ဆုံးဖြတ်ချက် မခိုင်မာသူ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၀။ ဆုံးဖြတ်ချက် မခိုင်မာသူ(ကျောင်းသားကိုင်သို့)
348371ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၀။ ဆုံးဖြတ်ချက် မခိုင်မာသူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

သင်ခန်းစာခေါင်းစဉ်။ ။ ဆုံးဖြတ်ချက် မခိုင်မာသူ

သင်ယူမှုဦးတည်ချက်။ ။ ဆုံးဖြတ်ချက်တစ်ခုကို သေချာစွာ စဉ်းစားပြီးမှ ချမှတ်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

စာသင်ချိန် (၄)

֍ “သားတို့သမီးတို့ ... သင်ခန်းစာ(၂၉)မှာ ယုန်ကလေးအကြောင်းနဲ့ မောင်မောင် အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာ မှတ်မိလား။ သူတို့နေရာမှာ ဝင်ပြီးတော့ သားတို့သမီးတို့ ဘာလုပ်ခဲ့ရလဲ”ဟူသော မေးခွန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပါ။

-သားတို့သမီးတို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ဘာလုပ်ရသလဲ။ (ဆုံးဖြတ်ချက် ချရတယ်)
-ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေရော ကြုံဖူးလား။ နောက်ဆုံး ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ။ (ကိုယ်တွေ့အဖြစ်အပျက်များကို ပြောပြရန် ဆရာက တိုက်တွန်းပေးပါ)။
-သားတို့သမီးတို့ ... ဆုံးဖြတ်ချက်ပြင်ခဲ့ရတာမျိုး ရှိဖူးလား။
-ဆုံးဖြတ်ချက်ကို ခဏခဏပြင်နေ၊ ပြောင်းနေတဲ့ သူတွေရော တွေ့ဖူးလား။ သူတို့ရဲ့ စိတ်က ဘယ်လိုရှိမယ် ထင်လဲ။

֍ ထို့နောက် ဆရာက “ဆုံးဖြတ်ချက် မခိုင်မာသူဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဒီဇာတ်လမ်းထဲမှာ မင်းသားကြီး၊ မင်းသားငယ်နဲ့ သူဌေးတွေပါတယ်၊ သူတို့ ဘာတွေ လုပ် သလဲ၊ နောက်ဆုံး သူတို့ ဘာတွေ ဖြစ်သွားကြသလဲ ဆိုတာကို သေသေချာချာ မှတ်ပြီးတော့ ဖတ်ကြည့်ကြရ အောင်”ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ဆုံးဖြတ်ချက် မခိုင်မာသူ

လွန်လေပြီးသောအခါက ဗာရာဏသီပြည့်ရှင် ဘုရင်ကြီး၌ သားတော်နှစ်ပါး ရှိ၏။ သားတော်ကြီးအား အိမ်ရှေ့ မင်းအရာ ပေး၍ သားငယ်ကို စစ်သူကြီးအရာ ပေးထားသည်။

တစ်နေ့တွင် ဘုရင်ကြီးသည် ရုတ်တရက် နာမကျန်းဖြစ်၍ နတ်ရွာစံလေ၏။ ထိုအခါ မှူးမတ်များက သားတော်ကြီးကို ဘုရင်အဖြစ် တင်မြှောက်ကြသည်။ သို့သော် သားတော်ကြီးက “ကျွန်ုပ် ဘုရင် မလုပ်ချင်”ဟု ဆိုကာ ငြင်း၏။ “ဒါဆိုရင် အိမ်ရှေ့စံအဖြစ်နဲ့ နေပါ”ဟု တောင်းပန်ကြသော်လည်း လက်မခံပေ။ ပညာရှိမှူးမတ်တို့နှင့် ဆွေတော်မျိုးတော်တို့က အသေအချာ စဉ်းစားဆုံးဖြတ်ရန် ပြောကြ၏။ ဦးရီးတော်ကလည်း “ဘုရင်အဖြစ်ဆိုတာ လူသာမန်တွေ ရတာမဟုတ်ဘူး၊ သင်က မလိုချင်ဘူးဆိုတော့ အတော်ထူးဆန်းတာပဲ၊ အခု မလိုချင်ဘူးဆိုပေမယ့် နောင်တစ်ချိန် ကျရင် လိုချင်နေဦးမယ်၊ သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ”ဟု သတိပေး၏။

ဦးရီးတော်နှင့် ပညာရှိမှူးမတ်တို့က မည်သို့ပင် တိုက်တွန်းကြသော်လည်း ဘုရင်အဖြစ်ကို အလိုမရှိကြောင်း၊ ဘဝကို အေးဆေးသက်သာစွာ နေသွားလိုကြောင်းပြောကာ တောရွာလေးတစ်ရွာတွင် အေးအေးဆေးဆေး သွား၍ နေလေသည်။ ပညာရှိမှူးမတ်တို့နှင့် တိုင်းသူပြည်သားတို့သည် မင်းသား၏ စွန့်လွှတ်နိုင်စွမ်းကို ချီးကျူးအံ့ဩ၍ လေးစား ကြည်ညိုကြ၏။ ဤသို့ဖြင့် မင်းသားငယ်စစ်သူကြီးသည် ဘုရင်ဖြစ်လာလေသည်။

မင်းသား သွားရောက်နေထိုင်သောရွာ၌ ဘုရင့်ထံတွင် နှစ်စဉ် အခွန်ငွေ ၁၀၀ ဆက်သနေရသော သူဌေးတစ်ဦး ရှိ၏။ မင်းသားရောက်၍ မကြာမီ ထိုသူဌေးသည် ရွာသို့ရောက်လာသူမှာ မင်းသားဖြစ်ကြောင်း သိရသဖြင့် အခွန်ရှောင် ရန် စိတ်ကူးရသွားကာ မင်းသားကို သွားရောက်ချဉ်းကပ်၍ အလုပ်အကျွေးပြုသည်။ စားသောက်ဖွယ်ရာ၊ နေရာထိုင်ခင်း၊ အသုံးအဆောင် စသည်တို့ကို ထောက်ပံ့ပေး၏။ ထို့နောက် ဘုရင့်ထံ ဆက်သနေရသည့် အခွန်ငွေကို ကင်းလွတ် ခွင့် ရလိုကြောင်းတောင်းပန်ရာ မင်းသားက ညီငယ်ဘုရင့်ထံ စာရေး၍ အကြောင်းကြားပေးလိုက်သည်။

ညီငယ်ဘုရင်ကလည်း မိမိ၏ နောင်တော်အား အလုပ်အကျွေးပြုနေသည်ကို ထောက်ထားကာ ကင်းလွတ်ခွင့် ပြုလိုက်၏။ ထိုသတင်းသည် တခဏချင်း ပျံ့နှံ့သွားလေရာ ထိုရွာအနီးဝန်းကျင်မှ သူဌေးများကလည်း မင်းသားကို ချဉ်းကပ်ပြုစု၍ အခွန်ရှောင်ရန် ကြိုးစားကြ၏။ မင်းသားကလည်း မိမိကို ပြုစုသောသူဌေးများ အခွန်ကင်းလွတ်ခွင့် ရရန် ညီငယ်ဘုရင်ထံတွင် ခွင့်တောင်းပေးပြန်သည်။ ဤသို့ဖြင့် မင်းသားသည် ပစ္စည်းဥစ္စာအခြွေအရံများ တဖြည်းဖြည်း တိုးပွားလာသည်ကို နှစ်သက်သဘောကျလာ၏။

တစ်နေ့တွင် သူဌေးများက “အရှင်မင်းသား ... ဒီတစ်နယ်လုံးကို အခွန်ကင်းလွတ်ခွင့်ပြုရန် ဘုရင့်ထံ တောင်း ဆိုပေးပါ၊ အရှင်မင်းသားကိုသာ ကျွန်ုပ်တို့ အခွန်ဘဏ္ဍာ ဆက်သလိုပါတယ်”ဟု မင်းသားထံ ချဉ်းကပ်၍ ပြောကြရာ မင်းသားကလည်း သဘောတူလက်ခံပြီး ညီငယ်ဘုရင်ထံ တောင်းဆိုပေး၏။ နောင်တော်၏ တောင်းဆိုချက်ကို ညီငယ် ဘုရင်ကလည်း မငြိုမငြင်ပင် ခွင့်ပြုသည်။

ထိုအခါ ဘုရင့်ထံ အခွန်မဆောင်ရအောင် ကူညီပေးသည့် မင်းသားကို သူဌေးများက သူ့ထက်ငါ သာအောင် ပြုစုထောက်ပံ့ကြ၏။ နောက်ဆုံးတွင် တိုင်းပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည် ဘုရင့်ထံ အခွန်မဆက်သ လိုသဖြင့် မင်းသားကိုသာ သွားရောက်ပြုစုထောက်ပံ့ကြ၏။ ဤသို့ဖြင့် မင်းသားမှာ တစ်နေ့တခြား လောဘတက် လာကာ တစ်မြို့ပြီးတစ်မြို့ အခွန်ကင်းလွတ်ခွင့်ပြုရန် ညီငယ်ဘုရင်ထံ တောင်းဆိုသည်။ သဘောကောင်း၍ ကျေးဇူး သိတတ်သော ညီငယ်ဘုရင်ကလည်း နောင်တော် တောင်းသမျှကို လိုက်လျောခွင့်ပြုပေး၏။

ဤသို့ဖြင့် မင်းသားသည် နယ်များ၊ မြို့များကို အပိုင်စားရရုံဖြင့် မကျေနပ်နိုင်တော့ဘဲ တိုင်းပြည် အုပ်ချုပ်သော ဘုရင် ဖြစ်ချင်လာ၏။ သို့ဖြစ်၍ မင်းသားသည် သူဌေးများ၏ အကူအညီကိုယူကာ လက်နက်လူသူ စုဆောင်း၍ မင်းနေပြည်တော်သို့ စစ်ချီလေသည်။ နေပြည်တော်အနီးသို့ ရောက်သောအခါ “စစ်တိုက်မည်လော၊ တိုင်းပြည်ကို ပေးမည်လော”ဟူသော အမှာစာကို ညီငယ်ဘုရင်ထံ ပို့စေ၏။

ထိုအခါ သဘောထားပြည့်ဝ၍ အမြော်အမြင်ရှိသော ညီငယ်ဘုရင်သည် “ညီအစ်ကို အချင်းချင်း စစ်တိုက်၍ တိုင်းပြည်လုသည်မှာ မဖြစ်သင့်”ဟု တွေးမိကာ နောင်တော်မင်းသားကို စစ်မတိုက်လိုကြောင်း၊ တိုင်းပြည်ကိုသာ ယူ စေလိုပါကြောင်း အကြောင်းပြန်၍ တိုင်းပြည်ကို အပ်နှင်းလိုက်၏။

နောင်တော်မင်းသားသည် ဘုရင်အဖြစ်ကို ရရှိခဲ့သော်လည်း ပညာရှိအမတ်တို့နှင့် တိုင်းသူပြည်သားတို့က သူ့ကို လေးစားကြည်ညိုခြင်း အလျဉ်းမရှိကြပေ၊ သူပြောသမျှကိုလည်း အယုံအကြည် မရှိကြဘဲ “ဆုံးဖြတ်ချက် မခိုင်မာ သူ”ဟု ပြစ်တင်ကဲ့ရဲ့ကြလေသည်။ တိုင်းသူပြည်သားတို့၏ လေးစားယုံကြည်မူ မရသောကြောင့် နောင်တော်မင်းသား ဘုရင်သည် အမြဲမပြတ် စိုးရိမ်ကြောင့်ကြလျက် တိုင်းပြည်ကို အုပ်ချုပ်သွားရလေသည်။

မှီငြမ်း။ ။ ကာမဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ စတုတ္ထတွဲ၊ ၃၅။ ဇာ၊ဋ္ဌ၊၄၊၁၆၈။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရင်ကြီးက သားတော်နှစ်ပါးကို ဘယ်လို ရာထူးတွေ ပေးခဲ့သလဲ။
-ဘုရင်ကြီး နတ်ရွာစံသွားတဲ့အခါမှာ မှူးမတ်တွေက ဘယ်သူ့ကို ဘုရင်အဖြစ် တင်မြှောက်သလဲ။
-သားတော်ကြီးက ဘယ်လိုဆုံးဖြတ်ခဲ့သလဲ။
-ဦးရီးတော်က သားတော်ကြီးကို ဘယ်လို ဆုံးမ သတိပေးခဲ့သလဲ။
-သားတော်ကြီးက ဘုရင်မလုပ်ဘဲ ဘယ်လိုဘဝမျိုးနဲ့ နေထိုင်ချင်သလဲ။
-သားတော်ကြီးက ဘုရင်အဖြစ်ကို လက်မခံတော့ ဘယ်သူ ဘုရင်ဖြစ်လာသလဲ။
-မင်းသားကြီး သွားနေတဲ့ရွာက သူဌေးဟာ မင်းသားကြီးကို ဘာကြောင့် ချဉ်းကပ်ခဲ့သလဲ။ ဘယ်လို ချဉ်းကပ်ခဲ့သလဲ။
-မင်းသားကြီးက သူဌေးတွေကို ဘယ်လိုကူညီခဲ့သလဲ။
-မင်းသားကြီးက ညီငယ်ဘုရင်ထံမှ အဆင့်ဆင့် ဘယ်လိုတောင်းဆိုခဲ့သလဲ။
-မင်းသားကြီး ဘုရင်ဖြစ်လာသောအခါ တိုင်းသူပြည်သားတွေက ဘယ်လို ပြုမူပြောဆိုကြသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ပြီးခဲ့တဲ့ စာသင်ချိန်မှာ ဆုံးဖြတ်ချက်မခိုင်တဲ့ မင်းသားကြီးအကြောင်း သိပြီးပြီ၊ ဒီတစ်ခါတော့ ဆုံးဖြတ်ချက်ချရမယ့် လုပ်ငန်းလေးတွေ လုပ်ကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ဆရာက ကလေးများကို အုပ်စု (၅) စု ဖွဲ့၍ အောက်ပါဖြစ်ရပ်နှစ်ခုကို တစ်ခုချင်းစီ ဖတ်ပြပြီး မေးခွန်းများကို ဆွေးနွေး ကြပါစေ။

ဖြစ်ရပ် (၁)

ကန်လေးတစ်ခုထဲမှာ ငါးလေးသုံးကောင်ဟာ စုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတယ်။ အဲဒီ ကန်လေးထဲမှာ ငါးလေးတွေအတွက် အစာကလည်း ပေါမှပေါ။ တစ်နေ့မှာ ငါးလေးတစ်ကောင်က “ဒီနှစ်မှာ မိုးခေါင်နိုင်တယ်။ ရေခမ်းပြီး ခြောက်သွေ့နိုင်တယ်။ ဟိုဘက်က ကန်ကြီးထဲကို ပြောင်းကြမယ်”လို့ သူငယ်ချင်းနှစ်ကောင်ကို တိုင်ပင်တယ်။

-ငါးလေးတွေ ဘယ်လို ဆုံးဖြတ်ချက် ချမယ်ထင်သလဲ။
-သားတို့သမီးတို့သာ ငါးလေးတွေနေရာမှာဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ။ ဘာကြောင့်လဲ။

ဖြစ်ရပ် (၂)

ဇော်ဇော်ဟာ နွေရာသီကျောင်းပိတ်ရက်မှာ သူသိပ်ပြီး တက်ချင်တဲ့ ကွန်ပျူတာသင်တန်း တက်ဖို့ရှိတယ်။ ဒါပေ မယ့် . အဲဒီနွေရာသီပိတ်ရက်မှာပဲ သူ့ဆွေမျိုးတွေက ပုဂံကို ဘုရားဖူးသွားဖို့ ရှိနေတယ်။ ဇော်ဇော်ကိုလည်း လိုက်ဖို့ ခေါ်နေတယ်။ သူ့စိတ်ထဲမှာလည်း လိုက်ချင်နေတယ်။

-ဇော်ဇော် ဘယ်လို ဆုံးဖြတ်မယ်ထင်လဲ။
-သားတို့သမီးတို့သာ ဇော်ဇော်နေရာမှာဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ။ ဘာကြောင့်လဲ။

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြကြပါစေ။

֍ ဆရာက ကလေးများ၏ ဆွေးနွေးတင်ပြချက်များပေါ် မူတည်၍ လိုအပ်လျှင် ဖြည့်စွက်အနှစ်ချုပ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ စာသင်ချိန်(၃) အတိုင်း အုပ်စုကိုထား၍ အောက်ပါမေးခွန်းကို ဆွေးနွေးကြပါစေ။

-ဆုံးဖြတ်ချက် တစ်ခုခု ချတော့မယ်ဆိုရင် ဘယ်လိုအချက်တွေကို ထည့်သွင်း စဉ်းစားရမလဲ။ (ဆုံးဖြတ်ချက်ချရမည့် ကိစ္စနှင့်ပတ်သက်၍ သေချာသိထားရန်၊ အကျိုးဆက်ကို ကြိုတင်တွက်ဆထားရန် အများနှင့်ဆိုင်သော ကိစ္စဖြစ်လျှင် အများသဘောကို ... ထည့်တွက်ရန်၊ အလျင်စလို မဆုံးဖြတ်ရန်၊ စိတ်ငြိမ်ငြိမ်ထား၍ ဆုံးဖြတ်ရန်၊ အတွေ့အကြုံရှိသူများထံက အကြံဉာဏ်များ ရယူရန် ... စသည်)

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

֍ ဆွေးနွေးတင်ပြသည်များကို ဆရာက မှတ်သားထားပြီး “ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလို မချမှတ်သင့်ဘူး၊ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ထည့်သွင်း စဉ်းစားရမယ်၊ ပြီးတော့ အားလုံးအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်တစ်ခုကိုပဲ ချမှတ်သင့်တယ်၊ ဆုံးဖြတ်ပြီးရင်လည်း ကိုယ်ဆုံးဖြတ် ထားတဲ့အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ရမယ်”ဟု ပြောကာ သင်ခန်းစာကို အဆုံးသတ်ပါ။