သေးတာမက်လို့ ကြီးတာပျောက် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ သေးတာမက်လို့ ကြီးတာပျောက်(ကျောင်းသားကိုင်သို့)
348370ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၂၉။ သေးတာမက်လို့ ကြီးတာပျောက်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

သင်ခန်းစာခေါင်းစဉ်။ ။ သေးတာမက်လို့ ကြီးတာပျောက်

သင်ယူမှုဦးတည်ချက်။ ။ အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့်အရာကို ခွဲခြားနားလည်ပြီး အရေးကြီးသည့်အရာကို ဦးစားပေး လုပ်ဆောင်ကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စကားလုံးများ ရေးသားထားသော မဲလိပ်များ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါစကားလုံးများ ရေးထားသောမဲလိပ်များကို ကလေးအရေအတွက်ပေါ် မူတည်၍ ကြိုတင်ပြုလုပ်ထားပါ။ တစ်ဦးစီကို မဲလိပ်တစ်လိပ်စီ ပေးပါ။ မဲလိပ်တွင်ပါသော စကားလုံးကို အသုံးပြု၍ ဝါကျဖွဲ့စေပြီး မှတ်စုစာအုပ်တွင် ရေးပါစေ။

-ဗာရာဏသီ၊ အကြံပေးအမတ်ကြီး၊ ခိုးဆိုးလုယက်သူများ၊ လျှောက်တင်၊ စခန်းချ၊ စစ်သည်တော်များ၊ မြင်းစား ခွက်၊ မျောက်တစ်ကောင်၊ ကျသွားသောပဲစေ့၊ အလွန်စိတ်ဆင်းရဲသော၊ ပညာမဲ့သူ၊ လက်လွှတ်၊ မိုးတွင်း ကာလ၊ ရုပ်သိမ်း၊ အကြံပေးချက်။

֍ ဝါကျဖွဲ့ပြီးပါက တူသောစကားလုံး ရထားသူများ အချင်းချင်း အုပ်စုဖွဲ့ကြပါစေ။

֍ ကိုယ်စားလှယ်တစ်ဦးစီက မိမိအုပ်စုမှ ဝါကျများကို ဖတ်ပြပါစေ။

֍ ပြီးနောက် ဆရာက “သားတို့သမီးတို့ ဝါကျဖွဲ့ခဲ့တဲ့ စကားလုံးတွေပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နောက်တစ်ချိန်မှာ လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန် အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

သေးတာမက်လို့ ကြီးတာပျောက်

ရှေးအခါက ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးတွင် အကြံပေးပညာရှိအမတ်ကြီးတစ်ယောက် ရှိ၏။ မင်းကြီးသည် အမတ်ကြီး၏ အကြံပေးချက်များအတိုင်း လေးလေးစားစား လိုက်နာဆောင်ရွက်လေ့ရှိသည်။

တစ်နေ့သ၌ တိုင်းပြည်အစွန်အဖျားတွင် ခိုးဆိုးလုယက်သူများသောင်းကျန်းနေကြောင်း ထိုအရပ်ရှိ စစ်မှုထမ်း များက မင်းကြီးထံ စာသဝဏ်လွှာဖြင့် လျှောက်တင်ကြ၏။ ထိုအချိန်သည် စစ်ချီရန် မသင့်တော်သည့် မိုးတွင်းကာလ ဖြစ်နေသည်။ သို့သော် မင်းကြီးသည် ထိုအရပ်သို့ စစ်ချီရန် ဥယျာဉ်အတွင်း၌ စစ်စခန်းချထား၏။ အကြံပေးပညာရှိ အမတ်ကြီးသည်လည်း မင်းကြီးနှင့်အတူ ဥယျာဉ်၌ ရှိနေသည်။

တစ်နေ့တွင် စစ်သည်တော်များသည် မြင်းများကို အစာကျွေးရန် ပဲပြုတ်များကို မြင်းစားခွက်တွင် ထည့် ထားကြ၏။ ထိုအခါ မျောက်တစ်ကောင်သည် ပဲပြုတ်များကို နှိုက်၍ ပါးစပ်အပြည့် ထည့်သည့်အပြင် လက်ခုပ်ထဲတွင်လည်း အပြည့်ထည့်ကာ သစ်ပင်ပေါ်သို့ တက်ပြေးသွား၏။ ထို့နောက် သစ်ကိုင်းပေါ်ထိုင်၍ စားမည့်ဆဲဆဲတွင် လက်ထဲ မှ ပဲစေ့တစ်စေ့သည် မြေကြီးပေါ်သို့ ကျသွားလေရာ မျောက်သည် လက်ထဲမှ ပဲစေ့များကို လွှတ်ချကာ မြေပြင်သို့ဆင်း၍ ကျသွားသော ပဲစေ့ကို ရှာသည်။ သို့သော် ပဲစေ့မှာ လွင့်စဉ်သွားသဖြင့် ရှာမတွေ့တော့ပေ။ ထိုအခါ မျောက်သည် သစ်ပင်ပေါ်သို့ ပြန်တက်ကာ အလွန်စိတ်ဆင်းရဲသော အမူအရာဖြင့် ထိုင်နေ၏။

မင်းကြီးသည် မျောက်၏ အမူအရာကိုမြင်သောအခါ အမတ်ကြီးကိုခေါ်၍ မေး၏။ အမတ်ကြီးက “မြတ်သော မင်းကြီး အများကို မကြည့်ဘဲ အနည်းကို ကြည့်မိတဲ့ ပညာမဲ့သူတွေဟာ ဒီမျောက်လိုပဲ မိုက်မဲတဲ့လုပ်ရပ်ကို လုပ်တတ်ကြပါတယ်၊ မျောက်ဟာ ပဲစေ့တစ်စေ့အတွက် ပဲစေ့ အများကြီးကို ဆုံးရှုံးလိုက်ရတယ်၊ အနည်းငယ်သော အကျိုးကိုသာ မြင်မိတဲ့သူဟာ အကျိုးများစွာကို လက်လွှတ်ရတတ်ပါတယ်၊ ဒီလိုပဲ အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ နယ်စွန် နယ်ဖျားကို စစ်ချီရင် ဆုံးရှုံးမှု များနိုင်တယ်။ ဒါ့ကြောင့် စစ်မချီသင့်သေးပါ”ဟု လျှောက်တင်လိုက်၏။

မင်းကြီးသည် အမတ်ကြီး၏ အကြံပေးစကားကို လက်ခံကာ စစ်ချီရန် ပြင်ဆင်ထားသော တပ်များကို ရုပ်သိမ်း၍ နေပြည်တော်သို့ ပြန်သွားလေတော့၏။

မှီငြမ်း။ ။ ကဠာယမုဋ္ဌိဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ ဒုတိယတွဲ၊ ၁၁၈။ ဇာ၊ဋ္ဌ၊၂၊၆၇-၆၈။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-စစ်သည်တော်တွေက ဘာအတွက် ကုလားပဲတွေ ပြုတ်ထားတာလဲ။ ဘယ်သူက ယူစားသလဲ။
-ပဲစေ့တစ်စေ့ ကျသွားတဲ့အခါ မျောက်က ဘယ်လို ပြုမူသလဲ။
-ပဲစေ့ရှာမတွေ့တဲ့အခါ မျောက် ဘယ်လိုဖြစ်သွားသလဲ။
-မျောက်ရဲ့အမူအရာကိုကြည့်ပြီး မင်းကြီး မေးတဲ့အခါ အမတ်ကြီးက ဘယ်လို လျှောက်တင်သလဲ။
-နောက်ဆုံး မင်းကြီးက ဘယ်လိုဆုံးဖြတ်ချက်ချလိုက်သလဲ။
-မျောက်နေရာမှာ ကလေးတို့သာဆိုရင် ဘာလုပ်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မျောက်ပုံပြင် ကဗျား

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါကဗျာကို ကလေးများ စုပေါင်း ရွတ်ဆိုကြပါစေ။

အရေးကြီးတာ ဦးစားပေး

နေ့စဉ်နေ့စဉ်တိုင်း အလုပ်လုပ်ကာ
သား/သမီးတို့ တွေမှာ ပညာရှား
တွေးတောစရာ သိပ်ကိုများ
နှိုင်းယှဉ်လို့ စဉ်းစား။
ဦးစားပေးပြီး လုပ်ဆောင်ပါ
အရေးကြီးသည့်ကိစ္စသာ။
ဆုံးရှုံးနစ်နာ မဖြစ်စေရေး
ဉာဏ်ပညာနဲ့ ဆင်ခြင်ပေး
အရေးကြီးတာကို ဦးစားပေး။

֍ ထို့နောက် အုပ်စု(၂) စု ဖွဲ့ကာ တစ်စုက အမူအရာလုပ်ပြီး ကျန်တစ်စုက ကဗျာကို လက်ခုပ်တီး၍ ရွတ်ဆိုပါစေ။ (အလှည့်ကျ လုပ်ကြပါစေ။)

֍ ပြီးလျှင် ကဗျာပါ အကြောင်းအရာများကို နားလည်သည့်အတိုင်း ပြောကြပါစေ။

֍ ပြီးနောက် အောက်ပါမေးခွန်းကို မေးပါ။

-သားတို့သမီးတို့ဘဝမှာ အရေးကြီးတဲ့ အရာတွေက ဘာတွေလဲ၊ အရေးမကြီးတဲ့ အရာတွေက ဘာတွေလဲ။

֍ ကလေးများအားလုံး ပြန်လည်ပြောပြကြပါစေ။ ကလေးများပြောသည့်အထဲမှ မတူညီသော အချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။ပြီးလျှင် “အရေးကြီးတဲ့အချက်တွေက ဘာကြောင့် အရေးကြီးတာလဲ၊ အရေး မကြီးတဲ့အချက်တွေက ဘာကြောင့် အရေးမကြီးတာလဲ”ဟူသော မေးခွန်းကို ဖြေကြပါစေ။

֍ ထို့နောက် လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက အောက်ပါဖြစ်ရပ် နှစ်ခုကို တစ်ခုချင်းစီ ပြောပြပါ။

֍ ဖြစ်ရပ် တစ်ခုပြောပြီးတိုင်း ကလေးများနှင့် အမေးအဖြေ ပြုလုပ်ပါ။

ဖြစ်ရပ် (၁)

တောထဲမှာ ယုန်လေးတစ်ကောင်ရှိတယ်။ သူနေတဲ့နေရာမှာ သူ့ရဲ့ အစာဖြစ်တဲ့ မုန်လာဥတွေက တဖြည်းဖြည်း နဲ့ ရှားလာတယ်။ ဒါပေမယ့် အဲဒီနေရာမှာ သူ့အနေနဲ့ သက်သောင့်သက်သာ၊ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင် တော့ နေလို့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ယုန်လေးဆီကို အဝေးကကျီးကန်း တစ်ကောင်ရောက်လာပြီး “ဒီနေရာနဲ့ ဝေးတဲ့ တောအုပ်တစ်ခုမှာ မုန်လာဥတွေ အများကြီးရှိတယ်။ စိတ်ကြိုက် စားလို့ရတယ်။ ဒါပေမယ့် ခရီးကဝေးပြီး ကြမ်းတယ်။ လမ်းမှာ မုဆိုးနဲ့တွေ့ပြီး သေသွားနိုင်တယ်”လို့ ပြောတယ်။

-ယုန်လေး ဘယ်လိုဆုံးဖြတ်မယ်ထင်လဲ။ ဘာကြောင့်လဲ။
-သားတို့သမီးတို့သာ ယုန်လေးနေရာမှာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၂)

မောင်မောင်ဟာ ဂိမ်းကစားတာ ဝါသနာပါတယ်။ ကျောင်းက ပြန်ရောက်တာနဲ့ ဂိမ်းကစားတော့တာပဲ။ စာမေးပွဲမှာ အမှတ်မကောင်းလို့ အဖေအမေဆူတာကို ခဏခဏ ခံရတယ်။ တစ်နေ့ မောင်မောင့်အဖေက ကျောင်းဖွင့်တဲ့ရက်မှာ ဂိမ်းမကစားဘဲ နေနိုင်ရင် နွေရာသီကျောင်းပိတ်ရက် ရောက်ရင် အကောင်းစားဂိမ်းစက် တစ်ခု ဝယ်ပေးမယ်လို့ ပြောတယ်။

-မောင်မောင် ဘယ်ဟာကို ရွေးချယ်မယ်ထင်လဲ။ ဘာကြောင့်လဲ။
-သားတို့သမီးတို့သာ မောင်မောင်နေရာမှာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ ဘာကြောင့်လဲ။

֍ ကလေးများနှင့် အမေးအဖြေ လုပ်ပြီးလျှင် “သားတို့သမီးတို့ဘဝမှာ အရေးကြီးတဲ့အလုပ်၊ အရေးမကြီးတဲ့ အလုပ် တွေဆိုတာ ရှိကြတယ်၊ ဒီတော့ အရေးကြီးတဲ့အလုပ်၊ အရေးမကြီးတဲ့ အလုပ်တွေကို ခွဲခြားနားလည်ကာ အရေးကြီး တဲ့ အလုပ်တွေကို ကြိုးစားလုပ်ဆောင်သွားကြရမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။