ပညာရှိ ခေါင်းဆောင် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၁။ ပညာရှိ ခေါင်းဆောင်(ကျောင်းသားကိုင်သို့)
348372ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၁။ ပညာရှိ ခေါင်းဆောင်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၁)

သင်ခန်းစာခေါင်းစဉ်။ ။ ပညာရှိခေါင်းဆောင်

သင်ယူမှုဦးတည်ချက်။ ။ အရာရာကို ပညာဆင်ခြင်ဉာဏ်ဖြင့် နှိုင်းချိန် ပြုလုပ်သင့်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့၍ အောက်ပါမေးခွန်းကို ဆွေးနွေးကြပါစေ။

-သားတို့သမီးတို့ စိတ်ထဲမှာ ပညာရှိလို့ ယူဆထားတဲ့သူတွေ ရှိလား၊ ဘယ်သူတွေလဲ။ ဘာကြောင့် ယူဆထားတာလဲ။

֍ ဆရာသတိပြုရန်။ ။ ကလေးများ ဆွေးနွေးနေချိန်တွင် “စာအုပ်တွေထဲမှာ ဖတ်ထားဖူးတာတွေကိုရော၊ ပြောသံ ကြားဖူးတာတွေကိုရော၊ စိတ်ထဲမှာ ထင်တာတွေ အားလုံးကို ရေးနိုင်တယ်၊ သားတို့သမီးတို့ အိမ်ကသူတွေလည်း ဖြစ်နိုင်တယ်၊ ရပ်ကွက်ထဲက၊ မြို့ထဲက၊ ရွာထဲကသူတွေလည်း ဖြစ်နိုင်တယ်” စသည်ဖြင့် ပြောပါ။ ဥပမာ-“မေမေ” ဟုရေးထားလျှင် မေမေကို ပညာရှိလို့ ရေးထားရခြင်း အကြောင်းပြချက်များကို ဆွေးနွေးဖော်ထုတ်ပေးပါ။

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အလှည့်ကျ တင်ပြပါစေ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ တစ်ဦးချင်းစီက ပညာရှိလို့ ယူဆထားသူတွေ၊ ဘာကြောင့် သူတို့ကို ပညာရှိလို့ ယူဆရတယ်ဆိုတဲ့ အကြောင်းတွေကို သိခဲ့ကြပြီ၊ နောက်စာသင်ချိန်မှာ ဇာတ်နိပါတ်တော်ထဲက ပညာရှိ ခေါင်းဆောင်တစ်ယောက်အကြောင်းကို လေ့လာကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ကြည့်ကြမယ်၊ ဖတ်ပြီးရင် ဒီဇာတ်လမ်းထဲက ပညာရှိက ဘယ်သူ လဲ၊ သူ့ကို ဘာကြောင့် ပညာရှိလို့ ပြောနိုင်တာလဲဆိုတာ ပြန်ဆွေးနွေးကြမယ်”ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ပညာရှိခေါင်းဆောင်

ရှေးအခါက ရွာတစ်ရွာတွင် အသိဉာဏ်ပညာနှင့်ပြည့်စုံသော ကုန်သည်တစ်ယောက် ရှိသည်။ တစ်နေ့တွင် ထိုကုန်သည်သည် ကုန်ရောင်းကုန်ဝယ် ပြုလုပ်ရန် နောက်ပါလှည်းသမားများနှင့်အတူ ခရီးထွက်လာ၏။ ခရီးမထွက်မီ သူ၏လှည်းသမားများကို “နေရာအသစ်တစ်ခုရောက်ရင် မစားဖူးတဲ့အသီး၊ အရွက်၊ သစ်မြစ်၊ သစ်ဖုတွေကို ကျွန်ုပ်ကို အသိမပေးဘဲ မစားကြပါနဲ့”ဟု သတိပေးတားမြစ်ထားသည်။ ဤသို့ဖြင့် လှည်းကုန်သည်တို့သည် တောအုပ်ကြီး တစ်ခုအနီးသို့ ရောက်လာလေသည်။

ထိုတောအုပ်အစပ်ရှိ ရွာအဝင်တွင် အပင်တစ်ပင်၏ ပင်စည်၊ အခက်၊ အရွက်၊ အပွင့်၊ အသီး အားလုံးတို့မှာ သရက်ပင်နှင့် အသွင်သဏ္ဌာန်တူသည်။ အသီး၏ အနံ့အရသာသည်လည်း သရက်သီးနှင့် တူသည်။ သို့သော် ထိုအပင်သည် အဆိပ်ပင်ဖြစ်သဖြင့် စားမိလျှင် တခဏချင်းပင် သေစေနိုင်သည်။ ရွာသားများသည် အဆိပ်သီးကို စားမိ၍ သေဆုံးသွားကြသော ခရီးသွားများ၏ ပစ္စည်းဥစ္စာတို့ကို ယူလိုသောကြောင့် ထိုအပင်ကို ခုတ်လှဲခြင်း မပြုကြပေ။

နောက်တစ်နေ့တွင် ယခင်ကုန်သည်များကဲ့သို့ ယခုလှည်းကုန်သည်အားလုံးတို့သည်လည်း အဆိပ်သီးကို စားမိ၍ သေဆုံးနေကြလိမ့်မည်ဟု ရွာသားများက ထင်နေကြ၏။ သို့သော် ခရီးဆက်လက်ထွက်ခွာရန် ပြင်ဆင် နေကြသော လှည်းကုန်သည်တို့ကို တွေ့မြင်ရ၍ အလွန်အံ့ဩသွားကြလေသည်။ ထိုအခါ ရွာသားများက လှည်းကုန် သည်တို့ကို “ဒီအပင်က အသီးကို မစားမိကြဘူးလား”ဟု မေးရာ “ကျွန်ုပ်တို့ ခေါင်းဆောင်က အဆိပ်သီးလို့ ပြောတဲ့အတွက် မစားတာပါ”ဟု ပြန်ဖြေကြ၏။ ထိုအခါ ရွာသူကြီးကလည်း ခေါင်းဆောင်ကုန်သည်ကို “ဘယ်လို သုံးသပ်မိလို့ အဆိပ် သီးမှန်း သိရတာလဲ”ဟု မေးလေသည်။

ခေါင်းဆောင်ကုန်သည်က “အချက်နှစ်ချက်ကြောင့် ဒီအပင်ဟာ သရက်ပင် မဟုတ်ဘူးဆိုတာ သိရတာပါ၊ ပထမတစ်ချက်က ဒီအပင်ဟာ လူတွေ အလွယ်တကူ တက်လို့ရတဲ့ အပင်ဖြစ်တယ်၊ ဒုတိယတစ်ချက်က ဒီအပင်ဟာ ရွာနဲ့မနီးမဝေးမှာ ရှိတယ်၊ စားလို့ရတဲ့အသီးဖြစ်ရင် အသီးတွေဟာ ဒီလောက် ပြွတ်သိပ်နေမှာ မဟုတ်ဘူး၊ လူတွေ တက်ချည်၊ ဆင်းချည် ပြုလုပ်ကြလို့ အကိုင်း၊ အခက်၊ အရွက်တွေလည်း အချို့ နေရာတွေမှာ ကျိုးကြေပျက်စီး နေကြလိမ့်မယ်၊ အခုတော့ မပျက်စီးဘဲ အကောင်းပကတိ ရှိနေကြလို့ ရွာသားတွေက ဒီအသီးကို ဆွတ်ယူစားသုံးခြင်း မရှိကြဘူး၊ ဒါကြောင့် အဆိပ်သီးလို့ သုံးသပ်မိတယ်၊ ဒီအချက် နှစ်ချက်ကြောင့် ကျွန်ုပ်ရဲ့ နောက်ပါလှည်းကုန်သည် တွေကို မစားကြဖို့ တားမြစ်ရခြင်းဖြစ်တယ်”ဟု ပြန်လည်ဖြေကြားလိုက်သည်။

ရွာသားများသည် ခေါင်းဆောင်ကောင်းပီသစွာဖြင့် လက်အောက်ငယ်သားများ၏ အကျိုးကို ဆောင်ရွက်တတ်သော ပညာရှိလှည်းကုန်သည်အား လေးစားသွားကြ၏။ ပညာရှိလှည်းကုန်သည်သည်လည်း ရွာသားများကို စင်ကြယ်သော အသက်မွေးမှုဖြင့် စီးပွားရှာကြရန် ပြောဆိုဆုံးမ၍ အဆိပ်ပင်ကိုလည်း ခုတ်လှဲပစ်ရန် ပြောကြားခဲ့သည်။ ပညာရှိ ခေါင်းဆောင်ကောင်းတို့မည်သည် အများအကျိုးကို ဉာဏ်ပညာဖြင့် ချင့်ချိန်၍ ဆောင်ရွက်တတ်ကြသူများ ဖြစ်ကြပေသည်။

မှီငြမ်း။ ။ ကိံဖလဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ။ ၂၃၀။ ဇာ၊ဋ္ဌ၊၁၊၂၈၈။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ခေါင်းဆောင်က လှည်းသမားတွေကို ဘယ်လို မှာထားသလဲ။
-လှည်းသမားတွေ တွေ့တဲ့အပင်က ဘယ်လို အပင်မျိုးလဲ။
-လှည်းသမားတွေက အဲဒီအပင်က အသီးကို ဘာကြောင့် မစားကြတာလဲ။
-သရက်ပင်နဲ့တူတဲ့အပင်ကို ရွာသားတွေက ဘာကြောင့် မခုတ်လှဲကြတာလဲ။
-လှည်းသမားတွေ အသက်ဘေးက လွတ်သွားတာ ဘာကြောင့်လဲ။
-ခေါင်းဆောင်က ဘယ်လို အချက်တွေကို သုံးသပ်ပြီး အဆိပ်သီးလို့ ပြောနိုင်တာလဲ။
-ဘယ်အချက်တွေအရ ဒီဇာတ်လမ်းထဲက ခေါင်းဆောင်ကို ပညာရှိလို့ ယူဆနိုင်တာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု(၅) စုဖွဲ့ပါ။

֍ ပညာရှိခေါင်းဆောင် ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ပြန်လည် ဖတ်ရှုကြပါစေ။

(စာဖတ်ပြီးလျှင် လုပ်ဆောင်ရမည့်အချက်များကို “သားတို့သမီးတို့ ... ဇာတ်လမ်းထဲက ပါဝင်သူတွေထဲမှာ ဘယ်သူတွေကို အတုယူသင့်သလဲ၊ ဘယ်သူတွေကို ရှောင်ရှားသင့်သလဲ၊ ဘာကြောင့်လဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြရမယ်”ဟု ကြိုတင်ပြောပြထားပါ။)

֍ တစ်ယောက်ချင်းစီဖတ်ပြီး စဉ်းစားထားသမျှကို အုပ်စုတွင်းမှာ ပြန်လည်ဆွေးနွေး ညှိနှိုင်းကြပါစေ။ နောက်ဆုံးတွင် အုပ်စုတွင်း ဆွေးနွေးညှိနှိုင်းထားသည်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြောပြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ခေါင်းဆောင်ကောင်း တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို နှစ်ယောက်တစ်တွဲ တွဲပါ။

֍ အတွဲအားလုံးက အောက်ပါမေးခွန်းကို အပြန်အလှန် ဆွေးနွေးကြပါစေ။

-သင်သာ ခေါင်းဆောင်တစ်ဦး ဖြစ်မယ်ဆိုရင် ဘယ်လို ခေါင်းဆောင်မျိုးဖြစ်အောင် ကြိုးစားမလဲ၊
-သင်သာ နောက်လိုက်တစ်ဦးဖြစ်မယ်ဆိုရင် ဘယ်လို နောက်လိုက်မျိုး ဖြစ်ချင်သလဲ။

֍ နှစ်ယောက်တစ်တွဲ ဆွေးနွေးပြီးလျှင် အတွဲနှစ်တွဲပေါင်းပြီး အဖြေချင်း တူ မတူကို လေးယောက်တစ်တွဲ အပြန် အလှန် ဆွေးနွေးကြပါစေ။ ကိုယ်စားလှယ်တစ်ဦးစီက အလှည့်ကျ ပြန်လည်တင်ပြပါစေ။

֍ ပြီးနောက် အောက်ပါ တေးကဗျာကို သီဆိုပြီး သင်ခန်းစာကို အဆုံးသတ်ပါ။

ခေါင်းဆောင်ကောင်း

ခေါင်းဆောင်တို့မည်သည်
ဦးဆောင်ကာကွယ်သည်
ဆုံးဖြတ်ချက်တွေ အခိုင်အမာချ ရဲဝံ့ပြတ်သားစွာ
တွန်းလှန်ခုခံသည် အသိဉာဏ်အဖြေမှန်ဆီ
စဉ်းစားသုံးသပ် တွက်ချက်စီစစ်ကာ
အများအကျိုးတွေ ဖြစ်ထွန်းရာ
မြင်အောင်ကြည့်တတ်တာ ခေါင်းဆောင်ကောင်းတွေပါ။