အကြံကောင်းက အများချမ်းသာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၅။ အကြံကောင်းက အများချမ်းသာ(ကျောင်းသားကိုင်သို့)
348376ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၅။ အကြံကောင်းက အများချမ်းသာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

သင်ခန်းစာခေါင်းစဉ်။ ။ အကြံကောင်းက အများချမ်းသာ

သင်ယူမှုဦးတည်ချက်။ ။ အကြံဉာဏ်ကောင်းခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဒုတိယတန်း သင်ခန်းစာ(၂၄)မှာ သင်ခဲ့တဲ့ မျောက်ကလေး ဖိုးဉာဏ်ကောင်း ဇာတ်လမ်းကို မှတ်မိလား၊ အဲဒီဇာတ်လမ်းထဲမှာ မျောက်ကလေး အသက်ဘေးက ဘယ်လို လွတ်သွားသလဲ။ ဘာကြောင့်လဲ”ဟု မေး၍ မှတ်မိသမျှ ပြောကြပါစေ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေးပါ။

֍ ပြီးနောက် ကလေးများကို အုပ်စု(၅) စုဖွဲ့၍ အောက်ပါမေးခွန်းများကို ဆွေးနွေးကြပါစေ။

-အကြံဉာဏ်ကောင်းသူနဲ့ အကြံဉာဏ်မကောင်းသူမှာ ဘယ်လို ကွာခြားမှုတွေ ရှိနိုင်သလဲ။

֍ ဆွေးနွေးပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက တင်ပြကြပါစေ။

֍ ဆရာက ကလေးများ တင်ပြချက်များကို မှတ်သားထားပြီး အောက်ပါအတိုင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ “သားတို့သမီးတို့ ပြောသွားတဲ့ အချက်တွေထဲကအတိုင်း အကြံဉာဏ်ကောင်းသူတွေဟာ ဘယ်လို စဉ်စားလုပ် ဆောင်တတ်တယ်ဆိုတာ နောက်စာသင်ချိန်မှာ လေ့လာကြည့်ကြရအောင်”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

အကြံကောင်းက အများချမ်းသာ

ရှေးနှစ်ပေါင်းများစွာက ဘုရင်တစ်ပါး၏ ဥယျာဉ်တော်ထဲတွင် အရိပ်အာဝါသ အလွန်ကောင်းမွန်၍ ကြီးမား ထည်ဝါသော သစ်ပင်ကြီးတစ်ပင် ရှိလေသည်။ သစ်ပင်ကြီး၏ ပင်စည်သည် လုံးဝန်းဖြောင့်တန်း၍ အခက်အလက် များနှင့် ဝေဝေဆာဆာရှိလှသည်။ ဘုရင်ကြီးကိုယ်တိုင်က ထိုကဲ့သို့ ဝေဆာလှပနေသော သစ်ပင်ကြီးကို မြတ်နိုးလွန်း လှသဖြင့် မင်္ဂလာသစ်ပင်ကြီးအဖြစ် သတ်မှတ်ထား၏။

ရုက္ခစိုးနတ်မင်းကြီးတစ်ပါးသည် မိသားစုနှင့်အတူ ထိုမင်္ဂလာသစ်ပင်ကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက်ရှိသည်။ အနီးဝန်းကျင်ရှိ ရုက္ခစိုးနတ်တို့က ထိုနတ်မင်းကြီးကို ထူးမြတ်သော ဘုံဗိမာန်ရှင်ကြီးအဖြစ် သတ်မှတ်၍ အထင် ကြီးလေးစားကြ၏။ ဘုံဗိမာန်ကြီးကိုလည်း တအံ့တဩ ချီးမွမ်းကြသည်။ ထိုမိတ်ဆွေရုက္ခစိုးနတ်များတွင် ဘုန်းတန်ခိုး အရှိန်အဝါနည်းပါးပြီး သမန်းမြက်ချုံကိုသာ ဗိမာန်ပြုနေရသော ရုက္ခစိုးနတ်တစ်ပါးလည်း ပါဝင်သည်။ သူသည် ရုက္ခစိုး နတ်မင်းကြီး၏ ဗိမာန်ကို မကြာခဏ လာရောက်လေ့ရှိသည်။

တစ်နေ့တွင် ဘုရင့်လက်သမားများသည် နန်းတော်ပြာသာဒ်ဆောင်အတွင်းမှ ဆွေးမြည့်နေသော တိုင်တစ် လုံးအတွက် မင်္ဂလာသစ်ပင်ကြီးကို ခုတ်လှဲရန် ကြံစည်ကြသည်။ သို့သော် ဘုရင်ကြီးကိုယ်တော်တိုင်က မင်္ဂလာသစ်ပင် အဖြစ် သတ်မှတ်ထားသည့်အတွက် မည်သူမျှ မခုတ်ရဲကြပေ။ သို့ဖြစ်၍ ဘုရင်ကြီးကို အကျိုးအကြောင်း လျှောက်တင်သောအခါ “ပြာသာဒ်ဆောင်က ပိုအရေးကြီးတယ်၊ မင်္ဂလာသစ်ပင်ကြီးကို ခုတ်လှဲစေ”ဟု ဆိုကာ ခုတ်လှဲ ခွင့်ပြုလိုက်၏။

ဘုံဗိမာန်ရှင် ရုက္ခစိုးနတ်မင်းကြီးသည် ထိုအကြောင်းကို သိသွားသောအခါ အလွန်စိတ်ထိခိုက်၍ ငိုကြွေးနေလေသည်။ ထို့ကြောင့် မိမိဗိမာန်သို့ လာရောက်ကြသော မိတ်ဆွေနတ်များကိုလည်း ဖော်ဖော်ရွေရွေ နှုတ်မဆက်နိုင် ပေ။ မိတ်ဆွေနတ်များကလည်း မည်ကဲ့သို့ ကူညီပေးရမည်ကို မစဉ်းစားတတ်ကြဘဲ ရုက္ခစိုးနတ်မင်းကြီးအား ဖက်၍ ငိုကြလေသည်။

ထိုအချိန်တွင် သမန်းမြက်ချုံကို ဗိမာန်ပြုနေရသည့် ရုက္ခစိုးနတ် ရောက်လာသည်။ ရုက္ခစိုး နတ်မင်းကြီးနှင့် မိတ်ဆွေနတ်များ ငိုကြွေးနေသည့်အကြောင်းရင်းကို သိသွားသဖြင့် “နတ်မင်းကြီးတို့ ... ဒီမင်္ဂလာသစ်ပင်ကြီးကို မခုတ်လှဲစေရပါဘူး၊ မစိုးရိမ်ကြပါနဲ့”ဟု ဆိုလေသည်။ သို့သော်လည်း နတ်မင်းများက “ဒီလိုဘုန်းတန်ခိုး အရှိန်အဝါ နည်းပါးပြီး သမန်းမြက်ချုံကိုသာ ဗိမာန်ပြုနေရတဲ့နတ်က ဘာလုပ်ပေးနိုင်မှာလဲ”ဟု သံသယဖြစ်နေကြသည်။

နောက်တစ်နေ့ ဘုရင့်လက်သမားများ ရောက်လာသောအချိန်တွင် ရှေ့မှ ပုတ်သင်ညိုတစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ထိုပုတ်သင်ညိုမှာ သစ်ပင်ကြီး၏ အမြစ်ကြားတွင် ဝင်ရောက် ပျောက်ကွယ်သွားသည်။ ထို့နောက် ပင်စည်အတွင်းမှတက်၍ ပင်စည်ထိပ်မှ ပြန်ထွက်လာကာ ခေါင်းဆတ် (ခေါင်းညိတ်) ပြလေသည်။ လက်သမားများလည်း ပုတ်သင်ညိုကိုအံ့ဩစွာ ငေးကြည့်ရင်း သူတို့မျက်စိကိုပင် သူတို့ မယုံနိုင်ကြချေ။ ထို့နောက် လက်သမားများက “ပုတ်သင်ညို တစ်ကောင်လုံးတောင် ဝင်ထွက်သွားလာနိုင်တဲ့ ဒီသစ်ပင်ကြီးဟာ ပြာသာဒ်ဆောင် ဆောက်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး”ဟု ဆိုကာ ပြန်သွားကြလေသည်။

လက်သမားများ ထွက်သွားသောအခါ ပုတ်သင်ညိုယောင်ဆောင်ထားသော သမန်းချုံစောင့်နတ်ကို ရုက္ခစိုး နတ်မင်းကြီးက ဝမ်းသာအားရကြိုဆို၍ “မိတ်ဆွေ ရုက္ခစိုးနတ်အပေါင်းတို့ ... ကျွန်ုပ်တို့ တစ်တွေဟာ ဘုန်းတန်ခိုးရှင် ကြီးတွေဖြစ်ပေမယ့် အကြံဉာဏ် မထုတ်တတ်ကြဘူး၊ ဒီသမန်းချုံစောင့်နတ် အကြံကောင်းသွားလို့သာ ကျွန်ုပ်တို့ ရုက္ခစိုးနတ်အားလုံး ဥယျာဉ်တော်ကြီးထဲမှာ အရင်ကလို အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြရတယ်”ဟု ပြောဆို လိုက်လေသည်။

မှီငြမ်း။ ။ ကုသနာဠိဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ။ ၄၆၇။ ဇာ၊ဋ္ဌ၊၁၊၄၆၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရင်ကြီးရဲ့ ဥယျာဉ်တော်ထဲမှာ ဘယ်လိုသစ်ပင်ကြီးရှိသလဲ။
-ဘုရင်ကြီးက အဲဒီ သစ်ပင်ကြီးကို ဘယ်လို သတ်မှတ်ပေးထားသလဲ။
-မင်္ဂလာသစ်ပင်ကြီးမှာ ဘယ်သူတွေ နေထိုင်ကြသလဲ။
-အဲဒီရုက္ခစိုးနတ်မင်းကြီးဆီကို မကြာခဏ ဘယ်သူလာသလဲ။
-ဘုရင်ကြီးက မင်္ဂလာသစ်ပင်ကို ခုတ်လှဲဖို့ ဘာကြောင့် ခွင့်ပြုခဲ့သလဲ။
-မင်္ဂလာသစ်ပင်ကြီးကို ခုတ်လှဲတော့မယ်ဆိုတာ သိသွားတဲ့အခါ ရုက္ခစိုးနတ်မင်းကြီး ဘယ်လို ခံစားရသလဲ။
-မိတ်ဆွေနတ်တွေက ဘာလုပ်ပေးနိုင်ကြသလဲ။
-အဲဒီပြဿနာကို ဘယ်သူက ဖြေရှင်းပေးသလဲ။ ဘယ်လိုဖြေရှင်းသလဲ။
-နောက်ဆုံးမှာ ရုက္ခစိုးနတ်မင်းကြီးက မိတ်ဆွေ နတ်တွေကို ဘယ်လို ပြောခဲ့သလဲ။
-ဒီဇာတ်လမ်းထဲက ဘာတွေကို သင်ယူရရှိလိုက်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု(၂) စုဖွဲ့ပါ။ အုပ်စု(၁) စုစီက ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ပါ။

֍ ဆရာက အောက်ပါကြိုက်နှစ်သက်ရာ စကားလုံးတစ်လုံးရေးထားသော စာရွက်ပိုင်းတစ်ခုကို ကိုယ်စားလှယ် နှစ်ဦးအား ပြပါ။ (ကိုယ်စားလှယ်နှစ်ဦးအပြင် မည့်သူ့ကိုမျှ မမြင်စေရပါ။)

ဥပမာ-ဘုရင်ကြီး၊ သစ်ပင်ကြီး၊ ဥယျာဉ်၊ ရုက္ခစိုး၊ ဘုံဗိမာန်၊ လက်သမား၊ နန်းတော်ပြာသာဒ်၊ ပုတ်သင်ညို စသည် ...

֍ စကားလုံးကို သိပြီးသောအခါ အုပ်စုကိုယ်စားလှယ်နှစ်ဦးက မိမိတို့သက်ဆိုင်ရာ အုပ်စုဝင်များဘက်သို့ လှည့်၍ အသီးသီး အသံတိတ်သရုပ်ဆောင်ပြကြပါစေ။

֍ ကျန်အုပ်စုဝင်များက မိမိတို့ကိုယ်စားလှယ်က အသံတိတ် သရုပ်ဆောင်ပြသည်ကို အဓိပ္ပာယ်ဖော်၍ မည်သည့် အရာဖြစ်ကြောင်း ပြောရမည်။ အဦးဆုံး အဖြေမှန် ပေးနိုင်သောအုပ်စုကို နိုင်သည့်အဖွဲ့အဖြစ် ဆရာက ပြောထားပါ။ (အချိန်ရလျှင် ဤနည်းအတိုင်း စကားလုံးပြောင်း၊ ကိုယ်စားလှယ်ပြောင်း၍ ဆက်လက်ကစားနိုင်သည်။)

֍ ကိုယ်စားလှယ်လုပ်ခဲ့သူများအား “သရုပ်ဆောင်ရမယ့် စကားလုံးကို သိလိုက်ရတော့ ဘယ်လိုတွေးပြီး သရုပ် ဆောင်ခဲ့သလဲ”ဟု မေးပါ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ရဲ့ ကိုယ်စားလှယ် အသံတိတ် သရုပ်ဆောင်ပြမှုကို ဘယ်လိုတွေးပြီး အဓိပ္ပာယ် ဖော်ခဲ့သလဲ”ဟု မေးပါ။

֍ “သားတို့သမီးတို့ ... ဒီကစားနည်းထဲက ဘာတွေ သင်ယူရရှိခဲ့သလဲ။ ဒီကစားနည်းကို ကစားတဲ့အခါမှာ ဘာတွေလုပ်ရသလဲ”

֍ ကလေးများဖြေပြီးလျှင် ဆရာက “သားတို့သမီးတို့...ဘယ်အလုပ်ပဲဖြစ်ဖြစ် အရင်ဆုံးစဉ်းစားရတယ်၊ပြီးမှ လက်တွေ့အကောင်အထည်ဖော် . လုပ်ဆောင်ရတယ်ဆိုတာကို ဒီကစားနည်းလေးက သင်ခန်းစာပေးတာ ဖြစ် တယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... အကြံဉာဏ်ကောင်းတွေ ရဖို့ဆိုရင် ဘာတွေ လုပ်ရမလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ ပြောသမျှကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပါ။

֍ ပြီးနောက် အုပ်စု (၅) စု ဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုလိုက်ဆွေးနွေးပြီး စာရွက်လွတ်တွင် ရေးကြပါစေ။

-အကြံဉာဏ်ကောင်းရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။

֍ ဆွေးနွေးရေးသားထားသော စာရွက်များကို နံရံတွင် ကပ်စေကာ ကလေးအားလုံးကို လှည့်လည် ကြည့်ရှုစေပြီး အကြိုက်ဆုံးအချက်နှစ်ချက်ကို မှတ်သားလာရန် ဆရာက ပြောပါ။ မှတ်သားလာသော အချက်များကို အုပ်စု တစ်စုလျှင် နှစ်ဦးနှုန်းဖြင့် ပြန်ပြောကြပါစေ။

֍ ပြီးလျှင် ဆရာက လိုအပ်သည်များကို ဖြည့်စွက်ပေး၍ အောက်ပါအတိုင်း အနှစ်ချုပ်ကာ သင်ခန်းစာကို အဆုံးသတ်ပါ။

“တချို့ လူတွေဟာ ပင်ကိုကတည်းက ဉာဏ်ကောင်းကြတယ်။ တချို့ကျတော့ ဉာဏ်ကောင်းအောင် ကြိုးစားပြုပြင် ယူကြရတယ်၊ ဉာဏ်ကောင်းအောင် ပြုပြင်ယူဖို့ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရတယ်၊ စိတ်ကိုလည်း ကြည်လင်အောင် ထားရတယ်၊ ဘုရားဂုဏ်တော်တွေလည်း ပွားရတယ်၊ ဗဟုသုတတွေ တိုးပွားစေမယ့် စာအုပ်စာပေတွေ ဖတ်ရတယ်၊ ကိုယ့်ထက် တတ်သိနားလည်သူတွေရဲ့ ဆုံးမစကားကို နာယူမှတ်သားရတယ်၊ အဲဒီလို အမြဲမပြတ် လေ့လာဆည်းပူးနေမယ်ဆိုရင် အသိဉာဏ် ပညာတွေ တိုးပွားလာမယ်၊ အသိဉာဏ်ပညာတွေ တိုးပွားလာတာနဲ့အမျှ အကြံကောင်း၊ ဉာဏ်ကောင်းတွေလည်း ရရှိလာမှာ အမှန်ပဲ၊ အကြံကောင်း ဉာဏ်ကောင်းတွေနဲ့ လုပ်ဆောင်တဲ့ အလုပ်မှန်သမျှဟာ အောင်မြင်မှုရလဒ်တွေကို အများ ကြီး ရစေနိုင်မှာ ဖြစ်တယ်”