အကြံကောင်းက အများချမ်းသာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၅။ အကြံကောင်းက အများချမ်းသာ
344870ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၅။ အကြံကောင်းက အများချမ်းသာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

[edit]

အကြံကောင်းက အများချမ်းသာ

[edit]

ရှေးနှစ်ပေါင်းများစွာက ဘုရင်တစ်ပါး၏ ဥယျာဉ်တော်ထဲတွင် အရိပ်အာဝါသ အလွန်ကောင်းမွန် ၍ ကြီးမားထည်ဝါသော သစ်ပင်ကြီးတစ်ပင် ရှိလေသည်။ သစ်ပင်ကြီး၏ ပင်စည်သည် လုံးဝန်းဖြောင့် တန်း၍ အခက်အလက်များနှင့် ဝေဝေဆာဆာ ရှိလှသည်။ ဘုရင်ကြီးကိုယ်တိုင်က ထိုကဲ့သို့ ဝေဆာလှပ နေသော သစ်ပင်ကြီးကို မြတ်နိုးလွန်းလှသဖြင့် မင်္ဂလာသစ်ပင်ကြီးအဖြစ် သတ်မှတ်ထား၏။

ရုက္ခစိုးနတ်မင်းကြီးတစ်ပါးသည် မိသားစုနှင့်အတူ ထိုမင်္ဂလာသစ်ပင်ကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက်ရှိသည်။ အနီးဝန်းကျင်ရှိ ရုက္ခစိုးနတ်တို့က ထိုနတ်မင်းကြီးကို ထူးမြတ်သော ဘုံဗိမာန်ရှင် ကြီးအဖြစ် သတ်မှတ်၍ အထင်ကြီး လေးစားကြ၏။ ဘုံဗိမာန်ကြီးကိုလည်း တအံ့တသြ ချီးမွမ်းကြသည်။ ထိုမိတ်ဆွေရုက္ခစိုးနတ်များတွင် ဘုန်းတန်ခိုးအရှိန်အဝါ နည်းပါးပြီး သမန်းမြက်ချုံကိုသာ ဗိမာန်ပြုနေ ရသော ရုက္ခစိုးနတ်တစ်ပါးလည်း ပါဝင်သည်။ သူသည် ရုက္ခစိုးနတ်မင်းကြီး၏ ဗိမာန်ကို မကြာခဏ လာရောက်လေ့ရှိသည်။

တစ်နေ့တွင် ဘုရင့်လက်သမားများသည် နန်းတော်ပြာသာဒ်ဆောင်အတွင်းမှ ဆွေးမြည့်နေ သော တိုင်တစ်လုံးအတွက် မင်္ဂလာသစ်ပင်ကြီးကို ခုတ်လှဲရန် ကြံစည်ကြသည်။ သို့သော် ဘုရင်ကြီး ကိုယ်တော်တိုင်က မင်္ဂလာသစ်ပင်အဖြစ် သတ်မှတ်ထားသည့်အတွက် မည်သူမျှ မခုတ်ရဲကြပေ။ သို့ဖြစ် ၍ ဘုရင်ကြီးကို အကျိုးအကြောင်း လျှောက်တင်သောအခါ “ပြာသာဒ်ဆောင်က ပိုအရေးကြီးတယ်၊ မင်္ဂလာ သစ်ပင်ကြီးကို ခုတ်လှဲစေ”ဟု ဆိုကာ ခုတ်လှဲခွင့်ပြုလိုက်၏။

ဘုံဗိမာန်ရှင် ရုက္ခစိုးနတ်မင်းကြီးသည် ထိုအကြောင်းကို သိသွားသောအခါ အလွန်စိတ်ထိခိုက် ၍ ငိုကြွေးနေလေသည်။ ထို့ကြောင့် မိမိဗိမာန်သို့ လာရောက်ကြသော မိတ်ဆွေနတ်များကိုလည်း ဖော်ဖော်ရွေရွေ နှုတ်မဆက်နိုင်ပေ။ မိတ်ဆွေနတ်များကလည်း မည်ကဲ့သို့ ကူညီပေးရမည်ကို မစဉ်း စားတတ်ကြဘဲ ရုက္ခစိုးနတ်မင်းကြီးအား ဖက်၍ ငိုကြလေသည်။

ထိုအချိန်တွင် သမန်းမြက်ချုံကို ဗိမာန်ပြုနေရသည့် ရုက္ခစိုးနတ် ရောက်လာသည်။ ရုက္ခစိုး နတ်မင်းကြီးနှင့် မိတ်ဆွေနတ်များ ငိုကြွေးနေသည့် အကြောင်းရင်းကို သိသွားသဖြင့် “နတ်မင်းကြီး တို့ ... ဒီမင်္ဂလာသစ်ပင်ကြီးကို မခုတ်လှဲစေရပါဘူး၊ မစိုးရိမ်ကြပါနဲ့”ဟု ဆိုလေသည်။ သို့သော် လည်း နတ်မင်းများက “ဒီလို ဘုန်းတန်ခိုး အရှိန်အဝါ နည်းပါးပြီး သမန်းမြက်ချုံကိုသာ ဗိမာန်ပြုနေရတဲ့ နတ်က ဘာလုပ်ပေးနိုင်မှာလဲ”ဟု သံသယဖြစ်နေကြသည်။

နောက်တစ်နေ့ ဘုရင့်လက်သမားများ ရောက်လာသော အချိန်တွင် ရှေ့မှ ပုတ်သင်ညိုတစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ထိုပုတ်သင်ညိုမှာ သစ်ပင်ကြီး၏ အမြစ်ကြားတွင် ဝင်ရောက် ပျောက်ကွယ် သွားသည်။ ထို့နောက် ပင်စည်အတွင်းမှ တက်၍ ပင်စည်ထိပ်မှ ပြန်ထွက်လာကာ ခေါင်းဆတ် (ခေါင်းညိတ်) ပြလေသည်။ လက်သမားများလည်း ပုတ်သင်ညိုကို အံ့သြစွာ ငေးကြည့်ရင်း သူတို့ မျက်စိကိုပင် သူတို့ မယုံနိုင်ကြချေ။ ထို့နောက် လက်သမားများက “ပုတ်သင်ညိုတစ်ကောင်လုံးတောင် ဝင်ထွက်သွားလာနိုင်တဲ့ ဒီသစ်ပင်ကြီးဟာ ပြာသာဒ်ဆောင်ဆောက်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး”ဟု ဆိုကာ ပြန်သွားကြလေသည်။

လက်သမားများ ထွက်သွားသောအခါ ပုတ်သင်ညိုယောင်ဆောင်ထားသော သမန်းချုံစောင့်နတ် ကို ရုက္ခစိုးနတ်မင်းကြီးက ဝမ်းသာအားရ ကြိုဆို၍ “မိတ်ဆွေ ရုက္ခစိုးနတ်အပေါင်းတို့ ... ကျွန်ုပ် တို့တစ်တွေဟာ ဘုန်းတန်ခိုးရှင်ကြီးတွေ ဖြစ်ပေမယ့် အကြံဉာဏ် မထုတ်တတ်ကြဘူး၊ ဒီသမန်းချုံစောင့် နတ် အကြံကောင်းသွားလို့သာ ကျွန်ုပ်တို့ရုက္ခစိုးနတ်အားလုံး ဥယျာဉ်တော်ကြီးထဲမှာ အရင်ကလို အတူ တကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြရတယ်”ဟု ချီးကျူး ပြောဆိုလိုက်လေသည်။