ကထိန်ပွဲ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄၀။ ကထိန်ပွဲ

သင်ခန်းစာ (၄ဝ) ကထိန်ပွဲ[edit]

အကျိုးပေး မြဲမြံခိုင်ခံ့သော အလှူ၊ ဘုရားအစရှိသော ပညာရှိတို့က ချီးကျူးသော အလှူမျိုး ကို ကထိန်ဟု ခေါ်သည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ကထိန်ခင်းရန် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လ ခွင့်ပြုတော်မူခဲ့သည်။

ဘဒ္ဒဝဂ္ဂီညီနောင် ရဟန်းတော်အပါး ၃၀ ကို အကြောင်းပြု၍ ကထိန် စတင်ဖြစ်ပေါ်ခဲ့သည်။ ထို ရဟန်းတို့သည် ဝါကျွတ်သောအခါ မြတ်စွာဘုရားကို ဖူးမြော်ရန် ပါဝါမြို့မှ မြတ်စွာဘုရားသီတင်းသုံး နေတော်မူရာ သာဝတ္ထိမြို့ သို့ လာခဲ့ကြ၏။ လမ်းခရီးတွင် လေကြီး၊ မိုးကြီး မိခဲ့ကြ၍ သင်္ကန်းများ မိုးရေစိုရွှဲပြီး ရွှံ့ညွှန်များဖြင့် ပေကျံလျက် မြတ်စွာဘုရားကို ဝင်ရောက် ဖူးမြော်ကြသည်။ မြတ်စွာ ဘုရားရှင်သည် ထိုရဟန်းတို့ကို အကြောင်းပြု၍ ပထမ (ပုရိမ) ဝါမှ ထွက်ကြသော ရဟန်းတော် များကို သင်္ကန်းသစ်ရရှိရန် ကထိန်ခင်းခွင့်ပြုတော်မူခဲ့သည်။

ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်များသည် နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ တစ်လအတွင်း ကထိန်သင်္ကန်း ကပ်လှူပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကထိန်ပွဲတော်များကို မြို့ရွာအနှံ့အပြား၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထိုသို့ကျင်းပရာတွင် ကထိန်သင်္ကန်းအပြင် ကထိန်အရံပစ္စည်းများကိုလည်း ပဒေသာပင်များ ဖန်းတီး၍ လှူဒါန်းကြသည်။ ထို့နောက် ပဒေသာပင်များကို မြို့ရွာအတွင်း ဆိုင်းသံ ဗုံသံ တညံညံဖြင့် စည်ကား သိုက်မြိုက်စွာ လှည့်လည်၍ ကထိန်ပွဲ ကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်း ကြသည်။ လှူဒါန်းပြီးသောအခါ သံဃာတော်များထံမှ ကထိန်တရား နာယူ၍ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း ပေးဝေကြသည်။

အလှူရှင်များ ၊ လှူဒါန်းပြီးသော ကထိန်သင်္ကန်းကို သံဃာတော်များက ဝိနည်းစည်းကမ်း အတိုင်း ကထိန်ခင်းခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်ကြသည်။ ကထိန်ခင်းသော ရဟန်းတော်များမှာ အကျိုးငါးပါးကို ရရှိတော်မူကြသည်။ ထိုအကျိုးငါးပါးမှာ ...

  • ၁။ အခြားရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မြို့ရွာအတွင်းသို့ သွားနိုင်ခြင်း။
  • ၂။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်ပြုထားသော သင်္ကန်းသုံးထည်ကို မယူဘဲ မြို့ရွာအတွင်းသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း။
  • ၃။ “ထမင်းစားလာခဲ့ပါ”စသည်ဖြင့် မသင့်လျော်သော ပင့်ဖိတ်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း ဘုဉ်းပေးနိုင်ခြင်း။
  • ၄။ “မိမိအနီးမှာ ထားလျက် အသုံးပြုမည်”ဟု အဓိဋ္ဌာန်လည်းမပြု၊ “မိမိအသုံးမပြုတော့”ဟု ဝိကပ္ပနာလည်း မပြုသော သင်္ကန်းကို အလိုရှိတိုင်း သိမ်းထားနိုင်ခြင်း။
  • ၅။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းများသာ သုံးစွဲခွင့် ရရှိခြင်းတို့ ဖြစ်သည်။

ကထိန်ခင်းသော ရဟန်းတော်များသည် အထက်ပါ အကျိုးငါးပါးကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ ငါးလ ရရှိတော်မူကြသည်။ ရဟန်းတော်များကဲ့သို့ ကထိန် သင်္ကန်းအလှူရှင်များလည်း အကျိုးခြောက်ပါး ရရှိနိုင်သည်ဟု ရှေးပညာရှင်များက ဆိုကြသည်။ ထိုအကျိုးခြောက်ပါးမှာ...

  • (၁) သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာ သွားရခြင်း။
  • (၂) မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
  • (၃) စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အစာအဆိပ် မသင့်နိုင်ခြင်း။
  • (၄) မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
  • (၅) စီးပွားရှာရာတွင် လွယ်ကူခြင်း။
  • (၆) ရုပ်ရည်အဆင်း လှပခြင်းတို့ ဖြစ်သည်။

ထိုကဲ့သို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအတွက်ပါ အကျိုးများသော ကထိန်အလှူပွဲကို သနမဖက် ဖြူစင်သော စေတနာ သက်သက်ဖြင့် ကျင်းပပြီး ကုသိုလ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကျိုး အမြတ်များ ပို၍ ထွန်းကားလာစေရန် ဗုဒ္ဓဘာသာဝင်အားလုံး ကြိုးစားဆောင်ရွက် သင့်ကြပေသည်။

ကထိန်ပွဲ[edit]

သာယာတဲ့ကောင်းကင် ကြည်ပြာပြာ
ဆီမီးမြိုင်မြိုင် အရောင်စုံဖြာ
တန်ဆောင်မုန်း ရာသီအခါ
ရွှင်ပျော်ပျော် ပြုံးကာ ကြည်လင်စွာ
ပီတိဝေဖြာ စိတ်နှလုံးသာ ကြည်နူးမင်္ဂလာအခါ
မြန်မာ့ဓလေ့ ကုသိုလ် သဒ္ဓါပိုပို
လှူဖွယ်စုံစုံ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အလှူ
ကထိန်ရာသီကထိန်ပွဲ နွှဲကြပါစို့ကွယ်။


အိမ်ပြန်မယ်[edit]

ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ... ဘုရားဝတ်ပြုကြစို့ကွယ် .. ။
ဘုန်းဘုန်း (ဆရာလေး) ကိုလည်း ကန်တော့မယ် ... ။
ဆရာမကိုလည်း ကန်တော့မယ် ... နှုတ်ဆက်ကြစို့ကွယ် ...။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် .... ပစ္စည်းတွေလည်း သိမ်းစို့ကွယ် ... ။
ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ... ရန်လည်းမဖြစ်ဘူးကွယ် ... ။
အိမ်ကို အရောက်ပြန်မယ် ... ။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ... သူငယ်ချင်းတွေလည်း နှုတ်ဆက်မယ် ... ။
ကျောင်းလည်း မပျက်ဘူးကွယ် .. နောက်တစ်ပတ်တွေ့ ကြမယ် ... ... ။
တာ့တာ တာ့တာကွယ် ... အို .... တာ့တာ တာ့တာကွယ်