ကထိန်ပွဲ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄၀။ ကထိန်ပွဲ(ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၄၀)

သင်ခန်းစာခေါင်းစဉ်။ ။ ကထိန်ပွဲ

သင်ယူမှုဦးတည်ချက်။ ။ ကထိန်ပွဲ စတင်ဖြစ်ပေါ်လာပုံနှင့် ကထိန်ခင်း၍ ရသောအကျိုးကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မြန်မာဆယ့်နှစ်လနှင့် ပွဲတော်အမည်ရေးထားသော ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါလုပ်ငန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

မြန်မာဆယ့်နှစ်လ အမည်များ ရေးသားထားသော ကတ်ပြားများနှင့် လအလိုက် ပွဲတော်များ ရေးသားထားသော ကတ်ပြားများကို ကလေးများအား ဝေပေးပါ။ ထို့နောက် ကလေးများသည် လ အမည်နှင့် ပွဲတော်တူရာကို ရှာ၍ နှစ်ယောက်တစ်တွဲ တွဲပါစေ။ (ကလေးအရေအတွက်အတိုင်း ကတ်ပြားများကို ဆရာက စီစဉ်ထားပါ။)

-ဥပမာ

တန်ခူးလ သင်္ကြန်ပွဲ
တန်ဆောင်မုန်းလ ကထိန်ပွဲ

֍ နှစ်ယောက်တစ်တွဲ တွဲပြီးသောအခါ သင့်လျော်သောနေရာတွင်နေ၍ မိမိလက်ထဲရှိ လနှင့်ပွဲတော် အကြောင်းကို ဆွေးနွေးစေပြီး ပြန်လည်တင်ပြပါစေ။ (အထက်ပါအတိုင်း အတွဲအားလုံးတင်ပြပါစေ၊ လအမည်နှင့်ပွဲတော် တူညီ နေသော အတွဲများသည် ရှေ့ကတင်ပြသွားသောအတွဲနှင့် မတူသောအကြောင်းအရာများ ပါမှသာ ဖြည့်စွက်တင်ပြ ပါစေ။)

֍ အတွဲအားလုံး ပြောပြီးသောအခါ “နောက်စာသင်ချိန်မှာ တန်ဆောင်မုန်းလ ကထိန်ပွဲတော်အကြောင်းကို ဆက် လက်ဆွေးနွေးကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ကထိန်ပွဲအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအားလုံး ကထိန်ပွဲအကြောင်းကို ဖတ်ကြပါစေ။

ကထိန်ပွဲ

အကျိုးပေး မြဲမြံခိုင်ခံ့သော အလှူ၊ ဘုရားအစရှိသော ပညာရှိတို့က ချီးကျူးသော အလှူမျိုးကို ကထိန်ဟု ခေါ်သည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ကထိန်ခင်းရန် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ ခွင့်ပြုတော်မူခဲ့သည်။

ဘဒ္ဒဝဂ္ဂီညီနောင် ရဟန်းတော်အပါး ၃၀ကို အကြောင်းပြု၍ ကထိန်စတင်ဖြစ်ပေါ်ခဲ့သည်။ ထိုရဟန်းတို့သည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကို ဖူးမြော်ရန် ပါဝါမြို့မှ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ သာဝတ္ထိမြို့သို့ လာခဲ့ကြ၏။ လမ်းခရီးတွင် လေကြီး၊ မိုးကြီး မိခဲ့ကြ၍ သင်္ကန်းများ မိုးရေစိုရွှဲပြီး ရွှံ့ညွှန်များဖြင့် ပေကျံလျက် မြတ်စွာဘုရားကို ဝင်ရောက်ဖူးမြော်ကြသည်။ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့ကို အကြောင်းပြု၍ ပထမ (ပုရိမ)ဝါမှ ထွက်ကြသော ရဟန်းတော်များကို သင်္ကန်းသစ်ရရှိရန် ကထိန်ခင်းခွင့်ပြုတော်မူခဲ့သည်။

ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်း လပြည့် အထိ တစ်လအတွင်း ကထိန်သင်္ကန်း ကပ်လှူပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကထိန်ပွဲတော်များကို မြို့ရွာအနှံ့အပြား၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထိုသို့ကျင်းပရာတွင် ကထိန်သင်္ကန်းအပြင် ကထိန် အရံပစ္စည်းများကိုလည်း ပဒေသာပင်များ ဖန်တီး၍ လှူဒါန်းကြသည်။ ထို့နောက် ပဒေသာပင်များကို မြို့ရွာအတွင်း ဆိုင်းသံဗုံသံ တညံညံဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်၍ ကထိန်ပွဲကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင် လှူဒါန်းကြသည်။ လှူဒါန်းပြီးသောအခါ သံဃာတော်များထံမှ ကထိန်တရားနာယူ၍ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။

အလှူရှင်များ လှူဒါန်းပြီးသောကထိန်သင်္ကန်းကို သံဃာတော်များက ဝိနည်းစည်းကမ်းအတိုင်း ကထိန်ခင်း ခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်ကြသည်။ ကထိန်ခင်းသော ရဟန်းတော်များမှာ အကျိုးငါးပါးကို ရရှိတော်မူကြသည်။

ထိုအကျိုးငါးပါးမှာ ...
၁။ အခြားရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မြို့ရွာအတွင်းသို့ သွားနိုင်ခြင်း။
၂။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်ပြုထားသော သင်္ကန်းသုံးထည်ကို မယူဘဲ မြို့ရွာ အတွင်းသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း။
၃။ “ထမင်းစားလာခဲ့ပါ” စသည်ဖြင့် မသင့်လျော်သော ပင့်ဖိတ်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း ဘုဉ်းပေးနိုင်ခြင်း။
၄။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်လည်းမပြု၊ “မိမိအသုံးမပြုတော့”ဟု ဝိကပ္ပနာလည်း မပြုသော သင်္ကန်းကို အလိုရှိတိုင်း သိမ်းထားနိုင်ခြင်း။
၅။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းများသာ သုံးစွဲခွင့် ရရှိခြင်းတို့ဖြစ်သည်။

ကထိန်ခင်းသော ရဟန်းတော်များသည် အထက်ပါ အကျိုးငါးပါးကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ ငါးလရရှိတော်မူကြသည်။ ရဟန်းတော်များကဲ့သို့ ကထိန်သင်္ကန်း အလှူရှင်များလည်း အကျိုး ခြောက်ပါး ရရှိနိုင်သည်ဟု ရှေးပညာရှင်များက ဆိုကြသည်။

ထိုအကျိုးခြောက်ပါးမှာ...
၁။ သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားရခြင်း၊
၂။ မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
၃။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အစာအဆိပ် မသင့်နိုင်ခြင်း။
၄။ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
၅။ စီးပွားရှာရာတွင် လွယ်ကူခြင်း။
၆။ ရုပ်ရည်အဆင်း လှပခြင်းတို့ဖြစ်သည်။

ထိုကဲ့သို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအတွက်ပါ အကျိုးများသော ကထိန်ခင်းခြင်းအလှူပွဲကို ပကာသန မဖက် ဖြူစင်သော စေတနာသက်သက်ဖြင့် ကျင်းပပြီး ကုသိုလ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကျိုးအမြတ်များ ပို၍ ထွန်းကားလာစေရန် ဗုဒ္ဓဘာသာဝင်အားလုံး ကြိုးစားဆောင်ရွက်သင့်ပေသည်။

မှီငြမ်း။ ။ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ပွဲတော်များ၊ ဦးအေးနိုင် (ဘီအေ)။ ဝိ၊ဋ္ဌ၊၄၊၁၄၇၊ ၂၁၃။ ဝိ၊ဋ္ဌ၊၅၊၃၀၉။

֍ အောက်ပါမေးခွန်းများ မေးပါ။

-ကထိန်ပွဲတော်ကို ဘယ်လမှာ ကျင်းပကြတာလဲ။
-ကထိန်ရဲ့အဓိပ္ပာယ်က ဘာလဲ။
-ကထိန်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ပြောပြပါ။
-ကထိန်သင်္ကန်းကပ်လှူပွဲတွေကို ဘယ်ရက်တွေမှာ ပြုလုပ်ကြတာလဲ။
-ကထိန်သင်္ကန်းလှူရင် ဘယ်လိုအကျိုးတွေရနိုင်သလဲ။

֍ မေးခွန်းများမေးပြီးလျှင် ကထိန်သင်္ကန်းလှူခြင်းကြောင့် ရနိုင်သောအကျိုးတရား ခြောက်ပါးကို ကလေးများ၏ မှတ်စု စာအုပ်ထဲတွင် ကူးရေးကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီးများနှင့် ကထိန်ပွဲ တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား အုပ်စု (၅) စုဖွဲ့၍ “ကထိန်ခင်းမယ်ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မလဲ”ဆိုသည်ကို စဉ်းစား ဆွေးနွေးပါစေ။ ဆွေးနွေးရေးသားချက်များကို အောက်ပါပုံစံအတိုင်း ရေးသားဖော်ပြပါစေ။ (မိမိအရပ်ဒေသနှင့် ကိုက်ညီသော ကထိန်ခင်းပုံအတိုင်း လိုအပ်သောအချက်များကို ထည့်သွင်း ရေးသားနိုင်ပါသည်။)

ပဒေသာပင်
ဘုန်းကြီးကျောင်း
ကထိန်ခင်းရန် လိုအပ်သော အရာများ
ကထိန်အလှူ

֍ ဆွေးနွေးထားသည်များကို အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်ပြောပြကြပြီး သင်ပုန်းပေါ်တွင် ကပ်ကြပါ

֍ ထို့နောက် ကလေးများဆွေးနွေးထားသည်များကို ဆရာကအသိအမှတ်ပြုပြီး အောက်ပါကဗျာကို ရွတ်ဆိုစေခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။

ကထိန်ပွဲ

သာယာတဲ့ကောင်းကင် ကြည်ပြာပြာ
ဆီမီးမြိုင်မြိုင် အရောင်စုံဖြာ
တန်ဆောင်မုန်း ရာသီအခါ
ရွှင်ပျော်ပျော်ပြုံးကာ ကြည်လင်စွာ
ပီတိဝေဖြာ စိတ်နှလုံးသာ ကြည်နူးမင်္ဂလာအခါ
မြန်မာ့ဓလေ့ ကုသိုလ် သဒ္ဓါပိုပို
လှူဖွယ်စုံစုံ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အလှူ
ကထိန်ရာသီကထိန်ပွဲ နွှဲကြပါစို့ကွယ်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို မိမိတို့ကြိုက်သော ပန်းအမည်များဖြင့် အုပ်စု (၅) စု ဖွဲ့ပါ။

֍ ထို့နောက် အုပ်စုတိုင်းကို စာရွက်လွတ်များပေး၍ ပဒေသာပင်ပုံ ဆွဲကြပါစေ။

֍ ပဒေသာပင်ပုံဆွဲပြီးလျှင် မိမိတို့လှူချင်သော လှူဖွယ်ပစ္စည်းများကို ပုံဆွဲ၍ ပဒေသာပင်တွင် ကပ်ကြပါစေ။

ဥပမာ-

ထီးလှူချင်သောကလေးက ထီးပုံဆွဲ၍ကပ်ပြီး ဖိနပ်လှူချင်သော ကလေးက ဖိနပ်ပုံဆွဲ၍ ကပ်ကြပါစေ။

֍ ပဒေသာပင်တွင် ပစ္စည်းအမျိုးစုံ ပါဝင်နိုင်အောင် ဆရာက အုပ်စုများကို လှည့်လည်ကြည့်ရှု ဆွေးနွေးပေးပါ။

֍ ကလေးများအားလုံး မိမိလှူချင်သော ပစ္စည်းများဖြင့် ပဒေသာပင်ကို ပုံဖော်ပြီးလျှင် ကထိန်သင်္ကန်း လှူဒါန်းခြင်း၏ အကျိုးခြောက်ပါးကို ပုံအောက်တွင် ရေးကြပါစေ။ ထို့နောက် ဆရာက “သားတို့သမီးတို့ ... ကထိန်ပွဲဟာ ဗုဒ္ဓဘာသာတို့ရဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခု ဖြစ်တယ်၊ ဒီရိုးရာပွဲတော်ဟာ အစဉ်အလာကြီးမားပြီး ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့အပေါ် အများကြီး အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိခဲ့ရပြီ။ ကထိန်သင်္ကန်း လှူဒါန်းခြင်းကြောင့် ရရှိတဲ့အကျိုးတွေကိုလည်း သိကြပြီ။ ကိုယ်တိုင်လည်း ဓမ္မစကူးလ် ကထိန်ပဒေသာပင်မှာ ချိတ်ဆွဲလှူဒါန်း မယ့် ပစ္စည်းတွေကိုလည်း စိတ်ကူးစဉ်းစားခဲ့ကြပြီးပြီ၊ ဒီတော့ သားတို့သမီးတို့ ဓမ္မစကူးလ် ကထိန်ပွဲတော်မှာ လှူဒါန်းချင်တဲ့ သင်္ကန်းတွေ၊ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို ကိုယ်စီကိုယ်စီ ယူလာကြပြီးနောက်တစ်ပတ်ကျရင် ကထိန်ပွဲတော်ကို လက်တွေ့ဆင်နွှဲကြမယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။