ပေးအပ်သော တာဝန် (ဆရာ)

From Wikisource
Jump to navigation Jump to search
348375ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၄။ ပေးအပ်သော တာဝန်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

သင်ခန်းစာခေါင်းစဉ်။ ။ ပေးအပ်သော တာဝန်

သင်ယူမှုဦးတည်ချက်။ ။ မိမိ၏ တာဝန်ကိုသိရှိပြီး ကျေပွန်စွာ ထမ်းဆောင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက အောက်ပါမေးခွန်းကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ ဘာတာဝန်တွေ ယူခဲ့ဖူးသလဲ။ (ကျောင်းနှင့်အိမ် နှစ်ခုလုံးမှာ)

֍ ဆရာက ကလေးများ ပြောသမျှကို သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။ပြီးလျှင် ကလေးများကို အုပ်စု(၅) စုဖွဲ့၍ အောက်ပါ မေးခွန်းကို ဆွေးနွေးကြပါစေ။

-ကိုယ့်တာဝန်တွေကို ပြီးမြောက်အောင် ဘယ်လို လုပ်ဆောင်ခဲ့သလဲ။

֍ ကိုယ်စားလှယ်တစ်ဦးစီက ပြောပြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ “သားတို့သမီးတို့မှာ အလုပ် တာဝန်တွေ ရှိတယ်၊ အဲဒီအလုပ်တာဝန်တွေကို ပြီးမြောက်အောင်လည်း လုပ်ဆောင်ခဲ့ကြတယ်၊ သားတို့ သမီးတို့ လိုပဲ ကျေးသားငယ်လေးတစ်ကောင်ဟာ သူ့တာဝန်တွေကို ဘယ်လို လုပ်ဆောင်သွားသလဲဆိုတာ နောက်တစ်ချိန်မှာ လေ့လာကြည့်ကြရအောင်”ဟု ပြော၍ စာသင်ချိန်(၂) ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ပေးအပ်သော တာဝန်

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားကြီးသည် အဗ္ဘန္တရသရက်သီးကို စားသုံးလိုသော ချင်ခြင်းပြင်းပြ လှသဖြင့် နေထိုင်မကောင်းဖြစ်ကာ အိပ်စက်နေလေ၏။ ထိုအခါ မင်းကြီးသည် မိဖုရားရှိရာသို့ လာရောက်၍ “မိဖုရား ကြီး သင့်မှာ ဘယ်လိုဝေဒနာမျိုး ခံစားနေရသလဲ”ဟု မေးမြန်းလေရာ မိဖုရားကြီးက “အရှင်မင်းကြီး ကျွန်တော်မျိုးမမှာ ဘာရောဂါမှ မရှိပါဘူး၊ အဗ္ဘန္တရသရက်သီးကို စားသုံးလိုတဲ့ ချင်ခြင်း ဖြစ်နေပါတယ်” ဟု ပြန်လျှောက်လေသည်။ မင်းကြီးလည်း မိဖုရားကြီးစားလိုသော အဗ္ဘန္တရသရက်သီး ရနိုင်မည့်နည်းလမ်းကို မှူးမတ်တို့နှင့် တိုင်ပင်လေ၏။ မှူးမတ်တို့က ဥယျာဉ်တော်တွင် ရှာ၍ရနိုင်ကြောင်း လျှောက်တင်ကြ၏။ သို့သော်လည်း ဥယျာဉ်တော်တွင် တစ်လုံးတစ်လေမျှ မတွေ့ရပေ။ နောက်ဆုံးတွင် မင်းကြီးသည် ပုဏ္ဏားပညာရှိများကို ခေါ်ယူကာ အဗ္ဘန္တရသရက်သီး ရှိနိုင်ရာအရပ်ကို စုံစမ်းရလေတော့သည်။

ပုဏ္ဏားများက “အရှင်မင်းကြီး ... နတ်တွေပဲ သုံးဆောင်ခွင့်ရတဲ့ အဲဒီအဗ္ဘန္တရ သရက်ပင်ဟာ ဟိမဝန္တာအရပ်ရှိ ရွှေဂူအတွင်းမှာ ရှိတယ်လို့ အစဉ်အဆက် ပြောသံကြားဖူးပါတယ်ဘုရား၊ အဲဒီအရပ်ကို လူသားတွေ သွားရောက်နိုင်မှာ မဟုတ်လို့ သရက်သီးကို ယူဆောင်ရန် အရှင်မင်းကြီးရဲ့ ကျေးသားငယ်ကို လွှတ်တော်မူပါဘုရား”ဟု လျှောက်တင်ကြ၏။ ထိုကျေးသားငယ်မှာ လိမ္မာယဉ်ကျေး၍ ခွန်အားဗလနှင့်လည်း ပြည့်စုံသည်။ မင်းကြီးက အဗ္ဘန္တရ သရက်သီးကို ယူဆောင်စေသောခါ “အရှင်မင်းကြီး ...ပေးအပ်သောတာဝန်ကို ကျွန်တော်မျိုး ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါမယ်”ဟု ကျေးသားငယ်က ကတိပေး၏။ ထို့နောက် မင်းကြီးသည် ကျေးသားငယ်အား စားသောက်ဖွယ်တို့ကို ကျွေးမွေး၍ လွှတ်လိုက်လေသည်။

ကျေးသားငယ်သည် ဟိမဝန္တာသို့ ရောက်သောအခါ အဦးဆုံးတွေ့ရသော ကျေးသားများအား အဗ္ဘန္တရသရက် သီးရှိရာအရပ်ကို မေးမြန်းလေ၏။ ထိုကျေးသားတို့က မသိကြသဖြင့် သိနိုင်လောက်သော အခြားကျေးသားများထံ လမ်းညွန်လိုက်ကြသည်။ ထိုကျေးသားတို့ကလည်း မိမိတို့ မသိဟုဆိုကာ နောက်ထပ် ကျေးသားများထံသို့ လမ်းညွှန် ကြပြန်၏။ ဤသို့ အဆင့်ဆင့်မေးမြန်းလာရာ ခုနစ်နေရာမြောက် ရောက်သောအခါမှ အဗ္ဘန္တရသရက်သီး ရှိရာအရပ်ကို တိတိကျကျ သိရလေသည်။

ထိုအခါ ကျေးသားများက “အဆွေ အဗ္ဘန္တရသရက်သီးဆိုတာ ဝေဿဝဏ်နတ်မင်းကြီးရဲ့ အသုံးအဆောင် ဖြစ်တယ်။ အဲဒီသရက်ပင်ကို သံကွန်ချာ ခုနစ်ထပ်နဲ့ ဖုံးအုပ်ထားတဲ့အပြင် ဘီလူးကြီးတွေကလည်း စောင့်ကြပ်နေ ကြတယ်။ အဲဒီအရပ်ကို သွားတဲ့ ဘယ်လိုသက်ရှိသတ္တဝါမှ အသက်ချမ်းသာရာ မရဖူးဘူး၊ အဝီစိငရဲကြီးနဲ့တူတဲ့ အရပ်ကို မသွားချင်ပါနဲ့ အဆွေ”ဟု တားမြစ်ကြ၏။ ထိုသို့ ကျေးသားတို့က စိုးရိမ်တကြီး တားမြစ်ကြသော်လည်း ကျေးသားငယ်သည် ပေးအပ်လိုက်သော တာဝန်အတွက် အန္တရာယ်ဟူသမျှကို ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ကျေးသားငယ်သည် အဗ္ဘန္တရသရက်ပင်နှင့် မနီးမဝေးသို့ ရောက်သောအခါ ကျေးသားတို့ ပြောသည့်အတိုင်း တွေ့ရလေ၏။ ကျေးသားငယ်လည်း နေ့ခင်း၌ အခွင့်မသာသဖြင့် ညသန်းခေါင်ကျော် ဘီလူးကြီးတို့ အိပ်ချိန်လောက်တွင် သရက်ပင်ခြေရင်းမှကပ်လျက် တိုးဝင်၏။ ထိုအခါ သံကွန်ချာလှုပ်၍ “ချွင်ချွင်”ဟု အသံထွက်သွားလေရာ ဘီလူး ကြီးများ နိုးလာကြသဖြင့် ကျေးသားငယ်ကို ဖမ်းလိုက်ကြလေတော့သည်။

ဘီလူးကြီးများက “ကျွတ်ကျွတ်ဝါးစားပစ်မယ်၊ စိစိညက်ညက်ကျေအောင် ချေပစ်မယ်၊ ရင်ကိုခွဲ အသည်းကို မီးကင်မယ်”စသည်ဖြင့် ကြုံးဝါးကြသော်လည်း ကျေးသားငယ်သည် ကြောက်ရွံ့ ထိတ်လန့်ခြင်း အလျင်းမရှိဘဲ “နေကြ ပါဦး ... သင်တို့ဟာ ဘယ်သူ့ အမှုထမ်းတွေ ဖြစ်ပါသလဲ”ဟု မေးလိုက်သည်။ ဘီလူးကြီးများကလည်း “ငါတို့ဟာ ဝေဿဝဏ်နတ်မင်းကြီးရဲ့ အမှုထမ်းတွေ ဖြစ်ပါတယ်”ဟု ပြော၏။ ထိုအခါ ကျေးသားငယ်က “အကျွန်ုပ်လည်း ဗာရာဏသီမင်းကြီးရဲ့ အမှုထမ်းဖြစ်ပါတယ်၊ အဗ္ဘန္တရသရက်သီးကို ယူဆောင်ခဲ့ဖို့ မင်းကြီးက တာဝန်ပေးလို့ ဒီကို အကျွန်ုပ်လာခဲ့ရခြင်း ဖြစ်ပါတယ်၊ ဘီလူးကြီးတို့ ရက်ရက်စက်စက် သတ်ဖြတ်ရင်လည်း သေရဲပါတယ်၊ လူကြီးမိဘ၊ ဆရာသမားတွေ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူဟာ သေရင်လည်း နတ်ပြည်ရောက်မှာ သေချာ တယ်”ဟု ပြောလေသည်။ ဘီလူးကြီးတို့သည် ကျေးသားငယ်၏ စကားကို နှစ်သက်မိသဖြင့် လွှတ်ပေးလိုက်၏။

သို့သော် ကျေးသားငယ်သည် မပြန်သေးဘဲ “ကျွန်ုပ်လာရတဲ့ ရည်ရွယ်ချက် ပြည့်ဝဖို့ သရက်သီးတစ်လုံး ရလို ပါသေးတယ်”ဟု တောင်းဆိုသည်။ ထိုအခါ ဘီလူးကြီးတို့က အဗ္ဘန္တရသရက်သီးကို ဝေဿဝဏ်နတ်မင်းကြီး ပိုင်သဖြင့် မိမိတို့မှာ ပေးခွင့်မရှိကြောင်း ဝမ်းနည်းစွာ ပြောဆို၍ ရနိုင်ရာအရပ်တစ်ခုကို ညွှန်ပြလိုက်ကြပြန်လေ၏။ ဤသို့ဖြင့် ကျေးသားငယ်သည် တောကျောင်းတစ်ကျောင်း၌ သီတင်းသုံးတော်မူသော ဝေဿဝဏ်နတ်မင်းကြီး၏ဆရာ ဇောတိရသ ရသေ့ကြီးထံ၌ ဆည်းကပ်ရပြန်လေ၏။ ရသေ့ကြီးကလည်း “ရပါစေမယ်”ဟု ကတိပေး၍ ဝေဿဝဏ် နတ်မင်းကြီး က အဗ္ဘန္တရသရက်သီးလေးလုံး ပို့လှူလိုက်သောအခါ နှစ်လုံးကို ဘုဉ်းပေးတော်မူ၏။ တစ်လုံးကို ကျေးသားငယ်စားရန် ပေး၏။ ကျန်တစ်လုံးကို ဆိုင်းငယ်တွင် ထည့်လျက် ကျေးသားငယ်၏ လည်ပင်း၌ ဆွဲ၍ ပေးလိုက်လေ၏။

ကျေးသားငယ်သည် ဟိမဝန္တာအရပ်မှ တစ်ရှိန်ထိုးပျံသန်းခဲ့၍ အဗ္ဘန္တရသရက်သီးကို ဗာရာဏသီမင်းကြီးအား ဆက်သခြင်းဖြင့် ပေးအပ်သော တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့လေသည်။

မှီငြမ်း။ ။ အဗ္ဘန္တရဇာတ်၊ ၅၅၀ ဇာတ်တော်မှ အသိအလိမ္မာ သင်ခန်းစာများ၊ ဝဏ္ဏသီရိ၊ ၉၁။ ဇာ၊ဋ္ဌ၊၂၊၃၅၂။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဗြဟ္မဒတ်မင်းကြီးရဲ့ မိဖုရားက ဘာကြောင့် နေမကောင်းဖြစ်တာလဲ။
-မင်းကြီးက အဗ္ဘန္တရသရက်သီးကို အရင်ဆုံး ဘယ်လို ရှာဖွေစေခဲ့သလဲ။
-အဗ္ဘန္တရသရက်သီးကိုရှာဖို့ ပုဏ္ဏားပညာရှိများက မင်းကြီးကို ဘယ်လို အကြံပေးခဲ့သလဲ။
-ကျေးသားငယ်က ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံသလဲ။
-မင်းကြီးရဲ့တာဝန်ပေးချက်ကို ကျေးသားငယ်က ဘယ်လိုကတိပေးခဲ့သလဲ။
-ကျေးသားငယ်က အဗ္ဘန္တရသရက်ပင်ကို အဆင့်ဆင့် ဘယ်လို ရှာဖွေခဲ့သလဲ။
-အဗ္ဘန္တရသရက်သီးကိုရဖို့ ကျေးသားငယ်က ဘယ်လို ကြိုးစားခဲ့သလဲ။
-ဘီလူးကြီးတွေက ကျေးသားငယ်ကို ဖမ်းမိသွားတဲ့အခါ ဘယ်လို ကြုံးဝါးခဲ့သလဲ။ ကျေးသားငယ်က ဘယ်လို ပြုမူပြီး ဘယ်လို ပြန်ပြောခဲ့သလဲ။
-ဘီလူးကြီးတွေက ကျေးသားငယ်ကို ဘာကြောင့် လွှတ်ပေးလိုက်တာလဲ။
-ကျေးသားငယ်က အဗ္ဘန္တရသရက်သီး လိုချင်ကြောင်း ပြောတဲ့အခါ ဘီလူးကြီးတွေက ဘယ်လို လမ်းညွန်ခဲ့သလဲ။
-ဝေဿဝဏ်နတ်မင်းကြီးရဲ့ ဆရာ ဇောတိရသ ရသေ့ကြီးက ဘယ်လိုလုပ်ဆောင်ပေးခဲ့သလဲ။
-ကျေးသားငယ်ဟာ အဗ္ဘန္တရသရက်သီးကို မင်ကြီးထံ ဘာကြောင့် ဆက်သနိုင်ခဲ့တာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မဲလိပ်များ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါစကားလုံးများကို ဆရာက မဲလိပ်များ ကြိုတင်ပြုလုပ်ထား၍ ကလေးများကို အုပ်စု(၈) စု ဖွဲ့ပြီး တစ်အုပ်စုလျှင် တစ်လိပ်စီ နှိုက်ကြပါစေ။

-ဘုရင်ကြီး၊ မိဖုရား၊ မှူးမတ်များ၊ ပုဏ္ဏားပညာရှိများ၊ ကျေးသားငယ်၊ ဘီလူးများ၊ အခြားကျေးသားများ၊ ဇောတိရသ ရသေ့ကြီး။

֍ စာသင်ချိန်(၂) တွင်ပါသော ဇာတ်လမ်းကို ပြောပြရန် ဆရာက ကလေးတစ်ဦးကို ဦးစွာရွေးချယ်ပါ။ ဇာတ်လမ်းကို အသံနေအသံထားဖြင့် ပြောနိုင်ရန် ဆရာက ကူညီပေးပါ။

֍ ကလေးအားလုံးကို ဇာတ်လမ်းပြန်ဖတ်စေပြီး မိမိတို့အုပ်စု တာဝန်ကျသော ဇာတ်ကောင်နေရာကို လေ့လာကြပါ ပြီးနောက် ဇာတ်လမ်းပြောသူက ပြောနေစဉ် အုပ်စုဝင်အားလုံးက မိမိတို့ကျရာနေရာတွင် ထွက်၍ အမူအရာဖြင့် အသံတိတ်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆရာက မှာထားပါ။ အားလုံး အဆင်သင့်ဖြစ်လျှင် ဇာတ်လမ်း ပြောသူက စပြော၍ ကလေးအားလုံး သရုပ်ဆောင်ကြပါစေ။

֍ ဇာတ်လမ်းကို သရုပ်ဆောင်ပြီးလျှင် ဆရာက “ဒီဇာတ်လမ်းကို သားတို့သမီးတို့ကိုယ်တိုင်သရုပ်ဆောင်ရတဲ့ အပေါ်မှာ ဘယ်လို ခံစားရသလဲ၊ ကိုယ်တာဝန်ယူရတဲ့အပိုင်းကို တာဝန်ကျေအောင် ဘယ်လို ညှိနှိုင်းခဲ့သလဲ”ဟု မေးကာ ကလေးများအဖြေပေါ် မူတည်၍ အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများကို မေး၍ အဖြေကို မှတ်စုစာအုပ်တွင် ရေးကြပါစေ။

-သားတို့သမီးတို့ အခုအချိန်မှာ လုပ်ဆောင်ရမယ့်တာဝန်တွေ ဘာတွေရှိသလဲ။
-သားတို့သမီးတို့ လုပ်ရမယ့်တာဝန်တွေကို ဘယ်လိုထမ်းဆောင်သွားကြမလဲ။
-တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။

֍ အားလုံးရေးပြီးလျှင် အဖြေများကို ပြောပြချင်သော ကလေးများက အတန်းရှေ့ထွက်၍ ပြောပြကြပါစေ။

֍ ထို့နောက် ဆရာက မတူညီသော အချက်များကို မှတ်သားထား၍ အောက်ပါအတိုင်း သင်ခန်းစာကို အနှစ်ချုပ်ပါ။ “သားတို့သမီးတို့ ဖြေတာတွေ မှန်ပါတယ်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် လုပ်ရမယ့် အလုပ်တွေ၊ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေဆိုတာ ရှိလာတယ်။ ကျောင်းသားဖြစ်ရင်လည်း ကျောင်းသားတစ်ယောက် လုပ်ရမယ့် အလုပ် တွေ၊ တာဝန်တွေ ရှိတယ်။ အဲဒီအလုပ်တွေ၊ တာဝန်တွေကို တက်တက်ကြွကြွ စိတ်ပါလက်ပါ ထမ်းဆောင်ကြရ မယ်၊ တာဝန်ကျေပွန်အောင်လည်း ထမ်းဆောင်ကြရမယ်။ အဲဒီလို ထမ်းဆောင်မယ်ဆိုရင် စာလည်းတော်မယ်၊ ဆရာ၊ မိဘတွေကလည်း ချစ်ခင်ကြမယ်၊ ဘဝတစ်လျှောက်လုံးမှာလည်း တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် တတ်တဲ့ လူတွေဖြစ်လာပြီး အောင်မြင်မှုတွေလည်း အများကြီးရမယ်”