ကာမဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၇။ ကာမဇာတ် (၄)

ဒွါဒသကနိပါတ်

၄။ ကာမဇာတ်

လောဘနိုင်ငံသို့ မလိုက်သင့်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာမံ ကာမယမာနဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပုဏ္ဏားကို အကြောင်းပြု၍ တော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ သာဝတ္ထိပြည်၌ နေသော ပုဏ္ဏားတယောက်သည် အစိရဝတီ မြစ်နား၌ လယ်လုပ်အံ့သောငှါ တောကိုထွင်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ ဥပနိဿယကို မြင်တော်မူ၍ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူသည်ရှိသော် ခရီးမှ ဖဲတော်မူ၍ ထိုပုဏ္ဏားနှင့်တကွ စကားပြောဟောတော်မူခြင်းကို ပြု၍ ပုဏ္ဏား အဘယ်ကို ပြုသနည်းဟု မိန့်တော်မူသည်ရှိသော် ရှင်ဂေါတမ လယ်ယာကိုခုတ်ထွင်၏ ဟု လျှောက်သည်ရှိသော် ပုဏ္ဏား ကောင်း၏။ အမှုကို ပြုလော့ ဟု မိန့်တော်မူ၍ ကြွတော်မူ၏။ ဤနည်းဖြင့်လျှင် ဖုံးလွှမ်းသော ချုံသစ်ပင်တို့ကိုပယ်၍ လယ်ကို သုတ်သင်သောအခါ, လယ်ထွန်သောအခါ ကန်သင်းဖွဲ့သောအခါတို့၌ အဖန်တလဲလဲ ကြွတော်မူ၍ ထိုပုဏ္ဏားနှင့်တကွ ပြောဟောခြင်းကို ပြုတော်မူ၏။ နက်ဖြန်နေ့၌ကား ထိုပုဏ္ဏားသည် အို-အရှင်

ဂေါတမ ယနေ့ ငါ၏ ကောက်စိုက်မင်္ဂလာနေ့တည်း၊ ဤကောက်သည် ပြည့်စုံပါသည်ရှိသော် ရှင်ဂေါတမ အမှူးရှိသော ရဟန်းသံဃာအား အလှူကြီးကို လှူအံ့ ဟု ဆို၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူသဖြင့် သည်းခံတော်မူ၍ ကြွသွားတော်မူ၏။

တဖန် တနေ့သ၌ ပုဏ္ဏားသည် ကောက်ကိုကြည့်လတ်သော် မြတ်စွာဘုရားသည်လည်း ထိုအရပ်သို့ ကြွတော်မူ၍ ပုဏ္ဏား အဘယ်ကို ပြုသနည်း ဟု မေးတော်မူလျှင် အို ရှင်ဂေါတမ ကောက်ကို ကြည့်၏ ဟု ဆိုလတ်သော် ပုဏ္ဏား ကောင်း၏ ဟု မိန့်တော်မူ၍ ကြွတော်မူ၏။ ပုဏ္ဏားသည် ကြံ၏။ ရဟန်းဂေါတမသည် မပြတ်လာ၏။ မချွတ်လျှင် ဆွမ်းကိုအလိုရှိသည် ဖြစ်လတ္တံ့၊ ငါသည် ရဟန်းဂေါတမအား ဆွမ်းကိုလူအံ့ ဟု ကြံ၏။ ကြံပြီး၍ အိမ်သို့သွားသောနေ့၌ သဗ္ဗညူမြတ်စွာဘုရားသည်လည်း ထိုပုဏ္ဏားအိမ်သို့ ကြွတော်မူ၏။ ထိုအခါ ပုဏ္ဏားအား အကျွမ်းဝင်သည် ဖြစ်၏။

နောက်အဘို့၌ ကောက်မှည့်သည်ရှိသော် နက်ဖြန် လယ်ရိတ်အံ့ဟု နေ့ရက်မှတ်သားခြင်းကိုပြု၍ ပုဏ္ဏားအိပ်သည်ရှိသော် အစိရဝတီမြစ်ညာ၌ ညဉ့်သုံးယာမ်ပတ်လုံး ရှောက်ရွာမိုးသည် ရွာ၏။ ကြီးစွာသော မိုးဃ်းရေအယဉ်သည် လာလတ်၍ စပါးတကွမ်းစားမျှကိုလည်း မကြွင်းရအောင်ပြု၍ အလုံးစုံသောစပါးကို သမုဒြာသို့ မျှော၏။ ပုဏ္ဏားသည် ရေအယဉ်ကျသည်ရှိသော် စပါးပျက်စီးရာကို ကြည့်၍ မိမိကိုယ်အဖြစ်၌ မတည်နိုင်ရကား ကြီးစွာသော စိုးရိမ်ခြင်း နှိပ်စက်သည်ဖြစ်၍ လက်ဖြင့်ရင်ကိုတီး၍ ငိုကြွေး မြည်တမ်းလျက် အိပ်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မိုးသောက်ထအခါ စိုးရိမ်ခြင်းနှိပ်စက်သော ထိုပုဏ္ဏားကို မြင်တော်မူ၍ ပုဏ္ဏား၏ကိုးကွယ်ရာဖြစ်အံ့ဟု နက်ဖြန်နေ့၌ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ကြွတော်မူ၍ နံနက်အခါ ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် ရဟန်းတို့ကို ကျောင်းသို့စေတော်မူ၍ နောက်လိုက်ရဟန်းတပါးနှင့် ပုဏ္ဏားအိမ်တံခါးသို့ ကြွတော်မူ၏။

ပုဏ္ဏားသည် မြတ်စွာဘုရား ကြွတော်မူလာသောအဖြစ်ကို ကြား၍ စကားပြောဟောခြင်းငှါ၏ အဆွေ ရဟန်းဂေါမလာသည် ဖြစ်လတ်၏ ဟု ရအပ်သော သက်သာရာ ရှိသည်ဖြစ်၍ နေရာကို ခင်းစေ၏။ မြတ်စွာဘုရားသည် ဝင်တော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူလျက် ပုဏ္ဏား အဘယ့်ကြောင့် သင်သည် နှလုံးမသက်သာသနည်း၊ သင့်အား အဘယ်မချမ်းသာ ဖြစ်သနည်း ဟု မေးတော်မူ၏။ အို-ရှင်ဂေါတမ အစိရဝတီမြစ်နား၌ ငါသည် သစ်ပင်တို့ကို ခုတ်ထွင်သောအခါမှစ၍ ပြုအပ်သောအမှုကို ရှင်ဂေါတမတို့သည် သိကုန်၏။ ငါသည် ဤကောက်တို့သည် ပြည့်စုံသည်ရှိသော် ရှင်ဂေါတမတို့အား လှူအံ့ဟု ကြံမိ၏။ ယခုအခါ အလုံးစုံသော ငါ၏စပါးကို ကြီးစွာသော မိုးဃ်းရေအယဉ်သည် မဟာသမုဒြာသို့ မျှော၏။ တစုံတခုမျှ ထိုစပါးသည် မကြွင်းပြီ၊ တလက်ဘက်မျှသော စပါးသည် မရှိပြီ၊ ထို့ကြောင့် ငါ့အား ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၏ ဟု ဆို၏။

ပုဏ္ဏား အသို့နည်း၊ စိုးရိမ်သောသူအား ပျက်စီးလေပြီးသော စပါးသည် တဖန် ပြန်လာပြန်သလော ဟု မိန့်တော်မူသည်ရှိသော် အို အရှင်ဂေါတမ ဤသို့စိုးရိမ်သဖြင့် ပျက်စီးလေပြီးသော စပါးသည် တဖန် ပြန်လာခြင်းသည် မသင့် ဟု ဆို၏။ ပုဏ္ဏား ဤသို့ဖြစ်သည်ရှိသော် အဘယ့်ကြောင့် စိုးရိမ်ဘိသနည်း၊ ဤသတ္တဝါတို့အား ဥစ္စာစပါး မည်သည်ကား ဖြစ်သောအခါ ဖြစ်၏။ ပျက်သောအခါ ပျက်၏။ တစုံတခုသော သင်္ခါရအဖြစ်သို့ ရောက်သော မပျက်တရားမည်သည် မရှိ၊ မစိုးရိမ်လင့် ဟု ထိုပုဏ္ဏားကို မြတ်စွာဘုရားသည် ရွှင်လန်းစေတော်မူ၍ ထိုပုဏ္ဏားအား လျောက်ပတ်သော တရားကို ဟောတော်မူသည်ရှိသော် ကာမသုတ်ကို ဟောတော်မူ၏။ ထိုသုတ်ကို ဟောတော်မူသောအဆုံး၌ သိသည်ဖြစ်၍လျှင် ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်၏။ မြတ်စွာဘုရားသည် ထိုပုဏ္ဏားအား စိုးရိမ်ခြင်းမရှိသည်ကို ပြုတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွတော်မူ၏။

သဗ္ဗညူမြတ်စွာဘုရားသည် ဤအမည်ရှိသော စိုးရိမ်ခြင်း နှိပ်စက်သောပုဏ္ဏားကို စိုးရိမ်ခြင်းမရှိသည်ကို ပြုတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ ဟု မြိုအလုံးသည် သိ၏။ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကြကုန်၏။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် ပုဏ္ဏားနှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြုတော်မူ၍ အကျွမ်းဝင်လျှင် ဥပါယ်တမျဉ်ဖြင့် စိုးရိမ်ခြင်း နှိပ်စက်သော ပုဏ္ဏားအား တရားဟောတော်မူသဖြင့် ထိုပုဏ္ဏားကို စိုးရိမ်ခြင်း မရှိသည်ကို ပြုတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏ ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သာ စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤပုဏ္ဏားအား စိုးရိမ်ခြင်း မရှိသည်ကို ပြုတော်မူသည်မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ဤပုဏ္ဏားအား စိုးရိမ်ခြင်း မရှိသည်ကို ပြုတော်မူဘူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအား သားနှစ်ယောက်တို့သည် ရှိကုန်၏။ ဗြဟ္မဒတ်မင်းသည် သားတော်အကြီးအား အိမ်ရှေ့ပေးတော်မူ၏။ သားတော်အငယ်အား စစ်သူကြီးအရာကို ပေးတော်မူ၏။ နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီး နတ်ရွာလားတော်မူသည်ရှိသော် မှူးမတ်တော်တို့သည် နောင်တော်အိမ်ရှေ့မင်းအား ရာဇာဘိသေကကို ဖြစ်စေကုန်၏။ ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ညီတော်အား မင်းအဖြစ်ကို ပေးလေကုန် ဟု မိန့်တော်မူ၍ အဖန်တလဲလဲ တောင်းပန်တင်လျှောက်သော်လည်း ပယ်တော်မူ၍ ညီတော်အား အဘိသိက်သွန်းလေကုန်၊ ငါ့အား မင်းအဖြစ်ကို အလိုမရှိ၊ အိမ်ရှေ့မင်း အစရှိသည်တို့ကိုလည်း အလိုမရှိ ဟု ပယ်တော်မူ၏။ ထိုသို့တပြီးကား ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ကို စားတော်မူလျက် နန်းတော်၌ နေတော်မူပါ ဟု တင်လျှောက်သော်လည်း ဤမြို့၌ ကိစ္စမရှိဟု ဆို၍ ဗာရာဏသီမြို့မှ ထွက်ခဲ့ပြီးလျှင် ပစ္စန္တရစ်သို့ သွားသဖြင့် သူဌေးတယောက်အိမ်ကိုမှီ၍ လက်အမှုကို လုပ်လျက်နေ၏။ ထိုပစ္စန္တရစ်သားတို့သည် နောက်အဘို့၌ ထိုသူ၏ မင်းသားအဖြစ်ကို သိကုန်၍ လက်အမှုကို မပြုစေကုန်၊ မင်းသား အခြံအရံဖြင့်သာလျှင် ထိုမင်းသားကို ခြံရံကုန်၏။

နောက်အဘို့၌ မင်းအမှုထမ်းတို့သည် ပစ္စန္တရစ်သို့ သွားကုန်၍ လယ်ပယ်အတိုင်းအရှည်ကို ယူခြင်းငှါ ထိုရွာသို့ ရောက်ကုန်၏။ သူဌေးသည် မင်းသားသို့ကပ်၍ အရှင့်သား အကျွန်ုပ်တို့သည် အရှင်မင်းသားကို မွေးကျွေးပါကုန်အံ့၊ ညီတော်မင်းကြီးအား မှာစာကို စေတော်မူ၍ အကျွန်ုပ်တို့အား အခွန်တော်ကို နုတ်တော်မူကုန်လော့ ဟု လျှောက်၏။ မင်းသားသည် ကောင်းပြီဟု ဝန်ခံ၍ ကျွန်ုပ်သည် ဤအမည်ရှိသော သူဌေးအိမ်ကိုမှီ၍ နေ၏။ ထိုကြောင့် အကျွန်ုပ်တို့ကို ထောက်ပံ့သဖြင့် ထိုသူဌေးတို့အား အခွန်တော်ကို လွှတ်တော်မူပါ ဟု မှာစာကို စေလိုက်၏။ ညီတော် မင်းကြီးသည် ကောင်းပြီဟု ဆို၍ နောင်တော်ဆိုတိုင်း ပြုစေ၏။ ထိုအခါ ထိုမင်းသားကို အလုံးစုံသော ရွာ၌နေသော သူတို့သည်၎င်း, ဇနပုဒ်၌ နေသော သူတို့သည်၎င်း ကပ်ကုန်၍ အရှင်မင်းသား အကျွန်ုပ်တို့သည် အရှင်မင်းသားကိုသာလျှင် အခွန်ကိုဆက်ပါကုန်အံ့၊ အကျွန်ုပ်တို့အားလည်း အခွန်တော်ကို လွှတ်ပါစေကုန်လော့ ဟု ဆိုကုန်၏။ ထိုမင်းသားသည်လည်း ထိုသူတို့၏အကျိုးငှါ မှာစာကိုစေ၍ အခွန်တော်ကို လွှတ်စေ၏။ ထိုအခါမှစ၍ ထိုသူတို့သည် မင်းသားအားသာလျှင် အခွန်ကို ပေးကုန်၏။ ထိုအခါ မင်းသားအား များစွာသော လာဘ် ပူဇော် သက္ကာရသည် ဖြစ်၏။ ထို့ကြောင့် ထိုမင်းသားအား လောဘတဏှာသည် အားကြီးသည်ဖြစ်၏။ ထိုမင်းသားသည် နောက်အဘို့၌ အလုံးစုံသော ဇနပုဒ်ကို တောင်း၏။ အိမ်ရှေ့မင်းအဖြစ်ကို တောင်း၏။ ညီတော်မင်းကြီးသည် နောင်တော်အား တောင်းတိုင်းသာလျှင် ပေး၏။ ထိုမင်းသားသည် တဏှာလောဘ ပွားသည်ရှိသော် အိမ်ရှေ့မင်း အဖြစ်၌လည်း မရောင့်ရဲသည်ဖြစ်၍ မင်းအဖြစ်ကို ယူအံ့ဟု ဇနပုဒ်သားအပေါင်း ခြံရံလျက် ထိုဗာရာဏသီမြို့သို့ သွားပြီးလျှင် မြို့အပ၌နေ၍ ငါ့အား မင်းအဖြစ်ကိုတည်း ပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လော ဟု ညီတော်မင်းကြီးအား မှာစာကို စေလိုက်၏။

ညီတော် မင်းကြီးသည် ကြံ၏။ ဤသူမိုက်သည် ရှေး၌ မင်းအဖြစ် အစရှိသည်တို့ကို ပယ်ပြီး၍ ယခုအခါ စစ်ထိုးသဖြင့် ယူအံ့ဟုဆို၏။ အကယ်၍ ငါသည် စစ်ထိုးသဖြင့် ထိုသူမိုက်ကို သတ်အံ့၊ ငါ့အား ကဲ့ရဲ့ခြင်းသည် ဖြစ်လတ္တံ့၊ ငါ့အား မင်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံ၏။ ကြံပြီးလျှင် နောင်တော်အား စစ်ထိုးသဖြင့် ကျွန်ုပ်အလိုမရှိ၊ မင်းအဖြစ်ကိုယူလော့ ဟု စေလိုက်၏။ ထိုမင်းသားသည် မင်းအဖြစ်ကို ယူပြီးလျှင် ညီတော်အား အိမ်ရှေ့မင်းအဖြစ်ကို ပေး၏။ ထိုအခါမှစ၍ မင်းဖြစ်လျက် တဏှာ၏ နိုင်ငံသို့ လိုက်ရကား တပြည်တည်းဖြင့် မရောင့်ရဲသည်ဖြစ်၍ နှစ်ပြည် သုံးပြည်တို့ကို တောင့်တ၍ လောဘ၏အဆုံးကို မမြင်။

ထိုအခါ သိကြားနတ်မင်းသည် လူ့ပြည်၌ အဘယ်သူတို့သည် မိဘတို့ကို လုပ်ကျွေးကုန်သနည်း၊ ဒါန အစရှိသော ကောင်းမှုတို့ကို ပြုကုန်သနည်း၊ အဘယ်သူသည် တဏှာနိုင်ငံသို့ လိုက်ကုန်သနည်း ဟု ကြည့်လတ်သော် ထိုမင်းမိုက်သည် တဏှာနိုင်ငံသို့ လိုက်သောအဖြစ်ကို သိ၍ ဤမင်းမိုက်သည် ဗာရာဏသီ မင်းအဖြစ်ဖြင့် မရောင့်ရဲနိုင်၊ ထိုမင်းမိုက်ကို ငါသည် သင်အံ့ ဟုကြံ၍ လုလင်၏အသွင်ဖြင့် မင်းအိမ်တံခါး၌ ရပ်၍ ဥပါယ်တမျဉ်၌ လိမ်မာသော လုလင်တယောက်သည် တံခါး၌ရပ်၏ ဟု ကြားစေ၍ ဝင်စေလော့ဟု ဆိုသည်ရှိသော် ဝင်၍ မင်းကို အောင်ဆုပေးလျက် အဘယ်အကြောင်းကြောင့် လာသနည်းဟု ဆိုလတ်သော် မြတ်သောမင်းကြီး အရှင်မင်းကြီးတို့အား အနည်းငယ်သော တင်လျှောက်ဘွယ်သည် ရှိ၏။ ဆိတ်ကွယ်ရာအရပ်ကို အလိုရှိပါ၏ ဟု ဆို၏။ ထိုဆိုသောခဏ၌ သိကြားမင်း၏ အာနုဘော်ဖြင့် လူတို့သည် ဖဲကုန်၏။ ထိုအခါ မင်းကို လုလင်သည် မြတ်သောမင်းကြီး အကျွန်ုပ်သည် ဝပြောစည်ပင်ကုန်သော ပြွမ်းသော လူရှိကုန်သော ပြည့်စုံသော စစ်သည်ဗိုလ်ပါ ဆင်ယာဉ်မြင်းယာဉ်ရှိကုန်သော သုံးမြို့တို့ကို မြင်၏။ အကျွန်ုပ်သည် မိမိအစွမ်းဖြင့် ထိုသုံးပြည်တို့ကိုယူ၍ ဆက်ပါအံ့၊ ကြာမြင့်စွာမပြုမူ၍ လျင်စွာသွားခြင်းငှါ သင့်၏ ဟု လျှောက်၏။ တဏှာနိုင်ငံသို့ လိုက်သော ထိုမင်းသည် ကောင်းပြီဟု ဝန်ခံ၏။ သိကြားမင်း၏ အာနုဘော်ကြောင့် သင်သည် အဘယ်သူနည်း အဘယ်အရပ်မှလာသနည်း, သင့်အား အဘယ်ကို ရခြင်းငှါ သင့်သနည်းဟု မမေးမိ၊ ထိုသိကြားမင်းသည်လည်း ဤမျှကိုသာ ဆို၍ တာဝတိံသာနတ်ပြည်သို့ သွားလေ၏။

မင်းသည် အမတ်တို့ကိုခေါ်၍ တယောက်သော လုလင်သည် ငါတို့အား သုံးပြည်ထောင်ကိုယူ၍ ပေးအံ့ဟု ဆို၏။ အမတ်တို့ ထိုလုလင်ကို ခေါ်ချေကုန်၊ မြို့၌ စည်လည်စေ၍ ဗိုလ်ပါအပေါင်းကို စုဝေးကြကုန်၊ ကြာမြင့်ခြင်းကို မပြုမူ၍ သုံးပြည်ထောင်တို့ကို ယူကုန်အံ့ ဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး အသို့နည်း၊ အရှင်မင်းကြီးတို့သည် ထိုလုလင်အား ပူဇော် သက္ကာရကို ပြုတော်မူ၏လော, နေရာအရပ်ကိုလည်း မေးတော်မူ၏လော ဟု လျှောက်လတ်သော် ပူဇော်သက္ကာရကိုလည်း ငါမပြုမိ၊ နေရာအရပ်ကိုလည်း ငါ မမေးမိ၊ သွားချေကုန်၊ ထိုလုလင်ကို စုံစမ်းကြကုန်၊ သုံးပြည်ထောင်တို့ကို ယူကုန်အံ့ ဟု ဆိုသည်ရှိသော် ထိုအမတ်တို့သည် မြတ်သောမင်းကြီး အလုံးစုံသော ဗာရာဏသီပြည်၌ လုလင်ကို မမြင်ပါကုန် ဟု တင်လျှောက်ကုန်၏။

ထိုစကားကို ကြားသဖြင့် မင်းသည် နှလုံးမသာသည်ဖြစ်၍ သုံးပြည်ထောင်သော မင်းအဖြစ်၌ များစွာသော စည်းစိမ်အခြံအရံမှ ယုတ်၏။ ငါသည် ရိက္ခာစားနပ်ကို မပေးမိ၊ နေရာအရပ်ကိုလည်း မမေးမိ၊ ထို့ကြောင့် ငါ့အား အမျက်ထွက်၍ မလာသည်ဖြစ်လတ္တံ့ဟု ထိုမင်းသည် အဖန်တလဲလဲ ကြံ၏။ ထိုအခါ လောဘနိုင်ငံသို့လိုက်သော ထိုမင်း၏ကိုယ်၌ ပူပန်ခြင်းသည် ဖြစ်၏။ ကိုယ်အလုံး ပူလောင်သည်ရှိသော် ရင်သည် ခြောက်တပ်၍ ဝမ်းသွေးကျသော အနာသည်ဖြစ်၏။ တလုပ်သောထမင်းသည် ဝင်အံ့၊ ထိုထမင်းလုပ်သည် အန်၏။ ဆေးသမားတို့သည် ဆေးကုခြင်းငှါ မတတ်နိုင်ကုန်၊ မင်းသည် အလွန် ပင်ပန်း၏။ ထိုအခါ မင်းကြီး နာသောအဖြစ်သည် တိုင်းပြည်အလုံး၌ ထင်ရှား၏။ ထိုအခါ ဘုရားလောင်းသည် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ ဗာရာဏသီပြည်၌ မိဘတို့၏ထံသို့ လာလတ်သည်ရှိသော် ထိုအကြောင်းကိုကြား၍ ငါသည်ဆေးကုအံ့ဟု ကြံ၍ မင်းထံသို့သွားသဖြင့် တယောက်သော လုလင်သည် အရှင်မင်းကြီးတို့ကို ဆေးကုအံ့သောငှါ လာ၏ ဟု ကြားစေ၏။

မင်းသည် အလွန်ကြီးကုန်သော ဒိသာ ပါမောက္ခဖြစ်ကုန်သော ဆေးသမားတို့သည်လည်း ငါ့ကို ကုစားခြင်းငှာ မတတ်နိုင်ကုန်ဘဲလျက် လုလင်ပျိုသည် အသို့တတ်နိုင်အံ့နည်း၊ ထို့ကြောင့် ထိုလုလင်ကို ရိက္ခာပေး၍သာ လွှတ်လိုက်ကုန်လော့ဟု ဆို၏။ ထိုစကားကိုကြား၍ လုလင်သည် ငါ့အား ဆေးကုသဖြင့် ဆေးခကို အလိုမရှိ၊ ငါသည် ကုပါအံ့၊ ထို့ကြောင့် သက်သက်သော ဆေးဘိုးမျှကို ပေးပါလော့ ဟု ဆို၏။ ထိုစကားကိုကြား၍ မင်းသည် ခေါ်စေ၏။ ထိုလုလင်သည် မင်းကိုမြင်၍ မြတ်သောမင်းကြီး ကြောက်တော်မမူလင့်၊ အကျွန်ုပ်သည် အရှင်မင်းကြီးအား ကုပါအံ့၊ စင်စစ်သော်ကား အကျွန်ုပ်အား အနာဖြစ်ကြောင်းကို ကြားတော်မူပါလော့ ဟု ဆို၏။ မင်းသည် ထိုလုလင်ကို ရှက်သည်ဖြစ်၍ ထိုအနာ၏ ဖြစ်ကြောင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ဆေးကိုသာကုလော့ ဟု ဆို၏။

မြတ်သောမင်းကြီး ဆေးသမားတို့ မည်သည်ကား ဤအနာသည် ဤအကြောင်းကို မှီ၍ ဖြစ်၏ဟု သိ၍လျှင် ထိုအနာအားလျော်သော ဆေးကို ပြုရကုန်၏ ဟု ဆိုသည်ရှိသော် မင်းသည် အမောင် ကောင်းပြီဟု အနာ၏ ဖြစ်ကြောင်းကို ပြောသည်ရှိသော်၊ လုလင်တယောက်သည် လာလတ်၍ သုံးပြည်ထောင်တို့၌ မင်းအဖြစ်ကို ယူ၍ပေးအံ့၊ ဤသို့ အစရှိသည်တို့ကိုဆို၍ အလုံးစုံကို ပြော၏။ အမောင် ငါ့အား ဤတဏှာကိုမှီ၍ အနာဖြစ်၏။ အကယ်၍ ဆေးကုခြင်းငှါ တတ်နိုင်အံ့၊ ကုလော့ ဟု ဆို၏။ မြတ်သောမင်းကြီး အသို့နည်း၊ စိုးရိမ်သဖြင့် သုံးပြည်ထောင်ကို ရခြင်းငှါ တတ်နိုင်မည်လော ဟု ဆိုသည်ရှိသော်- အမောင် မတတ်နိုင်ဟု ဆို၏။ ဤသို့ဖြစ်လျက် အဘယ့်ကြောင့် စိုးရိမ်သနည်း၊ မြတ်သောမင်းကြီး ထိုစကားသည် မှန်၏။ အလုံးစုံသာလျှင် ဖြစ်သော သက်ရှိသက်မဲ့ဝတ္ထု မိမိကိုယ်ကို အစပြု၍ စွန့်ပစ်၍ သွားအပ်၏။ လေးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍လည်း အရှင်မင်းကြီးသည် တပြိုင်နက်လျှင် ထမင်းလေးခွက်တို့ကို စားတော်မူနိုင်မည်လာ, အိပ်ရာလေးခုတို့၌ အိပ်နိုင်မည်လော, လေးစုံသော အဝတ်တန်ဆာတို့ကို ဆင်ဝတ်နိုင်မည်လော၊ လောဘနိုင်ငံသို့ လိုက်ခြင်းမည်သည် မသင့်၊ ထိုစကားသည် မှန်၏။ ဤတဏှာမည်သည်ကား ပွားသည်ရှိသော် အပါယ်လေးဘုံတိုမှလွတ်ခြင်းငှါမပေး ဟု ဆို၍ ထိုမင်းကို ဘုရားလောင်းသည် ဆုံးမ၍ ထိုနောက်မှ မင်းအား တရားဟောလိုရကား-

၃၇။ ကာမံ ကာမယမာနဿ၊ တဿ စေတံ သမိဇ္ဈတိ။
အဒ္ဓါ ပီတိမနော ဟောတိ၊ လဒ္ဓါ မစ္စော ယဒိစ္ဆတိ။
၃၈။ ကာမံ ကာမယမာနဿ၊ တဿ စေတံ သမိဇ္ဈတိ။
တတော နံ အပရံ ကာမေ၊ ဃမ္မေ တဏှံဝ ဝိန္ဒတိ။
၃၉။ ဂဝံစ သိင်ဂိနော သိင်္ဂံ၊ ဝဍ္ဎမာနဿ ဝဍ္ဎတိ။
ဧဝံ မန္ဒဿ ပေါသဿ၊ ဗာလဿ အဝိဇာနတော။
ဘိယျာ တဏှာ ပိပါသာ စ၊ ဝဍ္ဎမာနဿ ဝဍ္ဎတိ။
၄၀။ ပထဗျာ သာလိ ယဝကံ၊ ဂဝဿံ ဒါသ ပေါရိသံ။
ဒတွာ စ နာလ မေတဿ၊ ဣတိ ဝိဒွါ သမံ စရေ။
၄၁။ ရာဇာ ပသယှ ပထဝိံ ဝိဇိတွာ၊
သ သာဂရန္တံ မဟိ မာဝသန္တော။
ဩရံ သမုဒ္ဒဿ အတိတ္တိရူပေါ၊
ပါရံ သမုဒ္ဒဿပိ ပတ္ထယေထ။
၄၂။ ယော စ မနုဿရံ ကာမေ၊ မနသာ တိတ္တိံ နာဇ္ဈဂါ။
တတော နိဝတ္တာ ပဋိက္ကမ္မ ဒိသွာ၊
တေ ဝေ သုတိတ္တာ ယေ ပညာယ တိတ္တာ။
၄၃။ ပညာယ တိတ္တိနံ သေဋ္ဌံ၊ န သော ကာမေဟိ တပ္ပတိ။
ပညာယ တိတ္တံ ပုရိသံ၊ တဏှာ န ကုရုတေ ဝသံ။
၄၄။ အပစိနေထေဝ ကာမာနံ၊ အပ္ပိစ္ဆဿ အလောလုပေါ။
သမုဒ္ဒမတ္တော ပုရိသော၊ န သော ကာမေဟိ တပ္ပတိ။
၄၅။ ရထကာရောဝ စမ္မဿ၊ ပရိကန္တံ ဥပါဟနံ။
ယံ ယံ ဇဟတိ ကာမာနံ၊ တန္တံ သမ္ပဇ္ဇတေ သုခံ။
သဗ္ဗဉ္စေ သုခမိစ္ဆေယျ၊ သဗ္ဗေ ကာမေ ပရိစ္စဇေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကာမံ၊ ဝတ္ထုကာမကို။ ကာမယမာနဿ၊ တောင့်တသော။ တဿ၊ ထိုပုဂ္ဂိုလ်အား။ တံ၊ ထိုဝတ္ထုကာမသည်။ စေ၊ အကယ်၍။ သမိဇ္ဈတိ၊ ပြည့်စုံအံ့။ မစ္စော၊ သတ္တဝါသည်။ ယံ၊ အကြင်ဝတ္ထုကို။ ဣစ္ဆတိ၊ အလိုရှိအံ့။ တံ၊ ထိုဝတ္ထုကို။ လဒ္ဓါ၊ ရသည်ရှိသော်။ အဒ္ဓါ၊ စင်စစ်။ ပီတိမနော၊ နှစ်လိုသောစိတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။

၃၈။ ကာမံ၊ ဝတ္ထုကာမကို။ ကာမယမာနဿ၊ တောင့်တသော။ တဿ၊ ထိုပုဂ္ဂိုလ်အား။ တံ၊ ထိုဝတ္ထုကာမသည်။ စေ၊ အကယ်၍။ သမိဇ္ဈတိ၊ ပြည့်စုံအံ့။ တတော၊ ထိုအခါမှ။ အပရံ၊ နောက်၌။ ဃမ္မေ-၈ိမှကာလေ၊ နေ့အခါ၌။ ပါနီယ-ပိပါသံ၊ ရေမွတ်ခြင်းကို။ လဘတိ ဣဝ၊ ရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဘိယျော၊ ရှေးထက်အလွန်။ ကာမေ၊ ကိလေသာကာမဟု ဆိုအပ်သော။ တဏှံ၊ တဏှာကို။ ဝိန္ဒတိ၊ ရ၏။

၃၉။ ဂဝံ၊ နွားအပေါင်းတို့တွင်။ ဝဍ္ဎမာနူ၊ ပွားသော။ သိင်္ဂိနော၊ ဦးချိုရှိသောနွား၏။ သိင်္ဂံ၊ ဦးချိုသည်။ ဝဍ္ဎတိ ဣဝ၊ ပွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ မန္ဒဿ၊ ပညာနုန့်သော။ အဝိဇာနတော၊ မသိသော။ ဗာလဿ၊ မိုက်သော။ ဝဍ္ဎမာနဿ၊ အသားအရေပွားသော။ ပေါသဿ၊ သတ္တဝါအား။ ဘိယျော၊ လွန်စွာ။ တဏှာ စ၊ မရသေးသော ကာမကို တောင့်တသော တဏှာသည်၎င်း။ ပိပါသာ စ၊ ရပြီးသော ကာမကို သုံးဆောင်လိုသော တဏှာသည်၎င်း။ ဝဍ္ဎတိ၊ ပွား၏။

၄၀။ ပထဗျာ၊ မြေ၌။ သာလိယဝကံ၊ သလေးခင်း, မုယောခင်းကို၎င်း။ ဂဝဿံ၊ နွားမြင်းကို၎င်း။ ဒါသပေါရိသံ၊ ကျွန်အမှုလုပ်သောသူကို၎င်း။ ဒတွာ စ၊ ပေး၍လည်း။ ဧတဿ၊ ထိုတဏှာနိုင်ငံသို့ လိုက်သောသူအား။ နာလံ၊ အလိုမပြည့်နိုင်။ ဣတိ၊ ဤသို့။ ဝိဒွါ၊ သိ၍။ သမံ၊ မျှတ ညီညွတ်သောအကျင့်ကို။ စရေ၊ ကျင့်ရာ၏။

၄၁။ ရာဇာ၊ ရေမြေ့သေဌ်နင်း ပြည့်ရှင်မင်းသည်။ ပထဝိံ၊ မြေကို။ ပသယှ၊ နှိပ်စက်၍။ သ-သာဂရန္တံ၊ သမုဒြာအဆုံးရှိသော။ သမုဒ္ဒဿ၊ သမုဒြာ၏။ ဩရံ၊ အတွင်းဖြစ်သော။ မဟိံ၊ မြေကို။ ဝိဇိတွာ၊ အောင်ပြီး၍။ အာဝသန္တော၊ နေသော်လည်း။ အတိတ္တရူပေါ၊ မရောင့်ရဲသော သဘောရှိသည်ဖြစ်၍။ သမုဒ္ဒဿ၊ သမုဒြာ၏။ ပါရံပိ၊ ကမ်းတဘက်ကိုလည်း။ ပတ္ထယေထ၊ တောင့်တရာ၏။

၄၂။ ဧဝံ၊ ဤသို့။ ကာမေ၊ ကာမဂုဏ်တို့ကို။ အနုဿရံ- အနုဿရန္တော၊ အောက်မေ့သော။ ယော စ၊ အကြင်သူသည်လည်း။ မနသာ၊ စိတ်ဖြင့်။ တိတ္တိံ၊ ရောင့်ရဲခြင်းကို။ နာဇ္ဈဂါ၊ မရနိုင်။ တတော၊ ထိုကာမဂုဏ်မှ။ နိဝတ္တာ၊ နစ်၍။ ပဋိက္ကမ္မ၊ ကိုယ်ဖြင့်ဖဲ၍။ အာဒီနဝံ၊ အပြစ်ကို။ ဒိသွာ၊ ဉာဏ်ဖြင့်မြင်၍။ ယေ၊ အကြင်သူတို့သည်။ ပညာယ၊ ပညာဖြင့်။ တိတ္တာ၊ ပြည့်ကုန်၏။ တေ၊ ထိုသူတို့သည်။ ဝေ၊ စင်စစ်။ သုတိတ္တာ၊ ကောင်းစွာ ပြည့်ကုန်၏။

၄၃။ ပညာယ၊ ပညာဖြင့်။ တိတ္တိနံ၊ ပြည့်သောသူသည်။ သေဋ္ဌံ၊ မြတ်၏။ သော၊ ထိုသူသည်။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ န တပ္ပတိ၊ မပူပန်။ ပညာယ၊ ပညာဖြင့်။ တိတ္တံ၊ ပြည့်သော။ ပုရိသံ၊ ပုဂ္ဂိုလ်ကို။ တဏှာ၊ တဏှာသည်။ ဝသံ၊ မိမိအလိုသို့။ န ကုရုတေ၊ မလိုက်စေနိုင်။

၄၄။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ အပစိနေထေဝ၊ ဖျက်ဆီးရာသည်သာတည်း။ အပ္ပိစ္ဆာ၊ အလိုနည်းသည်။ အလောလုပေါ၊ မလျှပ်ပေါ်သည်။ အဿ၊ ဖြစ်ရာ၏။ သမုဒ္ဒမတ္တော၊ သမုဒြာနှင့်တူသော ပညာရှိသော။ သော ပုရိသော၊ ထိုပုဂ္ဂိုလ်သည်။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ န တပ္ပတိ၊ မပူပန်။

၄၅။ ရထကာရော၊ သားရေနယ်သမားသည်။ စမ္မဿ၊ သားရေ၏။ ဥပါဟနံ၊ ဘိနပ်ကို။ ပရိကန္တံ-ပရိကန္တန္တော၊ ဖြတ်သည်ဖြစ်၍။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ယံယံ၊ အကြင်အကြင် အဘို့ကို။ ဇဟတိ၊ စွန့်၏။ တံတံ-တေန တေန၊ ထိုထိုသို့သောအဘို့ဖြင့်။ သုခံ၊ ချမ်းသာသည်။ သမ္ပဇ္ဇတေ၊ ပြည့်စုံ၏။ သဗ္ဗမ္ပိ၊ အလုံးစုံသာလျှင် ဖြစ်သော။ သုခံ၊ ချမ်းသာကို။ ဣစ္ဆေယျ၊ အကယ်၍ အလိုရှိငြားအံ့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ပရိစ္စဇေ၊ စွန့်ရာ၏။

ဤဂါထာတို့ကို ဟောတော်မူသော ဘုရားလောင်းအား မင်း၏ထီးကိုအာရုံပြု၍ ဩဒါတကသိုဏ်းလျှင် အာရုံရှိသော ဈာန်သည် ဖြစ်၏။ မင်းသည်လည်း အနာမရှိသည် ဖြစ်၏။ ထိုမင်းသည်လည်း နှစ်သက်သည်ဖြစ်၍ နေရာမှ ထပြီးလျင် ဤမျှလောက်ကုန်သော ဆေးသ္မားကြီးတို့သည် ကုစားခြင်းငှါ မတတ်နိုင်ကုန်၊ ပညာရှိသော လုလင်ငယ်သည်ကား မိမိ၏ ပညာများသောကြောင့် ကာမဂုဏ်တို့၏ အထူးထူးသောအပြစ်ကို ပြ၏ဟု ဆို၍ ထိုလုလင်နှင့်တကွ စကားပြောလိုရကား-

၄၆။ အဋ္ဌ တေ ဘာသိတာ ဂါထာ၊
သာ ဟောန္တိ သဟဿိယော။
ပဋိဂ္ဂဏှ မဟာဗြာဟ္မေဖ
သာမေ တံ တဝ ဘာသိတံ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၆။ မဟာဗြာဟ္မေ၊ ပုဏ္ဏားမြတ်။ တေ၊ သင်ပုဏ္ဏားမြတ်သည်။ ဘာသိတာ၊ ဟောအပ်ကုန်သော။ သဗ္ဗာ၊ အလုံးစုံကုန်သော။ အဋ္ဌဂါထာ၊ ရှစ်ဂါထာတို့သည်။ သဟဿိယော၊ တထောင်စီ ထိုက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဋ္ဌသဟဿာနိ၊ အသပြာ ရှစ်ထောင်တို့ကို။ ပဋိဂ္ဂဏှ၊ ခံယူပါလော့။ တဝ၊ သင်၏။ ဘာသိတံ၊ ဆိုအပ်သော။ ဧတံ၊ ဤစကားသည်။ သာဓု၊ ကောင်းပေစွ။

မင်းကြီးဆိုသော ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၄၇။ န မေ အတ္ဖော သဟဿေဟိ၊
သတေဟိ နဟုတေဟိ ဝါ။
ပစ္ဆိမံ ဘာသတော ဂါထံ၊
ကာမေ မေ န ရတော မနော။

ဟူသော တဆယ့်တခုမြောက်သော ဤဂါထာကို ဆို၏။

၄၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်သည်။ သဟဿေဟိ ဝါ၊ တထောင်တို့ကို၎င်း။ သတေဟိ ဝါ၊ တရာတို့ကို၎င်း။ နဟုတေဟိ ဝါ၊ တသောင်းတို့ကို၎င်း။ န အတ္တာ၊ အလိုမရှိ။ ပစ္ဆိမံ၊ နောက်ဆုံးဖြစ်သော။ ဂါထံ၊ ရထကာရောဝ စမ္မဿ အစရှိသော ဂါထာကို။ ဘာသတော၊ ဟောသော။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ ကာမေ၊ ကာမဂုဏ်၌။ န ရတော၊ မမွေ့လျော်။

မင်းသည်လည်း အတိုင်းထက်အလွန် နှစ်သက်၍ ဘုရားလောင်းကို ချီးမွမ်းလိုရကား-

၄၈။ ဘဒြကော ဝတာယံ မာဏဝကော၊
သဗ္ဗလောကံ ဝိဒူ မုနိ။
သော ဣမံ တဏှံ ဒုက္ခ ဇနနိံ၊
ပရိဇာနာတိ ပဏ္ဍိတော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၄၈။ ပဏ္ဍိတော၊ ပညာရှိသော။ ယော မာဏဝကော၊ အကြင်လုလင်ငယ်သည်။ ဒုက္ခဇနနိံ၊ အလုံးစုံသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော။ ဣမံ တဏှံ၊ ဤတဏှာကို။ ပရိဇာနာတိ၊ ပိုင်းခြား၍ သိ၏။ သဗ္ဗလောကဝိဒူ၊ အလုံးစုံသောလောကကို သိသော။ မုနိ၊ အကျိုးအကြောင်းကို သိသော။ သော အယံ မာဏဝကော၊ ထိုလုလင်ငယ်သည်။ ဘဒြကော ဝတ၊ ကောင်းပေစွတကား။

ဘုရားလောင်းသည်လည်း မြတ်သောမင်းကြီး မမေ့မလျော့ တရားကို ကျင့်တော်မူလော့ဟု မင်းကို ဆုံးမပြီးလျှင် ကောင်းကင်ခရီးဖြင့် ဟိမဝန္တာသို့သွား၍ ရသေ့ရဟန်းပြုသဖြင့် အသက်ထက်ဆုံး တည်၍ ဗြဟ္မဝိဟာရတရားလေးပါးကို ပွားစေသဖြင့် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် ဤပုဏ္ဏားအား စိုးရိမ်ခြင်းမရှိသည်ကို ပြုတော်မူဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ ဤပုဏ္ဏားသည် ထိုအခါ တဏှာနိုင်ငံသို့ လိုက်သော မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသော လုလင်ငယ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရောင့်ရဲနိုင်မှ၊ ချမ်းသာရ၊ မုချမင်္ဂလာ

လေးခုမြောက်သော ကာမဇာတ်သည် ပြီး၏။

*****