သီလကို ချစ်မြတ်နိုးသော လုလင်ပျို (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၃။ သီလကို ချစ်မြတ်နိုးသော လုလင်ပျို(ကျောင်းသားကိုင်သို့)
348374ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၃။ သီလကို ချစ်မြတ်နိုးသော လုလင်ပျို(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

သင်ခန်းစာခေါင်းစဉ်။ ။ သီလကို ချစ်မြတ်နိုးသော လုလင်ပျို

သင်ယူမှုဦးတည်ချက်။ ။ ဗုဒ္ဓဘာသာတစ်ယောက် နေ့စဉ်စောင့်ထိန်းရမည့် သီလကို စောင့်ထိန်းကြစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ဗုဒ္ဓဘာသာတစ်ယောက် နေ့စဉ် စောင့်ထိန်းရမယ့် သီလ ဘယ်နှပါးရှိသလဲ။ သီလစောင့်ထိန်းတယ်ဆိုတာကိုရော ဘယ်လိုနားလည်သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများပြောသော အချက်များကို သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းကို ဆက်မေး၍ ကလေးတစ်ဦးချင်းစီက မိမိအတွေ့အကြုံများကို ပြောကြပါစေ။

-ကလေးတို့ကိုယ်တိုင်ရော ဘာသီလတွေ စောင့်ထိန်းဖူးသလဲ။ ဘယ်လို စောင့်ထိန်းကြသလဲ။
-ဘယ်နေရာတွေမှာ စောင့်ထိန်းကြတာလဲ။ ဘယ်အချိန်တုန်းက စောင့်ထိန်းခဲ့တာလဲ။

֍ ကလေးများပြောပြီးသောအခါ ဆရာက “သားတို့သမီးတို့လိုပဲ သီလစောင့်ထိန်းခဲ့တဲ့ လူငယ်လေးတစ်ယောက် အကြောင်းကို နောက်တစ်ချိန်မှာ ဆက်လက်လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများ ဇာတ်လမ်းကို ဖတ်ကြပါစေ။

သီလကို ချစ်မြတ်နိုးသော လုလင်ပျို

ရှေးအခါက ဗာရာဏသီပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် တပည့်ငါးရာ ပညာသင်ကြားနေကြသည်။ ဆရာကြီးတွင် သမီးပျိုလေးတစ်ယောက် ရှိသည်။ ဆရာကြီးသည် သမီးလေးကို တပည့်များထဲမှ သီလနှင့်ပြည့်စုံသူ တစ်ဦးဦးနှင့် ထိမ်းမြားလက်ထပ်ပေးရန် ကြံစည်စဉ်းစားမိ၏။ ထို့ကြောင့် တစ်နေ့တွင် တပည့်အားလုံးကို ခေါ်၍ “တပည့်တို့ ဆရာကြီးမှာ သမီးတစ်ယောက်ရှိတယ်၊ သူ့ကို တပည့်တို့ထဲက တစ်ယောက်ယောက်နဲ့ လက်ထပ် ထိမ်းမြားပေးချင်တယ်၊ ဒီတော့ တပည့်တို့က မိဘဆွေမျိုးတွေဆီ သွားပြီး သူတို့မသိအောင် အဖိုးတန် အဝတ်တန်ဆာတွေကို ယူခဲ့ကြရမယ်၊ ဘယ်သူမှ မသိအောင် ယူလာတဲ့ အဝတ်တန်ဆာတွေကိုပဲ ငါလက်ခံမယ်”ဟု ပြောဆိုမှာကြား လိုက်သည်။

တပည့်တို့သည် အဖိုးတန် အဝတ်တန်ဆာတို့ကို ယူလာပြီး ဆရာကြီးထံ အပ်နှံကြသည်။ ဆရာကြီးက တပည့်များယူလာသော အဖိုးတန်အဝတ်တန်ဆာအသီးသီးတို့ကို နာမည်နှင့်တွဲ၍ အသေအချာ မှတ်သားထားလိုက်၏။ သို့သော် တပည့်တစ်ယောက်သည်ကား မည်သည့်ပစ္စည်းမျှ ယူမလာဘဲ လက်ဗလာဖြင့် ပြန်လာခဲ့သည်။ ထိုအခါ ဆရာကြီးက “အမောင် ... ဘာအဝတ်တန်ဆာမှ ယူမလာပါလား၊ ဘာဖြစ်လို့လဲ”ဟု မေးရာ လုလင်က “ဆရာကြီး ... ဆရာကြီးက ဘယ်သူမှမသိဘဲ ယူလာတဲ့ အဖိုးတန်အဝတ်တန်ဆာကိုသာ လက်ခံမယ် ပြောတယ်၊ ဒီလုပ်ရပ်ဟာ မကောင်းဘူး၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိတဲ့အတွက် မယူခဲ့ခြင်းဖြစ်ပါတယ်”ဟု ရှင်းပြလိုက်သည်။

ဆရာကြီးလည်း အလွန်နှစ်သက် သဘောကျသွားကာ လုလင်ကို “အမောင် ... ဆရာကြီးမှာ ပစ္စည်း ဥစ္စာမရှိလို့ မဟုတ်၊ ကိုယ်ကျင့်သီလ ပြည့်စုံသူကိုသာ သမီးနဲ့ လက်ထပ်ပေးချင်တဲ့အတွက် တပည့်တို့ရဲ့ ကိုယ်ကျင့် သီလကို စမ်းသပ်ကြည့်ခြင်းသာ ဖြစ်တယ်”ဟု ဆိုလေသည်။ ထို့နောက် ဆရာကြီးသည် တပည့်အားလုံးကို ခေါ်၍ “တပည့်တို့ ယူလာတဲ့ပစ္စည်းတွေကို ပြန်ယူသွားပြီး မိဘဆွေမျိုးတွေဆီ ပြန်အပ်ကြပါ”ဟု ပြောလိုက်လေသည်။

နောက်ဆုံးတွင် ဆရာကြီးသည် သီလကို ချစ်မြတ်နိုးသော လုလင်နှင့် သူ၏သမီးကို ထိမ်းမြားလက်ထပ် ပေးလိုက်၏။ လုလင်ပျိုသည်. ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းခဲ့သောကြောင့် ဆရာကြီး၏ သမီးကို လက်ထပ်ခွင့်ရခဲ့သည်။ . ဆရာကြီး၏ တပည့်နှင့်သမီးတို့ ဇနီးမောင်နှံသည် တစ်သက်လုံး ကိုယ်ကျင့်သီလကို စောင့်ထိန်းကာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားကြလေသည်။

မှီငြမ်း။ ။ သီလဝီမံသနဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ဒုတိယတွဲ၊ ၆၇၄။ ဇာ၊ဋ္ဌ၊၃၊၁၆။

֍ အောက်ပါ မေးခွန်းများကို မေးပါ။

-ဆရာကြီးက သူ့သမီးကို ဘယ်လိုလူမျိုးနဲ့ လက်ထပ်ပေးချင်သလဲ။
-ဆရာကြီးက သူ့တပည့်တွေရဲ့ ကိုယ်ကျင့်တရားကို ဘယ်လိုစမ်းသပ်ခဲ့သလဲ။
-တပည့်တစ်ယောက်က ဘာပစ္စည်းမှ ယူ မလာတာ ဘာကြောင့်လဲ။
-ပစ္စည်း ယူ မလာတဲ့ တပည့်ရဲ့ ဖြေရှင်းချက်ကို ဆရာကြီးက ဘယ်လို ပြန်ပြောခဲ့သလဲ။
-လုလင်ပျိုဟာ ဆရာကြီးရဲ့ သမီးနဲ့ ဘာကြောင့် လက်ထပ်ခွင့်ရခဲ့သလဲ။
-ဒီဇာတ်လမ်းကနေ ဘယ်လို သင်ခန်းစာတွေ ရခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ကိုယ်ကျင့်သီလကို စောင့်ထိန်းခဲ့တဲ့ လုလင်တစ်ယောက် အကြောင်းကို သိခဲ့ပြီးပြီ၊ ဒီတစ်ခါ တော့ ဗုဒ္ဓဘာသာဝင်တွေဟာ နေ့စဉ် ဘယ်လိုသီလ စောင့်ထိန်းသင့်တယ်ဆိုတာ ဆက်လက်ဆွေးနွေးကြရ အောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့ပြီး အောက်ပါမေးခွန်းကို မေးပါ။

-သားတို့သမီးတို့ ... ငါးပါးသီလကို ဘယ်လိုနည်းတွေနဲ့ နေ့စဉ် စောင့်ထိန်းကြမလဲ။

֍ ထို့နောက် အုပ်စုဝင်တိုင်းအား စာရွက်ပိုင်းများ ပေးဝေပြီး တစ်ဦးချင်းစီ၏ ထင်မြင်ယူဆချက်များကို စာရွက်ပိုင်းတွင် ရေးကြပါစေ။ စာရွက်ပိုင်းတစ်ခုတွင် တစ်ချက်သာ ရေးရန်နှင့် တစ်ဦးကို တစ်ချက်ထက် ပိုပြီးရေးနိုင်ကြောင်း ဆရာက ပြောပေးပါ။ ထို့နောက် ငါးပါးသီလ၏ အမည်တစ်ခုစီကို ငါးနေရာခွဲ၍ ကြိုတင်ကပ်ထားပါ။

֍ ပြီးနောက် ရေးထားသော စာရွက်ပိုင်းများကို အုပ်စုဝင်အချင်းချင်း ဆွေးနွေးကြပါစေ။ အကြောင်းအရာတူသော အချက်များကို ကိုယ်စားလှယ်က စုစည်း၍ (ဆရာ ကြိုရေးထားသော) ဆိုင်ရာသီလခေါင်းစဉ်အောက်တွင် ကပ်ကြပါစေ။

֍ ထို့နောက် ခေါင်းစဉ်နှင့် အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိကို ဆရာက ကလေးများအားလုံးနှင့် မေးမြန်း ဆွေးနွေး အတည်ပြုပေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ သီလ၏ ဂုဏ်ကျေးဇူး လင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နေ့စဉ်စောင့်ထိန်းရမယ့် သီလနဲ့ ပတ်သက်တဲ့ အချက် တွေကို ဆွေးနွေးခဲ့ပြီးပြီ၊ ကလေးတို့ဆွေးနွေးခဲ့တဲ့ အချက်တွေကို နေ့စဉ်စောင့်ထိန်းလို့ ရသလား၊ စောင့်ထိန်း နေတဲ့သူတွေကိုရော တွေ့ဖူးသလား”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် အုပ်စု(၅) စုဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုတွင်း ဆွေးနွေးပြီး စာရွက်လွတ်တွင် ရေးကြပါစေ။

-ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။ မစောင့်ထိန်းဘူးဆိုရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်မလဲ။
-ငါးပါးသီလ စောင့်ထိန်းတဲ့အခါမှာ ဘာတွေရော လုပ်ဖို့လိုသေးလဲ။ (အခြားသူများကို ကြင်နာသနား မေတ္တာ ထားရမယ်၊ ပေးကမ်းလှူဒါန်းရမယ်၊ ကိုယ်ချင်းစာတရား ထားရမယ်၊ မှန်ကန်သော စကားကို ပြောဆိုရမယ်၊ သေရည်သေရက်စတဲ့ မူးယစ်စေတတ်တဲ့အရာတွေကို မရောင်းရဘူး၊ စင်စင်ကြယ်ကြယ် အသက်မွေးရမယ်။)

֍ ပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။ (ကလေးများတင်ပြသော အချက်များကို ဆရာက မှတ်သားထားပါ။)

֍ အားလုံး တင်ပြပြီးသောအခါ ဆရာက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ “သီလရနံ့ဟာ ပန်းတွေရဲ့ အနံ့ ထက် မွှေးကြိုင်တယ်။ လူတစ်ယောက်ဟာ သီလအဝတ်ကို ခါးဝတ်ပုဆိုးလို ဝတ်ဆင်ထားမယ်ဆိုရင် အချိန်တိုင်း လှပနေမယ်။ ပြီးတော့ သီလစောင့်တဲ့သူဟာ အပါယ်မရောက်ဘူး၊ နတ်ပြည်သို့ ရောက်ရတယ်၊ ဒါကြောင့် သီလ ဟာ စိတ်ချလက်ချ ယုံယုံကြည်ကြည် စောင့်ထိန်းကိုးကွယ်ရမယ့်အရာ ဖြစ်တယ်”ဟု ရှင်းပြ၍ အောက်ပါလင်္ကာကို စုပေါင်းရွတ်ဆိုကာ သင်ခန်းစာကို အဆုံးသတ်ပါ။

သီလ၏ ဂုဏ်ကျေးဇူး လင်္ကာ

သီလရနံ့ မွှေးပျံ့ကြိုင်စွာ၊
သီလဆင်သိုင်း ရှုတိုင်းလှပါ။
သီလစောင့်ငြား မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချ ကိုးကွယ်ရာ။
(မဟာစည် ဆရာတော်ဘုရားကြီး)