ဒေါ်ဦးဇွန်း (ဆရာ)

From Wikisource
Jump to navigation Jump to search
348373ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၂။ ဒေါ်ဦးဇွန်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

သင်ခန်းစာခေါင်းစဉ်။ ။ ဒေါ်ဦးဇွန်း

သင်ယူမှုဦးတည်ချက်။ ။ ဒေါ်ဦးဇွန်းအကြောင်းကို သိရှိစေရန်နှင့် အဘိုးအဘွားများကို ကူညီစောင့်ရှောက်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ဘိုးဘိုးဘွားဘွား တန်ဖိုးထားတေးကဗျာ။

֍ အောက်ပါမေးခွန်းများကို မေးပါ။

သင်ယူမှုလုပ်ငန်းစဉ်

-သားတို့သမီးတို့ကို မွေးဖွားပေးခဲ့တာ ဘယ်သူတွေလဲ။
-ဖေဖေ မေမေတို့ကို ဘယ်သူတွေက မွေးဖွားပေးခဲ့တာလဲ။
-သားတို့ သမီးတို့ကို အခု ဘယ်သူတွေက ပြုစုစောင့်ရှောက်နေသလဲ။

֍ “ကျေးဇူးရှိတဲ့ အဘိုးအဘွားတွေကို သားတို့သမီးတို့က ဘယ်လို ပြုစုစောင့်ရှောက်ပေးခဲ့ဖူးသလဲ”ဟူသော မေးခွန်းကို မေး၍ ကလေးများ ပြောသမျှ သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပေးပါ။

֍ အောက်ပါ ကဗျာကို စုပေါင်း၍ ရွတ်ဆိုကြပါစေ။

ဘိုးဘိုးဘွားဘွား တန်ဖိုးထား

ဘိုးဘိုးပြောတဲ့ ရှေးစကား
တို့တွေနာကြား တန်ဖိုးထား။
ဘွားဘွားပြောတဲ့ ရှေးစကား
တို့တွေနာကြား တန်ဖိုးထား၊
ဘိုးဘွားဆိုတာ ရတနာ
အတွေ့အကြုံများပေတာ။
စေတနာကို အရင်းပြု
သက်ကြီးရွယ်အို စောင့်ရှောက်မှု။
တို့တွေပြုတဲ့ ဒီကုသိုလ်
ကောင်းမှုအမြဲ တည်စေလို။
စိတ်များကိုကွယ် ဖြူအောင်ထား
ကူညီကြစို့ တို့ဘိုးဘွား။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဒေါ်ဦးဇွန်းအကြောင်းနှင့် သရုပ်ဖော်ပုံ။

֍ အောက်ပါမေးခွန်းများကို မေးပါ။

သင်ယူမှုလုပ်ငန်းစဉ်

-အဘိုးအဘွားတိုင်းမှာ ပြုစုစောင့်ရှောက်တဲ့သူ ရှိသလား။
-ဘယ်လို ဘိုးဘွားတွေမှာ ပြုစုစောင့်ရှောက်မှု လိုအပ်နေတာလဲ။
-အဲဒီလို ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်တဲ့ နေရာကို ဘယ်လို ခေါ်သလဲ။
-မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာကို စတင်တည်ထောင်ခဲ့တဲ့သူကို သိသလား၊ ဘယ်သူလဲ။

֍ “အခု တို့တတွေအားလုံး သူ့အကြောင်း ဖတ်ကြည့်ကြမယ်”ဟုဆိုကာ ကလေးများကိုယ်တိုင် ဖတ်ကြပါစေ။

ဒေါ်ဦးဇွန်း

မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာများကို စတင်တည်ထောင်ခဲ့သူမှာ ဒေါ်ဦးဇွန်းဖြစ်သည်။ ဒေါ်ဦးဇွန်းသည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးလက်ထက် ရတနာပုံနေပြည်တော်၌ မြန်မာသက္ကရာဇ် ၁၂၃၀ ပြည့်နှစ် ဝါခေါင်လဆန်း ၅-ရက် သောကြာနေ့တွင် ပိုးကုန်သည်ကြီး အဘဦးအိ၊ အမိ ဒေါ်မျှင်တို့မှ ဖွားမြင်သည့် တစ်ဦးတည်းသော သမီးဖြစ်သည်။

ဒေါ်ဦးဇွန်းသည် ဘာသာတရားလေးစားသည့် မိဘများ၏ ဆုံးမသွန်သင်မှုကြောင့် ငယ်စဉ်ကပင် ဘာသာ ရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီးဖြစ်ခဲ့၏။ ပုဗ္ဗာရုံကျောင်းအမ ဝိသာခါထုံး နှလုံးမူကာ ခုနစ်နှစ်အရွယ် ကပင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်း၍ ဥပုသ်ရက်တို့၌ ရှစ်ပါးသီလကို အမြဲမပြတ် ဆောက်တည်ခဲ့သည်။ မင်္ဂလာ တရားတော်နှင့်အညီ ခြိုးခြံစွာ ကျင့်သုံးနေထိုင်၍ ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သည်။ မာန်မာနမရှိဘဲ မိမိကိုယ် ကိုယ် နှိမ့်ချ၍ နေလေ့ရှိသည်။ မိဘကျေးဇူးကို အထူးသိတတ်သည်။ အသက် ၁၆-နှစ်အရွယ်မှစ၍ ဒေါ်ဦးဇွန်းသည် မိသားစု လုပ်ငန်းဖြစ်သော ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့၏။ ပိုးထည်အရောင်းအဝယ်ကိစ္စနှင့် အမြို့မြို့ အနယ် နယ်သို့ ကူးသန်းသွားလာရသောကြောင့် မိတ်ဆွေများ၍ လူပေါင်းဆန့်ကာ ဗဟုသုတကြွယ်ဝသည်။

ဒေါ်ဦးဇွန်း အသက် ၂၂-နှစ်အရွယ်ရောက်သောအခါ မိဘများကွယ်လွန်ခဲ့သည်။ ဒေါ်ဦးဇွန်းသည် အိမ်ထောင် မပြုခဲ့ပေ။ အသက် ၃၀ အရွယ်တွင် မန္တလေးမြို့ ပတ္တမြားဆရာတော်ဘုရားကြီးအား အုတ်ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ ပတ္တမြားအုတ်ကျောင်းအမ ဒေါ်ဦးဇွန်းဟူ၍ လူသိများလာသည်။ အသက် ၄၆-နှစ် အရွယ်တွင် ပိုးထည်ရောင်းဝယ်ရေးကိစ္စဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ထင်ရှားသောဘုရားများကို လှည့်လည်ဖူး မြော်ပြီး ဗရင်ဂျီသာသနာပြု ခရစ်ယာန်သီလရှင်ကျောင်းသို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုကျောင်းတွင် ဗုဒ္ဓဘာသာ ဘိုးဘွားများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသော်လည်း ဘုရားရှိခိုးခြင်း၊ ဥပုသ်စောင့်ခြင်း စသည်တို့ကို မပြုလုပ်ရဘဲ ခရစ်ယာန်ဘာသာထုံးစံအတိုင်း ဝတ်ပြုရသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအခါ ဗုဒ္ဓဘာသာ ဘိုးဘွားများ မိမိဘာသာကို လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့် ရရှိစေရန် စောင့်ရှောက်ရေးဌာနတစ်ခု ဖွင့်လှစ်မည်ဟု ဆုံးဖြတ်လိုက်၏။

ထို့နောက် မန္တလေးမြို့သို့ ပြန်ရောက်သောအခါ စစ်ကိုင်းတောင်ရိုး အရိယမဂ္ဂင်ချောင်ဆရာတော်ဘုရားကြီးအား လျှောက်ထား၍ မင်းကွန်းခေါင်းလောင်းကြီးအနီးတွင် ဘိုးဘွားရိပ်သာကို ၁၂၇၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ရှေးဦးစွာ အဘိုးအိုတစ်ယောက်၊ အဘွားအိုနှစ်ယောက်ကို လက်ခံ၍ ဒေါ်ဦးဇွန်းကိုယ်တိုင် အဖော်မိန်းကလေး တစ်ဦးနှင့် ဝတ်ကြီးဝတ်ငယ်ပြု၍ ကျွေးမွေးစောင့်ရှောက်ခဲ့၏။ ၁၂၈၀ ပြည့်နှစ် ရောက်သောအခါ အဘိုးအဘွား ၂၀ ခန့်ကို စောင့်ရှောက်နိုင်ခဲ့သည်။ ထိုနှစ်တွင် အလှူပါဝင်လိုသူများထံမှ အလှူငွေလက်ခံကာ ဘိုးဘွားရိပ်သာအသင်းကို စတင်တည်ထောင်ခဲ့သည်။

ဒေါ်ဦးဇွန်းသည် မင်းကွန်းဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာလုပ်ငန်းကို တည်ထောင်ခဲ့ပြီးနောက် ၁၂၈၉ ခုနှစ်တွင် သထုံမြို့ မြသပိတ်တောင်ခြေ၌လည်းကောင်း၊ ၁၂၉၀ ပြည့်နှစ်တွင် ပေါင်းတည်မြို့၌ လည်းကောင်း၊ ၁၂၉၅ ခုနှစ်တွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌လည်းကောင်း၊ ၁၂၉၉ ခုနှစ်တွင် ပခုက္ကူမြို့၌ လည်းကောင်း ဘိုးဘွားရိပ်သာများ တည်ထောင် ခဲ့သည်။ ထို့နောက် သူ့၌ရှိရှိသမျှသော ပစ္စည်းအားလုံး စုစုပေါင်း နှစ်သိန်းဖိုးခန့်ကိုလည်း ဘိုးဘွားရိပ်သာများသို့ လှူဒါန်း လိုက်လေသည်။ အသက် ၆၀ အရွယ်တွင် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ သီလရှင်အဖြစ် ခံယူလိုက်သည်။ ဘွဲ့အမည်မှာ ဘွားသုမာလာဖြစ်သော်လည်း ဒေါ်ဦးဇွန်း ဟူသော အမည်ဖြင့်ပင် လူသိများသည်။

ဒေါ်ဦးဇွန်း၏ ကိုယ်ကျိုးစွန့်သော လုပ်ငန်းများကို အင်္ဂလိပ်အစိုးရက အသိအမှတ်ပြုသည့်အနေဖြင့် တိုင်းကျိုး ပြည်ကျိုးဆောင်ဘွဲ့ကို ချီးမြှင့်သည်။ မီးရထား၊ မီးသင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့အပြား ပထမတန်းမှ အခမဲ့ စီးနင်းသွား လာခွင့်ကိုလည်း ပေးထားခဲ့သည်။

ဒေါ်ဦးဇွန်းသည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ဘိုးဘွားရိပ်သာများကို အောင်မြင်စွာ တည်ထောင် နိုင်ခဲ့သည်မှာ သူတစ်ပါးအပေါ် ကူညီစောင့်ရှောက်ချင်သော မေတ္တာ၊ ကရုဏာစိတ် ကြီးမားခြင်း၊ သက်ကြီးရွယ်အိုများကို ဘုရားရိပ်၊ တရားရိပ်တွင် အေးအေးချမ်းချမ်း နေစေချင်သော စိတ်စေတနာ ကြီးမားခြင်းတို့ကြောင့် ဖြစ်သည်။ သူသည် ဘိုးဘွားများအတွက် စည်းစိမ်နှင့် လုပ်အားကို ၂၈-နှစ်လုံးလုံး ပေးအပ်ဆောင်ရွက်ခဲ့ပြီးနောက် ၁၃၀၆ ခုနှစ် ကဆုန်လပြည့်ကျော် ၅-ရက်နေ့၊ အသက် ၇၆-နှစ်အရွယ်၌ မင်းကွန်းဘိုးဘွားရိပ်သာတွင် ကွယ်လွန်ခဲ့သည်။

ဘိုးဘွားရိပ်သာများ၏မိခင် ကျောင်းအမကြီးဒေါ်ဦးဇွန်း၏ စိတ်ဓာတ်မြင့်မြတ်မှု၊ စွမ်းဆောင်နိုင်မှုတို့ကို ဂုဏ်ပြုသောအားဖြင့် ထုလုပ်ထားသော သူ၏ ကြေးရုပ်တုတို့ကို သူတည်ထောင်ခဲ့သော ဘိုးဘွားရိပ်သာများတွင် တွေ့ရှိနိုင်ပေသည်။

မှီငြမ်း။ ။ဒေါ်ဦးဇွန်း၊ မြန်မာ့စွယ်စုံကျမ်း။ ဘွားဦးဇွန်း၊ တက္ကသိုလ်စိန်တင်။ ပထမမြန်မာများ၊ မင်းယုဝေ၊

֍ အောက်ပါမေးခွန်းများ မေးပါ။

-ဒေါ်ဦးဇွန်းဟာ ဗုဒ္ဓဘာသာဘိုးဘွားများအတွက် ဘိုးဘွားရိပ်သာကို ဘာကြောင့် တည်ထောင်ခဲ့သလဲ။
-ပထမဆုံး ဘိုးဘွားရိပ်သာက ဘယ်နေရာမှာ တည်ရှိသလဲ။ ဘယ်ခုနှစ်မှာ တည်ထောင်ခဲ့သလဲ။
-ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကို ဘယ်နှခုနှစ်မှာ တည်ထောင်ခဲ့တာလဲ။
-အင်္ဂလိပ်အစိုးရက ဒေါ်ဦးဇွန်းကို ဘာဘွဲ့ချီးမြှင့်ခဲ့သလဲ။ ဘာကြောင့်လဲ။
-ဒေါ်ဦးဇွန်းရဲ့ လေးစားဂုဏ်ယူစရာကောင်းတဲ့ စိတ်နေစိတ်ထားတွေက ဘာတွေလဲ။
-ဒေါ်ဦးဇွန်းကို အခုအထိ သတိတရရှိနေကြတာ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ပြုစုစောင့်ရှောက်ပေးချင်တဲ့ ဘိုးဘွားတစ်ဦးရဲ့ အကြောင်းနဲ့ ဘာကြောင့် ပြုစုစောင့်ရှောက်ပေး ချင်ရသလဲဆိုတဲ့ အကြောင်းကို စာ ဆယ်ကြောင်းခန့် ရေးသားကြရမယ်”ဟု ပြော၍ မှတ်စုစာအုပ်တွင် ရေးသားကြ ပါစေ။

֍ ဖတ်ပြချင်သော ကလေး ၄/၅-ဦးခန့်က ဖတ်ပြကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းကို မေးပါ။ အဖြေကို ကလေးတစ်ဦးချင်းစီက မှတ်စုအုပ်တွင် ရေးသားဖြေဆို၍ တင်ပြကြပါစေ။ ကလေးများ တင်ပြ ရာတွင် မတူသော အချက်များကိုသာ တင်ပြရန် ဆရာက ညွှန်ကြားထားပါ။

-မိမိရဲ့ အဘိုး၊ အဘွားကို (သို့မဟုတ်) ရပ်ရွာအတွင်းမှာရှိတဲ့ အဘိုး၊ အဘွားတွေကို ဘယ်လို ပြုစုစောင့်ကြမလဲ။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့ရဲ့ အဘိုး၊ အဘွားတွေကို ပြုစုစောင့်ရှောက်မယ့် အစီအစဉ်တွေဟာ သိပ်ကောင်းပါတယ်၊ လက်တွေ့လည်း အဘိုး၊ အဘွားတွေကို အကောင်းဆုံး ပြုစုစောင့်ရှောက်နိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားကြပါ”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။