အဘိဓမ္မာ အခါတော်နေ့ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၉။ အဘိဓမ္မာ အခါတော်နေ့(ကျောင်းသားကိုင်သို့)
348380ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၃၉။ အဘိဓမ္မာ အခါတော်နေ့(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

သင်ခန်းစာခေါင်းစဉ်။ ။ အဘိဓမ္မာအခါတော်နေ့

သင်ယူမှုဦးတည်ချက်။ ။ အဘိဓမ္မာအခါတော်နေ့ အကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မီးထွန်းပွဲတော် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါကဗျာ ရွတ်ဆိုစေခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

မီးထွန်းပွဲတော်

သီတင်းကျွတ်ပြီ မီးထွန်းမည်၊
မီးပူဇော်ပွဲ နွှဲကြမည်။
လမြတ်ရာသီ ချိန်ခါပဲ၊
ဘိုးဘွားမိဘကန်တော့ပွဲ။
မီးရောင်စုံထဲ အလှပြိုင်၊
ဖြူနီဝါပြာ ဘယ်သူနိုင်၊
မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့၊
မီးပုံးပျံကြီး လွှတ်ကြစို့။

֍ “သီတင်းကျွတ်လပြည့်နေ့မှာ ကလေးတို့ကိုယ်တိုင် ဘာတွေ လုပ်လေ့ရှိသလဲ၊ အခြားသူတွေရော ဘာတွေလုပ်ကြ သလဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ သီတင်းကျွတ်လပြည့်နေ့မှာ မီးထွန်းပွဲတော်ကို ဘာကြောင့် ကျင်းပတယ်လို့ ထင်သလဲ” ဟူသော မေးခွန်းများကို မေးမြန်းဆွေးနွေးပြီး ကလေးများပြောဆိုသော အချက်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။ ထို့နောက် ဆရာက သီတင်းကျွတ်လပြည့်နေ့ကို မီးထွန်းပွဲတော် ကျင်းပတဲ့နေ့အပြင် အခြား ဘာနေ့အဖြစ်သတ်မှတ်တယ်ဆိုတာကို နောက်တစ်ချိန်မှာ ဆက်လက်ဆွေးနွေးမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ၊ ကျောင်းသားကိုင်စာအုပ်ပါ အဘိဓမ္မာအခါတော်နေ့အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့၊ သမီးတို့ သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပတဲ့ မီးထွန်းပွဲတော် အကြောင်းကို ဆွေးနွေးခဲ့ပြီးပြီ။ အဲဒီ သီတင်းကျွတ်လပြည့်နေ့ကို နောက်ထပ်နေထူးနေ့မြတ်အဖြစ် သတ်မှတ်ထားတာ ရှိသေးတယ်။ အခု အဲဒီနေ့ အကြောင်းကို ဆက်လေ့လာကြမယ်”ဟု ပြော၍ အဘိဓမ္မာအခါတော်နေ့အကြောင်းကို ကလေးများ ဖတ်ကြပါစေ။

အဘိဓမ္မာ အခါတော်နေ့

ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ... သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု ခေါ်ကြသည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် တာဝတိံသာ နတ်ပြည်၊ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ မွေးကျေးဇူးဆပ်သည့်အနေဖြင့် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို အကျယ်နည်းဖြင့် ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူခဲ့သည်။

မြတ်စွာဘုရားသည် အဘိဓမ္မာတရားဟောကြားနေစဉ် နတ်တို့၏ အာဟာရကို မမှီဝဲဘဲ လူတို့၏ အာဟာရကိုပင် ဘုဉ်းပေးတော်မူသည်။ နေ့စဉ် ဆွမ်းခံချိန်ရောက်လျှင် မြတ်စွာဘုရားရှင်သည် မိမိကိုယ်စား ဆက်လက် ဟောတော်မူရန် နိမ္မိတရုပ်ပွားတော်တစ်ဆူကို ဖန်ဆင်းထားခဲ့ပြီး မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူ၏။ ထို့နောက် အနောတတ်အိုင်အနီးတွင် ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် နေ့ခင်းအချိန်၌ စန္ဒကူးတောသို့ ကြွရောက်သီတင်းသုံးတော်မူသည်။

ထိုအချိန်တွင် အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်ထံ ချဉ်းကပ်၍ ဝတ်ကြီးဝတ်ငယ် ပြုတော်မူသည်။ မြတ်စွာဘုရားရှင်သည် နတ်ပြည်၌ ဟောကြားခဲ့သော အဘိဓမ္မာဒေသနာတော်ကို အရှင်သာရိပုတ္တရာမထေရ်အား အကျဉ်းမျှ ပြန်လည်ဟောကြားတော်မူ၏။ အရှင်သာရိပုတ္တရာမထေရ်သည် အဘိဓမ္မာဒေသနာအကျယ်ကို သိမြင်တော်မူသည်။ အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်ထံမှ ကြားနာခဲ့ရသော အဘိဓမ္မာဒေသနာတော်ကို မိမိ၏ တပည့်ရဟန်း ၅၀၀တို့အား မကျဉ်းမကျယ် ပြန်လည်ဟောကြားတော်မူသည်။

မြတ်စွာဘုရားက နတ်ဗြဟ္မာအပေါင်းတို့နှင့် အရှင်သာရိပုတ္တရာကို ဟောတော်မူခြင်း၊ အရှင်သာရိပုတ္တရာက တပည့် ရဟန်း ၅၀၀တို့အား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းတို့သည် သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးခြင်းသို့ ရောက်လေသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြခြင်းဖြစ်၏။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပတ်လုံး ခရီးမသွားဘဲ မိမိကျောင်းတိုက်အတွင်း၌ ဝါဆိုဝါကပ်၍ နေတော်မူခြင်း ပြီးမြောက်သောနေ့လည်း ဖြစ်သည်။ ရဟန်းသံဃာတော်များ အချင်းချင်း အပြစ်ရှိက ထောက်ပြပြောဆိုကြရန် တောင်းပန်ကြသည့် မဟာပဝါရဏာနေ့လည်း ဖြစ်သည်။

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားပြီး လူ့တို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့ညတွင် နတ်ဗြဟ္မာအပေါင်းခြံရံလျက် ပြန်လည်ဆင်းသက်တော်မူလာသည်။ ထိုသို့ ဆင်းသက်တော်မူရာတွင် နတ်ပရိသတ်တို့က လက်ယာဘက် ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်တို့က လက်ဝဲဘက် ငွေစောင်းတန်း၊ မြတ်စွာဘုရားရှင်က အလယ် ပတ္တမြားစောင်းတန်းဖြင့် ကြွချီတော်မူလာသည်။

မြတ်စွာဘုရားရှင် လူ့ပြည်သို့ ပြန်လည်သက်ဆင်းသည့်အချိန်တွင် ဆီမီးရောင် အစုံစုံတို့ဖြင့် ထူးထူးကဲကဲ ကြိုဆိုပူဇော်ကြသည်။ ထိုအချိန်မှစ၍ ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့တိုင်း မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ကြသည်။ ဗုဒ္ဓဘာဘာဝင် မြန်မာလူမျိုးတို့ကလည်း သီတင်းကျွတ်လပြည့်နေ့ (သို့မဟုတ်) အဘိဓမ္မာအခါတော်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အစဉ်အဆက် သတ်မှတ်လာခဲ့ကြပြီး မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ အပြစ်ရှိက ဝန်ချတောင်းပန်ခြင်း၊ မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်ခြင်း၊ ပရိတ်၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းစသော ကောင်းမှုမင်္ဂလာ အဖြာဖြာတို့ကို ပြုလုပ်လေ့ရှိကြသည်။

အဘိဓမ္မာအခါတော်နေ့အကြောင်း လျှောက်တင်သံ

၁။ ခုနစ်ဝါမြောက်၊ ဘုန်းတောက်လျှံဝေ၊
ကရုဏာပွား၊ မြတ်ဖျားစိန္တေ
သတ္တဝါများ၊ သနားငဲ့ပေ၊
ဝတိနန်း၊ ကြွမြန်းလာခဲ့ချေ။

၂။ မြင်းမိုရ်မြင့်နန်း၊ တင့်ဆန်းပြည်သာ၊
မြရိပ်ဝါဝင်း၊ သာခင်းတည်စွာ၊
ကသစ်ပင်ရင်း၊ စီခင်းနေရာ၊
ကျောက်ဖျာထက်၊ စံလျက်တည်သောအခါ။

၃။ မယ်တော်နတ်မှူး၊ မြတ်ဦးထင်စွာ၊
နတ်ဗြဟ္မာပေါင်း၊ ခ, ညောင်းယူနာ၊
သုံးလဝါတွင်း၊ ရှင်ရင်းမိန့်ရာ၊
မြတ်ဓမ္မ၊ သတ္တ ဘိဓမ္မာ။

၄။ နောင်တွင်မပျက်၊ အဆက်တည်ရာ၊
နိမ္မိတပွား၊ ဘုရားကြွလာ၊
လက်ျာရံဘိ၊ သာရိပုတ္တာ၊
တစ်ဆင့်ဟော၊ မြင့်မောဘိဓမ္မာ။

၅။ လူ့ပြည်လူသား၊ နာကြားစေရာ၊
ရှင်တော်ညွှန်းပြ၊ ခွန်းဟမြွက်သာ၊
ပညာခေါင်ထိ၊ သာရိပုတ္တာ၊
လယ်အလတ်၊ မိန့်အပ် ဘိဓမ္မာ။

၆။ လင်းနို့ဖြစ်ဖူး၊ သစ်ထူးဂုဏ်ရည်၊
ငါးရာရဟန်း၊ နာခန်းကြုံပြီ၊
ကျူးရင့်သံလွတ်၊ ဝါကျွတ်အမီ၊
ပြီးအဆုံး နိဂုံးပြိုင်ခဲ့သည်။

၇။ သို့လျှင်နေ့ထူး၊ ကြုံဖူးလေရာ၊
ဘိဓမ္မာနေ့၊ မှတ်လေ့အခါ၊
ညီညာပေါင်းစု၊ ကောင်းမှုကြည်သာ၊
သံပြိုင်လွတ်၊ ဆိုရွတ် ဘိဓမ္မာ။
(မင်းကွန်းတိပိဋကဆရာတော်)

မှီငြမ်း။ ။ အဘိဓမ္မာအခါတော်နေ့ ကျူးရင့်သံများ၊ မင်းကွန်းတိပိဋကဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ ၇-၈။ အခါတော်နေ့များ၊ မာဂဓီ (သာစည်)၊ ၁၆၂-၁၆၄။ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာပွဲတော်များ၊ ဦးအေးနိုင် (ဘီအေ)။ ဘိ၊ဋ္ဌ၊၁၊၁၆-၁၈။

֍ အောက်ပါမေးခွန်းများ မေးပါ။

-သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားက ဘယ်သူ့ကို တရားဟောတာလဲ။ ဘာအကြောင်းအရာကို ဟောတာလဲ။
-အဘိဓမ္မာတရားတော်ကို ဘာဖြစ်လို့ ဟောတာလဲ။ ဘယ်လောက်ကြာအောင် ဟောခဲ့တာလဲ။
-သီတင်းကျွတ်လပြည့်နေ့ကို ဘာနေ့တွေအဖြစ် သတ်မှတ်ခေါ်ဝေါ်ကြသေးလဲ။
-သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ဘာကြောင့် သတ်မှတ်ကြတာလဲ။
-သီတင်းကျွတ်လပြည့်နေ့ကို မဟာပဝါရဏာနေ့လို့ ဘာကြောင့် သတ်မှတ်ကြတာလဲ။
-ရဟန်းသံဃာတော်တွေအတွက် သီတင်းကျွတ်လပြည့်နေ့ကို မဟာပဝါရဏာနေ့အပြင် ဘာနေ့အဖြစ် သတ်မှတ်ကြသေးလဲ။ ဘာကြောင့်လဲ။
-အဘိဓမ္မာအခါတော်နေ့မှာ ဘာကြောင့် လူကြီးမိဘတွေကို ကန်တော့ကြတာလဲ။
-အဘိဓမ္မာတရားတော်တွေကို နာကြားရလို့ လူတွေအတွက် ဘာအကျိုးရှိမယ်လို့ ထင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။

ထို့နောက် ဓမ္မစကူးလ်မှာ အဘိဓမ္မာအခါတော်နေ့ပွဲ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် အုပ်စုလိုက်ဆွေးနွေး၍ အောက်ပါအချက်များ ပါဝင်စေလျက် အဘိဓမ္မာအခါတော်နေ့ ဖိတ်စာတစ်စောင် ရေးပါ။

-ကျင်းပရသည့် ရည်ရွယ်ချက်
-ကျင်းပမည့် နေရာ
-ကျင်းပမည့် နေ့
-ကျင်းပမည့် အချိန်
-ကျင်းပမည့် အစီအစဉ်

֍ ထို့နောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက မိမိအုပ်စုရေးထားသော ဖိတ်စာကို ပြန်လည်တင်ပြစေပြီး အခြားအုပ်စု များက နားထောင်ကာ မရှင်းလင်းသော အချက်များ ရှိပါက မေးမြန်းဆွေးနွေး၍ သဘောတူညီမှု ယူကြပါစေ။

֍ အုပ်စုအားလုံး တင်ပြပြီးသောအခါ ဆရာက လိုအပ်သည်များကို ဖြည့်စွက်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ အဘိဓမ္မာ အခါတော် တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့ သမီးတို့က အဘိဓမ္မာအခါတော်နေ့ ဘာကြောင့်ဖြစ်ပေါ်တယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီ၊ အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားချက်တွေကိုလည်း လေ့လာခဲ့ပြီးပြီ။ အခု အဘိဓမ္မာအခါတော်နေ့ကို ဖွဲ့ဆိုထားတဲ့ တေးကဗျာကို ဆိုကြည့်ကြရအောင်”ဟု ပြောပြီး ကလေးများကို ရွတ်ဆိုပါစေ။

အဘိဓမ္မာ အခါတော်

အဘိဓမ္မာဒေသနာ
ဘုရားမြတ်စွာဟောပေရာ
တာဝတိံသာနတ်ပြည်မှာ။
တပြိုင်တည်းမှာ ဟောဖော်ကြား
သာရိပုတ္တရာမထေရ်အား
တဆင့်နာကြား သူငါများ။
သီတင်းကျွတ်ည လပြည့်ခါ
တရားမြတ်ကိုဟောပြီးရာ
သက်ဆင်းကြွမြန်း လူ့ပြည်ရွာ။
ပူဇော်ဖြာဖြာ မြတ်ဆီမီး
စောင်းတန်းသွယ်မှာ ရှမပြီး
အဘိဓမ္မာ အခါတော်ကြီး။

֍ ကလေးများ ကဗျာရွတ်ဆိုပြီးသောအခါ အဘိဓမ္မာနေ့တွင် ကလေးများကိုယ်တိုင် ပြုလုပ်မည့် ကုသိုလ်ကောင်းမှုများကို ကလေးတစ်ဦးချင်းစီက ပြောပါစေ။

֍ ကလေးများပြောပြီးသောအခါ “အခုလို နေ့ထူးနေ့မြတ်တွေမှာ ရဟန်းတော်များနဲ့ လူပုဂ္ဂိုလ်များပါ ကုသိုလ် ကောင်းမှုတစ်ခုခုကို ပြုလုပ်ကြတယ်။ ဒါကြောင့် ကလေးတို့ လုပ်မယ်လို့ပြောခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို နေ့ထူး နေ့မြတ်တွေမှာ ပြုလုပ်ဆောင်ရွက်ကြပါ”ဟု ဆန္ဒပြုတိုက်တွန်းရင်း သင်ခန်းစာကို အဆုံးသတ်ပါ။