မကောင်းမှုဒဏ် ကိုယ့်ထံပြန် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၇။ မကောင်းမှုဒဏ် ကိုယ့်ထံပြန်(ကျောင်းသားကိုင်သို့)
348378ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၇။ မကောင်းမှုဒဏ် ကိုယ့်ထံပြန်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

သင်ခန်းစာခေါင်းစဉ်။ ။ မကောင်းမှုဒဏ် ကိုယ့်ထံပြန်

သင်ယူမှုဦးတည်ချက်။ ။ မကောင်းမှု၏ ဆိုးကျိုးကို သိရှိပြီး မကောင်းမှုပြုလုပ်လျှင် မကောင်းကျိုးကို ပြန်လည်ခံစားရကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက အောက်ပါစကားပုံများကို နှစ်ပိုင်းခွဲ၍ စာရွက်ပိုင်းများပေါ်တွင် ကြိုတင်ရေးထားပါ။ တစ်ပိုင်းကို သင်ပုန်း ပေါ်တွင် ကပ်ပြီး ကျန်တစ်ပိုင်းကို စားပွဲခုံပေါ်တွင် တင်ထားပါ။ ထို့နောက် ဆရာက ကလေးတစ်ဦးစီကို ခေါ်ပြီး သင်ပုန်းတွင် ကပ်ထားသော စကားပုံ၏ ကျန်အပိုင်းကို ရွေးချယ်၍ ကပ်ပါစေ။ ကလေးတစ်ဦး ကပ်ပြီးတိုင်း မှန် မမှန် ကျန်ကလေးများ၏ သဘောတူညီမှု ယူပြီး စကားပုံ၏ အဓိပ္ပာယ်ကို ပြောကြပါစေ။

(အောက်ပါစကားပုံများသည် နမူနာမျှသာ ဖြစ်၍ အောက်ပါစကားပုံများနှင့် ဆက်စပ်သော စကားပုံများ ထပ်ထည့် နိုင်သည်။)

-ကိုယ်ကောင်းလျှင် ကိုယ်စံ ကိုယ်မကောင်းလျှင် ကိုယ်ခံ
-မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ
-သူများမကောင်းကြံ ကိုယ့်ဘေးဒဏ်ထိ

֍ ကလေးများဖြင့် ဆွေးနွေးပြီးသောအခါ အောက်ပါ မေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-မကောင်းမှုဆိုတာ ဘယ်လိုအလုပ်မျိုးတွေလဲ။
-မကောင်းမှ ပြုလုပ်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက ကျောင်းသားကိုင် စာအုပ်တွင်ပါသော ပထမဆုံး ရုပ်ပုံကိုပြ၍ “ရုပ်ပုံထဲက ဇာတ်ကောင်တွေက ဘာတွေလဲ၊ သူတို့ ဘာလုပ်နေကြလဲ၊ ဘာဆက်ဖြစ်မယ်လို့ထင်လဲ”ဟု မေးမြန်းဆွေးနွေးပြီးနောက် ဇာတ်လမ်းကို ဖတ်ကြ ပါစေ။

မကောင်းမှုဒဏ် ကိုယ့်ထံပြန်

မြတ်စွာဘုရားရှင်လက်ထက်က “ကောက” အမည်ရှိ မုဆိုးတစ်ယောက်ရှိလေသည်။ တောလိုက်သွားသည့် အခါတိုင်း သူအားကိုးရသော ခွေးများကို ခေါ်သွားလေ့ရှိသောကြောင့် သူ့ကို “ကောက ခွေးမုဆိုး”ဟု ခေါ်ကြသည်။ သူသည် ဘုရား၊ တရားနှင့် ရဟန်းသံဃာတော်များကို ရိုသေလေးစားခြင်း မရှိချေ။

တစ်နေ့သ၌ကောကမုဆိုးသည် တောလိုက်သွားရန် ထွက်လာစဉ် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးကို တွေ့မြင်ရာ မုဆိုးက “ငါတော့သူယုတ်မာကို မြင်လိုက်ရတယ်၊ ဒီနေ့ သားကောင်ရတော့မှာ မဟုတ်ဘူး”ဟု တွေးကာ စိတ်မကြည်မသာဖြင့် ... ဆက်၍သွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နေမြင့်သည်အထိ သားကောင်တစ်ကောင်မျှ မရပေ။ မုဆိုးလည်း ဒေါသတကြီးဖြင့် အိမ်ပြန်လာရာ နံနက်ကတွေ့ခဲ့သော ရဟန်းကိုပင် တွေ့ပြန်သည်။ ထိုအခါ ဒေါသမထိန်းနိုင်တော့ဘဲ “ဟေ့ ... သူယုတ်၊ သင့်ကို အမဲလိုက်ခွေးစာ ကျွေးပစ်မယ်”ဟု ပြောဆိုလေသည်။

ရဟန်းက မုဆိုးကို တောင်းပန်သော်လည်း မုဆိုးက လက်မခံဘဲ ခွေးများနှင့် ရှူးတိုက်လေသည်။ ရဟန်းသည် အနီးအနားရှိ သစ်ပင်ပေါ်သို့ အလျင်အမြန် တက်ပြေးရာ ခွေးများ မလိုက်နိုင်တော့ပေ။ ထိုအခါ မုဆိုးက “သင် သစ်ပင် ပေါ်ရောက်နေပေမယ့် ငါ့လက်က လွတ်မှာ မဟုတ်ဘူး”ဟု ကြိမ်းဝါးပြောဆိုကာ ရဟန်း၏ ခြေဖဝါးကို မြားချွန်ဖြင့် ထိုးလေသည်။ ခြေထောက် တစ်ဖက် ရုတ်သွားလျှင် နောက်တစ်ဖက်ကို ထိုးပြန်၏။ ရဟန်းက မည်သို့ပင် တောင်းပန်သော်လည်း မုဆိုးသည် ဂရုမစိုက်ဘဲ မြားချွန်ဖြင့် ဆက်၍သာ ထိုးနေတော့သည်။

ထိုအချိန်တွင် ရဟန်းမှာ တစ်ကိုယ်လုံး မီးလောင်ထားသကဲ့သို့ ပြင်းထန်သောဝေဒနာကို ခံစားရသဖြင့် မိမိ ကိုယ်ကို သတိမထားနိုင်တော့ဘဲ အပေါ်ရုံသင်္ကန်းသည် ကိုယ်ပေါ်မှ လျှောကျသွားလေသည်။ ထိုသင်္ကန်းသည် ကောကမုဆိုးပေါ်သို့ ကျသွားကာ တစ်ကိုယ်လုံး လွှမ်းခြုံမိသွားသည်။ ထိုအခါ ခွေးများက ရဟန်းပြုတ်ကျလာသည်ဟု ထင်မှတ်ကာ မုဆိုးကို ဝိုင်း၍ ကိုက်စားပစ်လိုက်ကြလေသည်။

ဤသို့ဖြင့် ကောကမုဆိုးသည် ရဟန်းသံဃာကို ပြစ်မှားစော်ကားခဲ့သည့်အတွက် မကောင်းကျိုးကို ချက်ချင်း လက်ငင်း ခံစားသွားရလေသည်။ မကောင်းမှုဒဏ်သည် သူ့ထံသို့ ပြန်လည်ကျရောက်ခဲ့သည်။

မှီငြမ်း။ ။ ကောကခွေးမုဆိုးဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ တတိယတွဲ၊ ၂၀၄။ ဓမ္မ၊ဋ္ဌ၊၂၊၂၀။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-မုဆိုးနာမည်က ဘယ်သူလဲ။ ဘာကြောင့် အဲဒီလိုခေါ်သလဲ။
-မုဆိုးဟာ ဆွမ်းခံကြွလာတဲ့ ရဟန်းတစ်ပါးကို မြင်တဲ့အခါ ဘယ်လို တွေးမိသလဲ။
-မုဆိုးဟာ ရဟန်းကို ဘယ်လို နှိပ်စက်သလဲ။
-ခွေးတွေဟာ ဘယ်သူ့ကို ကိုက်သတ်ခဲ့သလဲ။ ဘာကြောင့်လဲ။
-သားတို့၊ သမီးတို့ရော ဒီဇာတ်လမ်းကို ဖတ်ကြည့်ပြီး ဘာတွေ သင်ခန်းစာရလိုက်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးတို့တွေ့ဖူးတဲ့ မကောင်းတဲ့အကြံအစည်၊ အပြုအမူတွေကို ဖော်ပြပါ။ ရရှိသော အပြုအမူများကို သင်ပုန်း ပေါ်တွင် မှတ်တမ်းတင်ပါ။

֍ ကလေးများအား အုပ်စု (၅) စု ဖွဲ့ပါ။

֍ ထို့နောက် သူတစ်ပါးအားမကောင်းကြံပါက မိမိတွင် မည်သို့သောဆိုးကျိုးများ သက်ရောက်နိုင်မည်ကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။ ဆွေးနွေးချက်များကို စာရွက်လွတ်ပေါ်တွင်ရေးပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည် တင်ပြပါ စေ။ ထိုသို့တင်ပြပြီးသောအခါ အခြားအဖွဲ့အသီးသီးမှ မေးမြန်းလိုသော အချက်များကို ကျန်အုပ်စုဝင်များက ဖြေကြပါစေ။

֍ ထို့နောက် ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ သူ့ထိုက်သူ့ကံ တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက “သူတစ်ပါးကို မကောင်းကြံရင် မိမိကိုယ်တိုင် လက်ရှိဘဝမှာပဲ မကောင်းကျိုးပြန်ခံစားရ တတ်တယ် ဆိုတာ ကလေးတို့ သိခဲ့ပြီးပြီ။ ဒီတော့ လက်တွေ့ဘဝမှာ သားတို့သမီးတို့အနေနဲ့ မကောင်းမှုတွေကို ဘယ်လို ရှောင်ကြဉ်သွားကြမလဲ”ဟု ကလေးများနှင့် မေးမြန်းဆွေးနွေးပါ။

֍ ထို့နောက် အောက်ပါတေးကဗျာကို ကလေးများ ရွတ်ဆိုကြပါစေ။ ကလေးများ ရွတ်ဆိုပြီးသောအခါ တေးကဗျာပါ အကြောင်းအရာများကို နားလည်သလို ပြန်လည်ပြောပြကြပါစေ။

သူ့ထိုက်သူ့ကံ

ပြုသူရဲ့ကံ အဆိုးအကောင်းဟာ သူ့ထိုက်သူ့ကံပါ
ခံစား၊ စံစား အမှန်တရား ဗုဒ္ဓဟောကြားထား၊
မကောင်းသော အတွေးအကြံ သူစီမံ ကောကမုဆိုးဟာ
ပြုသမျှသူ့ကံ သူ့ထံလာ ဇာတ်သိမ်းမကောင်းရှာပါ
တို့သူငယ်ချင်းတွေ ... စိတ်ကောင်းထားကြလေ ...
ကောကမုဆိုး အကြံစည်မျိုး အတုယူမမှတ်နဲ့လေ ...။

֍ ကလေးများပြောပြီးသောအခါ ဆရာက “သူတစ်ပါးကို မကောင်းမှုပြုလုပ်ရင် ပြုလုပ်သူမှာ မကောင်းကျိုးကို ချက်ချင်း ပြန်ခံစားရတတ်တယ်။ ဒါကြောင့် ကလေးတို့ကိုယ်တိုင်လည်း မကောင်းမှုတွေကို ရှောင်ရှားပြီး ကောင်း တဲ့အပြုအမူတွေကို နေ့စဉ်ဘဝမှာ အမြဲတမ်း လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်”ဟု ဆုတောင်း၍ သင်ခန်းစာကို အဆုံးသတ်ပါ။