အရာရာကို ချင့်ချိန်ပါ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၆။ အရာရာကို ချင့်ချိန်ပါ(ကျောင်းသားကိုင်သို့)
348377ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၆။ အရာရာကို ချင့်ချိန်ပါ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၆)

သင်ခန်းစာခေါင်းစဉ်။ ။ အရာရာကို ချင့်ချိန်ပါ

သင်ယူမှုဦးတည်ချက်။ ။ အရာရာကို ပညာဉာဏ်ဖြင့် လုပ်ကိုင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ဟာ ပညာဉာဏ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ အများကြီး လေ့လာခဲ့ပြီးပြီ၊ ဘယ်ဇာတ်လမ်း တွေကို မှတ်မိလဲ” စသည်ဖြင့် ကလေးများအား မေးမြန်း၍ မှတ်မိသော ဇာတ်လမ်း တစ်ပုဒ် (သို့) နှစ်ပုဒ် ပြောပြ ကြပါစေ။

֍ ထို့နောက် လေးများအား နှစ်ယောက်တစ်တွဲ တွဲ၍ ထိုင်စေပြီး အောက်ပါ မေးခွန်းကို ကလေးအချင်းချင်း ဆွေးနွေး တိုင်ပင်ကြပါစေ။

-ပညာဆိုတာ ဘာကို ပြောတာလဲ။

֍ ဆွေးနွေးပြီးသောအခါ တစ်ဦးက ပြန်လည်တင်ပြပါစေ။ ကလေးများ၏ အဖြေကို ဆရာက မှတ်သားထားပါ။ (အချိန်ပေါ် မူတည်၍ တင်ပြကြပါစေ။)

֍ ကလေးများ ပြောပြီးသောအခါ ဆရာက အောက်ပါအတိုင်း ဖြည့်စွက်ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“ဒုတိယတန်းတုန်းက သင်ခဲ့ရတဲ့ ‘ပညာရှိ သမီးငယ်’ဇာတ်လမ်းမှာဆိုရင် သမီးငယ်လေးရဲ့ ပညာဉာဏ် ထက်မြက်မှု၊ ဗဟုသုတပြည့်စုံ ကြွယ်ဝမှုတို့ကြောင့် မိခင်ရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့တယ်၊ မိုက်မဲသောသား’ ဇာတ်လမ်းမှာ ဆိုရင်တော့ ပညာဆင်ခြင်ဉာဏ် မရှိတဲ့သားရဲ့ လုပ်ရပ်ဟာ ဖခင်ကိုတောင် သေသွားစေခဲ့တယ်၊ ဒါကြောင့်မို့လို့ ပညာဆိုတာ အရာရာမှာ အကောင်း အဆိုးကို ခွဲခြားသိမြင်နိုင်တဲ့ ဉာဏ် ဖြစ်တယ်၊ နောက်တစ်ချိန် မှာတော့ ပညာဉာဏ်မရှိတဲ့ သူဌေးသမီးတစ်ယောက် အကြောင်းကို ဆက်လက် လေ့လာကြမယ်”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့ပါ။

֍ အုပ်စုအသီးသီးမှ ကျောင်းသားကိုင်စာအုပ်ပါဇာတ်လမ်းကိုဖတ်၍ ဆွေးနွေးပြီး ကိုယ်စားလှယ်တစ်ဦးစီက ဇာတ်လမ်းကို နားလည်သလိုပြန်ပြောကြပါစေ။

֍ အုပ်စုအားလုံး ပြောနေစဉ် ဆရာက ဇာတ်လမ်းကို ဖြည့်စွက်ပေးပါ။

အရာရာကို ချင့်ချိန်ပါ

ရှေးလွန်လေပြီးသောအခါက သာဝတ္ထိပြည်တွင် သူဌေးသမီးတစ်ယောက် ရှိသည်။ မိဘများက အလိုလိုက် ထားသောကြောင့် ထိုသူဌေးသမီးသည် ပညာဗဟုသုတ လေ့လာဆည်းပူးခြင်းမရှိဘဲ ဆော့ကစား၊ ပျော်ပါးခြင်းဖြင့်သာ အချိန်ကုန်နေ၏။

ဤသို့ဖြင့် သူဌေးသမီး အရွယ်ရောက်လာသောအခါ မိဘများက အိမ်ထောင် ချပေးချင်ကြသည်။ ထို့ကြောင့် အခြားမြို့ တစ်မြို့ မှ သူဌေးသားတစ်ယောက်နှင့် လက်ထပ်ပေးရန် စီစဉ်၍ မင်္ဂလာပွဲ ကျင်းပရန်လည်း ရက်သတ်မှတ်ထားလေသည်။

တစ်နေ့တွင် သူဌေးသမီးသည် မိမိအိမ်၌ နွားလားဥသဘ တစ်ကောင်အား တယုတယ ကျွေးမွေးနေသည်ကို မြင်၍ “ဪ ... ကျောပေါ်မှာ ဘုကြီးရှိတဲ့နွားက မြင့်မြတ်လို့ တယုတယ ကျွေးမွေးနေတာဖြစ်ရမယ်”ဟု တွေးမိကာ ဘုရှိသော နွားလားဥသဘကို မြင့်မြတ်သည်ဟု သတ်မှတ်လိုက်လေသည်။

တစ်နေ့တွင် သူဌေးသမီးသည် ကျောပေါ်တွင်ဘုရှိသော လူတစ်ယောက် အိမ်ရှေ့မှ ဖြတ်သွားသည်ကို တွေ့ လိုက်သည်။ သို့ဖြစ်၍ သူဌေးသမီးသည် “ဘုရှိတဲ့နွားလားဥသဘဟာ မြင့်မြတ်သလို ဘုရှိတဲ့ ယောက်ျားဟာလည်း မြင့်မြတ်သူပဲ ဖြစ်ရမယ်၊ ဒီယောက်ျားဥသဘခြေရင်းမှာနေပြီး အလုပ်အကျွေးပြုရရင် ကောင်းမယ်”ဟု တွေးမိ၏။ ထို့ကြောင့် မိဘများမသိအောင် လက်ဝတ်ရတနာနှင့် ပစ္စည်းဥစ္စာအချို့ကို ယူ၍ ကျောပေါ်တွင် ဘုရှိသော ယောက်ျား နောက်သို့ လိုက်သွားလေသည်။

ထိုသို့ လိုက်ပြေးလာရင်း မှောင်လာသောအခါ သူတို့နှစ်ယောက်သည် ဇရပ်တစ်ဆောင်တွင် အနားယူ အိပ်စက် ကြသည်။ သူဌေးသမီးက ဘုရှိသော ယောက်ျား၏ ခြေရင်းတွင်အိပ်သည်။ ထိုအဖြစ်အပျက်ကို သိကြသော လူများက သူဌေးသမီးကို ဝိုင်းဝန်းအပြစ်တင်ကြ၏။ နောက်တစ်နေ့နံနက်တွင် သတို့သားလောင်းက သူဌေးသမီးကို လိုက်ရှာရင်း ဇရပ်သို့ရောက်လာသောအခါ ဘုရှိသည့် ယောက်ျား၏ ခြေရင်း၌ အိပ်နေသည်ကို တွေ့ရသည်။ အကျိုး အကြောင်းကို သိလို၍ သူဌေးသမီးကိုမေးရာ ဘုရှိသော ယောက်ျားကို မြင့်မြတ်သည်ဟု ထင်မှတ်၍ လိုက်ပြေးလာကြောင်း ပြောပြလေ၏။ သတို့သားလောင်းကလည်း အကြောင်းအကျိုးပြ၍ ပြစ်တင်ဆုံးမလေသည်။

ထိုအခါ သူဌေးသမီးသည် သူ၏ ပညာဉာဏ် နည်းပါးစွာ လုပ်လိုက်သည့်လုပ်ရပ်ကို နားလည် သဘောပေါက် သွားသည်။ ထို့ကြောင့် “ဒီနေ့ကစပြီး ပညာဗဟုသုတကို ကြိုးစားဆည်းပူးပါမယ်၊ အရာရာကိုလည်း ပညာဆင်ခြင် ဉာဏ်နဲ့ ချင့်ချိန်ဆောင်ရွက်ပါမယ်”ဟု သတို့သားလောင်းကို ကတိပေး၍မိဘများအိမ်သို့ ပြန်လိုက်သွားလေသည်။

မှီငြမ်း။ ။ ဝီဏာဂုဏဇာတ်။ ပုံတော်စုံငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ ဒု၊ နှာ-၃၄၅။ ဇာ၊ဋ္ဌ၊၂၊၂၀၅၊

֍ အောက်ပါမေးခွန်းများကို မေးပါ။

-သူဌေးသမီးလေးဟာ ငယ်စဉ်ကတည်းက ဘယ်လို နေထိုင်ခဲ့သလဲ။
-သူဌေးသမီးက နွားလားဥသဘကို ဘယ်လို မှတ်ယူခဲ့သလဲ။ ဘာကြောင့်လဲ။
-သူဌေးသမီးက မြင့်မြတ်တယ်လို့ မှတ်ယူတဲ့ ယောက်ျားက ဘယ်လို လူမျိုးလဲ။ ဘာကြောင့်လဲ။
-သူဌေးသမီးက ဘုရှိတဲ့ယောက်ျားကို မြင့်မြတ်တယ်လို့ ဘာကြောင့် မှတ်ယူတာလဲ။
-နောက်ဆုံးမှာ သူဌေးသမီးက သတို့သားလောင်းနဲ့ သူ့မိဘတွေကို ဘယ်လို ကတိပေးခဲ့သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက “ဇာတ်လမ်းထဲမှာပါတဲ့သူဌေးသမီးဟာ ပညာဉာဏ်မရှိတဲ့အတွက် ဘယ်လို အမှားတွေ လုပ်ခဲ့သလဲ။ အကယ်၍ သူသာ ပညာဉာဏ်နဲ့ ပြည့်စုံခဲ့မယ်ဆိုရင် ဘယ်လို အကျိုးရလဒ်တွေ ရရှိနိုင်သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများအား အုပ်စု (၅) စု ဖွဲ့ပါ။

֍ ပြီးလျှင် “ပညာဉာဏ်ရှိတဲ့သူဆိုတာ ဘယ်လိုလူမျိုးလဲ၊ ပညာဉာဏ်မရှိတဲ့သူဆိုတာ ဘယ်လို လူမျိုးလဲ”ဟု မေးကာ အုပ်စုလိုက် ဆွေးနွေးတိုင်ပင်ပြီး တစ်ဘက်ပါပုံစံအတိုင်း ရေးကြပါစေ။

ပညာဉာဏ်ရှိသူ ပညာဉာဏ်မရှိသူ

֍ ဆွေးနွေးထားသည်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းရှေ့သို့ ထွက်၍ ပြောပြကြပါစေ။

֍ အုပ်စုကိုယ်စားလှယ်များ တင်ပြသွားသောအချက်များကို ဆရာက မှတ်သားထား၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်များ၊ ဘောပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက ဇာတ်လမ်းမှ သင်ယူရရှိသည့်အချက်များကို အခြေခံပြီး မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

֍ ထို့နောက် ကလေးများအား အုပ်စု (၅) စုဖွဲ့ပါ။

֍ “ပညာဉာဏ်နဲ့ပြည့်စုံဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ”ဟူသော မေးခွန်းကို သင်ပုန်းပေါ်တွင် ရေးထားပြီး အုပ်စုလိုက် စဉ်းစားဆွေးနွေးကြပါစေ။

֍ ဆွေးနွေးပြီးသောအခါ အုပ်စုတိုင်းကို စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းစီ ချထားပေးပါ။ ထို့နောက် အုပ်စုဝင် အားလုံးက တစ်ချက်စီ အလှည့်ကျ ရေးကြပါစေ။ (ဤနည်းဖြင့် အုပ်စုဝင်များအားလုံးက အချက်အလက်များ မထပ်အောင် ရေးသားရန် ဆရာက ကူညီပေးပါ။)

֍ ရေးသားပြီးနောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြကြပါစေ။ ကလေးများ တင်ပြသော အချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ထားပြီး တူညီသော အချက်များကို စုစည်းပေးပါ။ ထပ်ဖြည့်လိုသော အချက်များရှိပါက ဆရာက ဖြည့်စွက်ရေးပေးပြီး အောက်ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“သားတို့သမီးတို့ ... . အခု ပညာဉာဏ်နဲ့ ပြည့်စုံဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေး အဖြေရှာခဲ့ကြပြီးပြီ။ ကလေးတို့ အခု တင်ပြခဲ့တဲ့ အချက်တွေအတိုင်း လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေ ဖြစ် အောင် ကြိုးစားကြပါ”