ လွှတ်လိုက်၏။

သူရိယမင်းသားလေးရောက်သွားသော ရေအိုင်ကို ဘီလူးကြီးတစ်ကောင်က စောင့်ရှောက်နေ၏။ ဤရေ အိုင်သို့ လာ၍ ရေချိုး၊ ရေသောက်၊ ကြာပန်းခူးသူများကို ဖမ်းယူစားသောက်ရန် ဝေဿဝဏ်နတ်မင်းကြီးက ဘီလူးကြီးအား ခွင့်ပြုထား၏။ သို့သော် မစားမီ ရှေးဦးစွာ ဝေဿဝဏ်နတ်မင်းကြီး မေးခိုင်းထားသည့် “လောကကို စောင့်ရှောက် တဲ့ တရားက ဘာလဲ”ဟူသော မေးခွန်းကို ဘီလူးကြီးက အဖမ်းခံရသူများအား မေး၏။ ဖြေနိုင်သူကို လွှတ်ပေး၍ မဖြေနိုင်သူကို သတ်စားသည်။

သူရိယမင်းသားလေးသည် မစူးစမ်းမဆင်ခြင်ဘဲ ရေအိုင်အတွင်းသို့ ဆင်းလိုက်မိရာ ဘီလူးကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ ထိုအခါ ဘီလူးကြီးက “လောကကို စောင့်ရှောက်တဲ့ တရားက ဘာလဲ”ဟု မင်းသားလေးအား မေးလေ၏။ မင်းသားလေးက “နေနဲ့လ”ဟု ဖြေရာ အဖြေမှားသဖြင့် ဘီလူးကြီးက မင်းသားလေးကို ဖမ်းထားလိုက်သည်။

အချိန်တန်၍ ညီငယ်လေးသူရိယ ပြန်မလာသောအခါ အစ်ကိုကြီးမဟိံသက ညီလတ်စန္ဒကုမာရကို ထပ်မံ စေလွှတ်လိုက်၏။ စန္ဒကုမာရမင်းသားလည်း ဘီလူးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။ ဘီလူးကြီး၏မေးခွန်းကို စန္ဒ ကုမာရမင်းသားက “အရပ်လေးမျက်နှာ”ဟု ဖြေ၏။ လိုချင်သည့် အဖြေမဟုတ်သဖြင့် စန္ဒကုမာရမင်းသားကိုလည်း ဖမ်း ထားလိုက်ပြန်သည်။

ညီတော်နှစ်ဦး ပြန်ရောက်မလာသည့်အတွက် အန္တရာယ်နှင့် ကြုံတွေ့နေပြီဟု အစ်ကိုကြီးမဟိံသ တွေးမိသဖြင့် ရေအိုင်ရှိရာသို့ လိုက်လာလေ၏။ ရေအိုင်သို့ ရောက်သောအခါ ရေစပ်ညွှန်ပေါ်တွင် ညီနောင်နှစ်ပါးတို့၏ အဆင်းခြေရာ များသာတွေ့ရ၍ အတက်ခြေရာများ မတွေ့ရသဖြင့် ဤရေအိုင်ကို ဘီလူး စောင့်လိမ့်မည်ဟု ဆင်ခြင်ကာ ရေအိုင်ထဲသို့ ချက်ချင်း မဆင်းသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည်။

ထိုအခါ ဘီလူးကြီးက လယ်သမားဟန်ဆောင်၍ မဟိံသမင်းသားကို ရေအိုင်ထဲသို့ဆင်းရန် ဖြားယောင်း၏။ မင်းသားလည်း လယ်သမား၏ အမူအရာကိုကြည့်၍ ဘီလူးမှန်းသိကာ မိမိညီတော်နှစ်ပါးကို ဖမ်းထားသည် မဟုတ်လောဟု မေးလေ၏။ ဘီလူးကြီးက ကျွန်ုပ်မေးသော မေးခွန်းကို မဖြေနိုင်သဖြင့် ဖမ်းထားသည်ဟု ပြန်ဖြေ လေရာ မဟိံသမင်းသားက ဘီလူးကြီး၏ မေးခွန်းကို သိလိုကြောင်းမေးသည်။ ဘီလူးကြီးက “လောကကို စောင့်ရှောက်သော တရားက ဘာလဲ”ဟု မေး၏။ မင်းသားက “အရှက်နဲ့အကြောက် ဖြစ်တယ်”ဟု ဖြေဆို၍ ထိုတရားနှစ်ပါးကို အခြေပြုကာ ဘီလူးကြီးအား တရားဟော၏။

မဟိံသမင်းသား၏ တရားကို ဘီလူးကြီး သဘောကျသွားကာ “သင်ရဲ့ အဖြေ မှန်ပါတယ်၊ ဒါကြောင့် ညီငယ်နှစ်ယောက်ထဲက တစ်ယောက်ကို လွှတ်ပေးမယ်၊ အလိုရှိတဲ့ တစ်ယောက်ကို ရွေးချယ်ပါ”ဟု ဆိုလေရာ မဟိံသ မင်းသားက ညီငယ်လေး သူရိယကိုသာ ပေးပါဟု တောင်းဆို၏။

ထိုအခါ ဘီလူးကြီးက “အရှင်မင်းသား . သင်ဟာ လောကကို စောင့်ရှောက်တဲ့တရားကို သိပေမယ့် မကျင့်သုံးဘူး၊ သင်ဟာ ကြီးတဲ့သူကို အလေးမထားဘဲ ညီလတ်ကို ချန်ထားပြီး ညီငယ်ကိုသာ တောင်းဆိုတယ်”ဟု ကဲ့ရဲ့ ပြောဆို၏။ ထိုအခါ မဟိံသမင်းသားက “သူရိယမင်းသားဟာ ကျွန်ုပ်ရဲ့ အဖေတူ အမေကွဲ ညီဖြစ်တယ်၊ သူ့ကြောင့် ဒီဟိမဝန္တာတောထဲကို ကျွန်ုပ်တို့ ထွက်လာရခြင်း ဖြစ်တယ်၊ ဒါ့ကြောင့် ညီငယ်သူရိယကို ဘီလူးစားလိုက်ပြီလို့ ပြောရင် ကျွန်ုပ်တို့ကို ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူး၊ ဒီလိုကဲ့ရဲ့ မှာကို စိုးရိမ်တဲ့အတွက် ညီငယ်ကိုသာ တောင်းရခြင်း ဖြစ်တယ်”ဟု ရှင်းပြလိုက်လေ၏။

ထိုအခါ ဘီလူးကြီးသည် မဟိံသမင်းသား၏ အဖြေကို နှစ်ခြိုက်သဘောကျသဖြင့် “မင်းသား ... သင်ဟာ လောကစောင့်တရားကို သိလည်းသိ ကျင့်လည်းကျင့်သုံးပါပေတယ်”ဟု ပြော၍ ညီတော်နှစ်ပါးလုံးကို လွှတ်ပေးလိုက်လေ၏။

မှီငြမ်း။ ။ ဒေဝဓမ္မဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၄၂။ ဓမ္မ၊ဋ္ဌ၊၂၊၄၆။ ဇာ၊ဋ္ဌ၊၁၊၁၄၂။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မင်းသားသုံးပါးရဲ့ အမည်တွေက ဘာလဲ။
-ဘီလူးကြီးမေးနေကျ မေးခွန်းက ဘာလဲ။
-ဘီလူးကြီးက ဘာကြောင့် အဲဒီမေးခွန်းကို မေးရတာလဲ။
-သူရိယက ဘယ်လို ပြန်ဖြေသလဲ။
-စန္ဒကုမာရက ဘယ်လို ပြန်ဖြေသလဲ။
-မဟိံသက ဘယ်လို ပြန်ဖြေသလဲ။
-ဘယ်သူ့အဖြေကို ဘီလူးကြီးက သဘောကျသလဲ။ ဘာကြောင့်လဲ။
-မဟိံသက ညီငယ်ကို ရွေးလိုက်တဲ့အတွက် ဘီလူးကြီးက ဘယ်လို ပြောသလဲ။
-ဘီလူးကြီး ပြောတာကို မဟိံသက ဘယ်လို ပြန်ဖြေသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဇာတ်လမ်းထဲမှာ မဟိံသက လောကကိုစောင့်ရှောက်တဲ့ တရားနှစ်ပါးကို ဘယ်လို ကျင့်သုံးခဲ့ သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ပြီးနောက် ကလေးများကို အုပ်စု (၅) စု ဖွဲ့ပြီး အောက်ပါမေးခွန်းကို ဆွေးနွေးကြပါစေ။

-အရှက်နဲ့ အကြောက်တရားနှစ်ပါးဟာ လူတွေအတွက် ဘာကြောင့် လိုအပ်တာလဲ။

(မျှော်မှန်းအဖြေ = မကောင်းတဲ့အလုပ်တွေကို မလုပ်မိဖို့၊ လုပ်တဲ့အလုပ်ဟာ သူများကို မထိခိုက်စေဖို့၊ အခြား သူတွေရဲ့ အထင်သေးတာကို မခံရဖို့၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ်တွေကို မလုပ်မိဖို့၊ စင်စင်ကြယ်ကြယ် အသက်မွေးနိုင်ဖို့၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုပြုမူနေထိုင်တတ်ဖို့ ... စသည်)

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

֍ ထို့နောက် လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပြီး အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“သားတို့သမီးတို့ ... လူတစ်ယောက်ဟာ အရှက်နဲ့ အကြောက်တရားနှစ်ပါး မရှိဘူးဆိုရင် မကောင်းမှုတွေလုပ်ဖို့ ရှက်ရမှန်းမသိ၊ ကြောက်ရမှန်းမသိဖြစ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ထိခိုက်တဲ့ အရာ တွေကို လုပ်မိတတ်တယ်”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ဟိရိဩတ္တပ္ပ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... လောကကို စောင့်ရှောက်တဲ့ အရှက်တရားနဲ့ အကြောက်တရားဟာ လူတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသွားကြပြီ”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းကိုမေး၍ အဖြေကို ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါးကို နေ့စဉ်ဘဝမှာ ဘယ်လိုကျင့်သုံး နေထိုင်သွားကြမလဲ။

֍ ရေးပြီးလျှင် ပြောပြချင်သော ကလေးများ အလှည့်ကျ ပြောကြပါစေ။

֍ ထို့နောက် အောက်ပါကဗျာကို ရွတ်ဆိုကြပါစေ၊

ဟီရိ ဩတ္တပ္ပ

လာပါထိုင်ပါ ကလေးတို့ရယ် ...
ဆရာပြောပြမယ် ...
လောကအလယ် တင့်တယ်ရေး၊
နေထိုင်တတ်ဖို့တွေး။
ဉာဏ်ပညာနှင့် ဆင်ခြင်ကာ၊
ပြောဆိုလုပ်ကိုင်ပါ။
မကောင်းမှုတွေကို လုပ်မည်ကြံ၊
ရှက်ကြ ကြောက်ကြရန်၊
လူ့လောကကို တင့်အောင်သ
ဟိရိဩတ္တပ္ပ။ ။

֍ နောက်ဆုံးတွင် ဆရာက ကဗျာ၏ ဆိုလိုရင်းကို မေးမြန်းဆွေးနွေးပြီး သင်ခန်းစာဦးတည်ချက်နှင့် ချိတ်ဆက်၍ အနှစ်ချုပ်ပေးပါ။