စဉ်းလဲသော ဗျိုင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၈။ စဉ်းလဲသော ဗျိုင်း(ကျောင်းသားကိုင်သို့)
348379ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၈။ စဉ်းလဲသော ဗျိုင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၈)

သင်ခန်းစာခေါင်းစဉ်။ ။ စဉ်းလဲသော ဗျိုင်း

သင်ယူမှုဦးတည်ချက်။ ။ စိတ်ထားမကောင်းလျှင် ဒုက္ခရောက်တတ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို သစ်ရွက်ပုံ စာရွက်ပိုင်း တစ်ရွက်စီ ဝေပေးပါ။ ထို့နောက် အတန်းတွင်းရှိ သူငယ်ချင်း တစ်ဦး၏ စိတ်ထားကောင်းပုံကို ဖော်ပြနိုင်သော အပြုအမူတစ်ခုစီအား ရေးပြပါ။ ရေးပြီးသောအခါ “ကျွန်ုပ်တို့ တွေ့ဖူးသော စိတ်ထားကောင်းများ” ခေါင်းစဉ်အောက်ရှိ သစ်ပင်ပုံတွင် လာရောက်ကပ်ကြပါစေ။ (ထိုသစ်ပင်ပုံနှင့် သစ်ရွက်ပုံ စာရွက်များကို ဆရာက ကြိုတင်ပြင်ဆင်ထားပါ။)

ကျွန်ုပ်တို့ တွေ့ဖူးသော စိတ်ထားကောင်းများ

မေတ္တာထားခြင်း

သည်းခံခြင်း

֍ “သားတို့၊ သမီးတို့ ... စိတ်ထားမကောင်းသူတွေရဲ့ အပြုအမူတွေကို မြင်ဖူးလား။ စိတ်ထား မကောင်းခြင်းကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ” ဟူသော မေးခွန်းကို ကလေးများနှင့် မေးမြန်းဆွေးနွေးပါ။ ထို့နောက် “နောက်တစ်ချိန်မှာ စိတ်ထား မကောင်းတဲ့ ဗျိုင်းစဉ်းလဲ တစ်ကောင်အကြောင်း ဆက်ပြီးလေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ စဉ်းလဲသောဗျိုင်း ဇာတ်လမ်းကို ကလေးများအသံတိတ် ဖတ်ကြပါစေ။

စဉ်းလဲသော ဗျိုင်း

ရှေးအခါက တောအရပ်တစ်နေရာတွင် ရေအိုင်တစ်အိုင်ရှိသည်။ ထိုအိုင်သည် ငါးမျိုးစုံတို့ မှီခိုနေထိုင်ရာ ဖြစ်သည်။ နွေရာသီရောက်သည်နှင့် ထိုရေအိုင်တွင် ရေခန်းလေရာ ဗျိုင်းတစ်ကောင်သည် ငါးများကို လှည့်စား၍ စားမည် ဟု ကြံစည်တွေးတောလျက် ရေစပ်နားသွား၍ ရပ်နေ၏။

ထိုအခါ ငါးတို့က “အဆွေဗျိုင်း ... ဘာကို တွေးတောနေပါသနည်း”ဟု မေးကြရာ ဗျိုင်းက “ဤရေအိုင်၌ ရေ နည်းနေသည်၊ အစာလည်း ရှားပါးလှသည်။ နွေရာသီသည် များစွာကျန်နေသေးသည်၊ သင်တို့ကို တစ်ကောင်စီ နှုတ်သီးဖြင့် ကိုက်ချီ၍ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေအိုင်ကြီးတစ်ခုသို့ ရွှေ့ ပြောင်းပေးလိုသည်၊ သင်တို့ ယုံကြည်မှ မရှိလျှင် ကျွန်ုပ်ပြောသည့် ထိုရေအိုင်ကြီးသို့ လိုက်ကြည့်ရန် သင်တို့အထဲမှ ငါးတစ်ကောင်ထည့်ပေးလိုက်ပါ”ဟု ပြောပြလေသည်။

ထိုအခါ ငါးများသည် သန်စွမ်းသော ငါးတစ်ကောင်ကို ထည့်ပေးလိုက်ကြရာ ဗျိုင်းသည် ထိုငါးကို ကိုက်ချီ၍ ရေအိုင်ကြီးကို ပြပြီးလျှင် ငါးတို့ထံသို့ ပြန်ပို့လေသည်။ အိုင်ထဲမှ ငါးများသည် ထိုငါး၏ ပြောပြချက်အရ ဗျိုင်းအပေါ် ယုံကြည်မိကြ၏။ ထို့ကြောင့် သူတို့အားလုံးကို ထိုရေအိုင်ကြီးသို့ ပို့ပေးရန် သဘောတူကြလေသည်။

ထိုအချိန်မှစ၍ ဗျိုင်းသည် ငါးတစ်ကောင်စီကို ကိုက်ချီ၍ ရေအိုင်ကြီးအနီးမှ ရေခံတက်ပင်၏ ခွကြားတွင် နားကာ ငါးကို စားပြီး အရိုးများကို သစ်ပင်ရင်းသို့ ပစ်ချသည်။ ဤသို့ဖြင့် မကြာမီ ငါးများအားလုံးကုန်သွားကာ ပုစွန် လုံးတစ်ကောင်သာ ကျန်တော့၏။ ထိုအခါ ဗျိုင်းသည် ထိုပုစွန်လုံးကို စားလိုပြန်၍ “အသင်ပုစွန် ... သင့်ကိုလည်း ငါသနားလှသည်၊ ငါးများကို ချီ၍လွှတ်သကဲ့သို့ သင့်ကိုလည်း ရေများသောအိုင်သို့ ငါချီ၍ လွှတ်မည်”ဟု ဆိုလေသည်။

ပုစွန်လုံးသည် သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ ဗျိုင်းကို မယုံပေ။ ပုစွန်လုံးက “အဆွေဗျိုင်း ... ကျွန်ုပ်ကိုလည်း ဆောင်ယူပါလော့၊ သို့ရာတွင် ကျွန်ုပ်မှာ အခွံဖြင့် ဖုံးအုပ်သော ကိုယ်ရှိ၍ သင့်နှုတ်သီးဖြင့်ယူသော် မမြဲနိုင် ရှိချေမည်၊ ထို့ကြောင့် ကျွန်ုပ်၏လက်မဖြင့် သင်၏လည်ကို ခိုညှပ်၍ လိုက်ပါရစေ”ဟု ခွင့်တောင်းသည်။ ဗျိုင်းသည် ပုစွန်လုံး၏ အကြံအစည်ကို မရိပ်စားမိသဖြင့် သဘောတူခွင့်ပြုလိုက်သည်။ ထို့နောက် ဗျိုင်းသည် ပုစွန်လုံးကို သယ် ယူ၍ ရေအိုင်ကို ပြရုံသာပြကာ ရေခံတက်ပင်ပေါ်သို့ ယူလာခဲ့၏။

ဤတွင် ပုစွန်လုံးက “အဆွေဗျိုင်း ... အဘယ့်ကြောင့် ဤနေရာသို့ သယ်ဆောင်လာသနည်း”ဟု ဆိုရာ ဗျိုင်းက “ရေခံတက်ပင်ရင်း၌ရှိသော ငါးရိုးများကိုကြည့်လော့၊ ငါသည် ငါးများကို စားခဲ့သကဲ့သို့ သင့်ကိုလည်း စားအံ့” ဟု ပြန်ပြောလေသည်။ ပုစွန်လုံးက “ငါးများသည် သတိပညာမဲ့ကြ၍သာ သင်စားခဲ့ရသည်၊ ငါ့ကိုကား စားခွင့်ရလိမ့်မည် မဟုတ်၊ သင့်ကိုပင်လျှင် ပျက်စီးခြင်းသို့ ရောက်စေအံ့”ဟု ဆို၍ ဗျိုင်း၏လည်ပင်းကို လက်မဖြင့် တင်းတင်းညှပ်ထား၏။ ဗျိုင်းသည် နာကျင်လွန်းသဖြင့် “အရှင်... သင့်ကိုမစားတော့ပါ၊ ငါ့အား အသက်ချမ်းသာခွင့် ပေးပါ”ဟု ဆိုသည်။

ထိုအခါ ပုစွန်လုံးက “ငါ့အား အိုင်ထဲသို့ လွှတ်ပေးလော့”ဟု ပြောသဖြင့် ဗျိုင်းသည် ရေအိုင်သို့ ပျံပြီးလျှင် ပုစွန် လုံးကို ရေစပ်၌ ချပေးသည်။ ပုစွန်လုံးသည် ဤဗျိုင်းစဉ်းလဲကို ငါချမ်းသာပေးသော် သူသည် ဤနည်းဖြင့် တစ်ပါးသောအိုင်မှ ငါးတို့ကို သတ်စားရာ၏ဟု တွေးလျက် ကြာရိုးကို ကတ်ကြေးဖြင့် ဖြတ်သကဲ့သို့ ဗျိုင်း၏လည်ပင်းကို လက်မဖြင့် တိခနဲ ညှပ်လိုက်ရာ စဉ်းလဲသောဗျိုင်းမှာ ဦးခေါင်း ပြတ်သွားလေတော့သည်။

မှီငြမ်း။ ။ ဗကဇာတ်၊ နိပါတ်တော်လာ ဇာတ်တော်ငါးရာ့ငါးဆယ်၊ မာဏဝ၊ ၈၄-၈၅။ ဇာ၊ဋ္ဌ၊၁၊၂၃၈-၂၄၀။

֍ အောက်ပါမေးခွန်းများ မေးပါ။

-ဗျိုင်းက ရေစပ်နားမှာ ဘာကြောင့် ရပ်နေတာလဲ။ ဗျိုင်းက ငါးတွေကို ဘာပြောသလဲ။
-ငါးတွေက ဗျိုင်းကို ဘာကြောင့် ယုံကြည်သလဲ။
-ဗျိုင်းက ငါးတွေကို ဘယ်နေရာဆီ ကိုက်ချီသွားသလဲ။ ဘာလုပ်သလဲ။
-ဗျိုင်းက ပုစွန်လုံးကို စားချင်လို့ ဘယ်လိုပြောသလဲ။ ပုစွန်လုံးကရော ဘာပြန်ပြောသလဲ။
-ဗျိုင်းက ပုစွန်လုံးကို စားခွင့်ရသလား။ ဘာကြောင့်လဲ။
-ငါးတွေက ဘာလို့ အသက်ဆုံးရှုံးရတာလဲ။ ဘာကြောင့်လဲ။
-ပုစွန်လုံးက ဗျိုင်းကို ဘာလို့ အသက်ချမ်းသာ မပေးသလဲ။
-သားတို့ သမီးတို့ရော ပုစွန်လုံးနေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။
-ဒီဇာတ်လမ်းကနေ သားတို့ သမီးတို့ ဘာသင်ခန်းစာတွေ ရလိုက်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဖတ်ပြီးသော ဇာတ်လမ်းကို ကလေးတစ်ဦးချင်းစီက အောက်ပါခေါင်းစဉ်များအတိုင်း အနှစ်ချုပ် ရေးသားပြီး တင်ပြ လိုသော ကလေး ၄/၅-ဦးခန့်က တင်ပြကြပါစေ။ (အချိန်ပေါ်မူတည်၍ ကလေးအရေအတွက်ကို ဆရာက ရွေးချယ် ပေးပါ။)

-ဇာတ်လမ်း ခေါင်းစဉ်
-ဇာတ်လမ်းဖြစ်ပျက်ရာနေရာများ
-အချိန်ကာလ
-ဇာတ်ကောင်များ ဇာတ်လမ်းဖြစ်စဉ်
-နိဂုံး
-ဇာတ်လမ်းအမျိုးအစား (မျှော်မှန်းအဖြေ-ပညာပေးဇာတ်လမ်း)

֍ ကလေးများ ဇာတ်လမ်းအနှစ်ချုပ်ကို ရေးသားနေချိန်တွင် ဆရာက လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို ဆွေးနွေးခြင်းဖြင့် ဖော်ထုတ်ပေးပါ။ ကလေးတစ်ဦးစီက တင်ပြနေချိန်တွင် ဆရာနှင့် ကျန်ကလေးများက နားထောင်ပြီး မရှင်းလင်းသော အချက်များကို ဆရာက ကလေးများအား မေးမြန်းဆွေးနွေးကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၄) စုဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုတွင်း ဆွေးနွေးရေးသားပါစေ။ ဆွေးနွေးရေးသား ပြီးသော အချက်များကို အုပ်စုအချင်းချင်း လဲလှယ်၍ ဖတ်စေပြီး ဖြည့်စွက်လိုသည့် အချက်များကိုလည်း ရေးသား ကြပါစေ။

-စိတ်ထားမကောင်းသူ၊ ကောက်ကျစ်စဉ်းလဲသူတွေဟာ သူတစ်ပါးအပေါ် ဘယ်လို ကြံစည်ပြုမူတတ်ကြသလဲ။ အဲဒီလိုကြံစည်ပြုမူရင် ဘာတွေ ဖြစ်နိုင်မလဲ။

֍ အားလုံးရေးသားပြီးသောအခါ စာရွက်များကို သင့်လျော်သောနေရာတွင် ကပ်ပြီး ကလေးများကို လှည့်လည် ကြည့်ရှုကြပါစေ။ ထို့နောက် သဘောတူသည့် အချက်နှစ်ချက်ကို ရှာဖွေပြီး သဘောမတူသည့် အချက်များ တွေ့ရှိပါက အဘယ်ကြောင့် သဘောမတူသည်ကို ပြန်လည်တင်ပြပါစေ။

֍ နောက်ဆုံးတွင် ဆရာက “သားတို့သမီးတို့...သူတစ်ပါးအပေါ် မကောင်းကြံရင် ကိုယ်လည်း ဒုက္ခရောက် တတ်တယ်၊ ဒါကြောင့် သူတစ်ပါးတို့အပေါ် စိတ်ကောင်းမွေးဖို့ အရေးကြီးတယ်၊ သူတစ်ပါးတို့က မိမိအပေါ် မကောင်းကြံလာရင်လည်း သူတစ်ပါးအကျိုး၊ မိမိအကျိုး မပျက်စီးအောင် ပြုမူလုပ်ဆောင်သွားရမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။