သီလကို ချစ်မြတ်နိုးသော လုလင်ပျို

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၃။ သီလကို ချစ်မြတ်နိုးသော လုလင်ပျို
344868ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၃။ သီလကို ချစ်မြတ်နိုးသော လုလင်ပျိုဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

[edit]

သီလကို ချစ်မြတ်နိုးသောလုလင်ပျို

[edit]

တစ်ခါတုန်းက ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာကြီးထံတွင် တပည့်ငါးရာ ပညာသင် ကြားနေကြသည်။ ဆရာကြီးတွင် သမီးပျိုလေးတစ်ယောက် ရှိသည်။ ဆရာကြီးသည် သမီးလေးကို တပည့်များထဲမှ သီလနှင့်ပြည့်စုံသူ တစ်ဦးဦးနှင့် ထိမ်းမြားလက်ထပ်ပေးရန် ကြံစည်စဉ်းစားမိ၏။ ထို့ ကြောင့် တစ်နေ့တွင် တပည့်အားလုံးကို ခေါ်၍ “တပည့်တို့ ... ဆရာကြီးမှာ သမီးတစ်ယောက် ရှိတယ်၊ သူ့ကို တပည့်တို့ထဲက တစ်ယောက်ယောက်နဲ့ လက်ထပ်ထိမ်းမြားပေးချင်တယ်၊ ဒီတော့ တပည့်တို့ က မိဘဆွေမျိုးတွေဆီ သွားပြီး သူတို့ မသိအောင် အဖိုးတန် အဝတ်တန်ဆာတွေကို ယူခဲ့ကြရမယ်၊ ဘယ်သူမှမသိအောင် ယူလာတဲ့ အဝတ်တန်ဆာတွေကိုပဲ ငါလက်ခံမယ်”ဟု ပြောဆို မှာကြားလိုက်သည်။

တပည့်တို့သည် အဖိုးတန် အဝတ်တန်ဆာတို့ကို ယူလာပြီး ဆရာကြီးထံ အပ်နှံကြသည်။ ဆရာကြီးက တပည့်များ ယူလာသော အဖိုးတန်အဝတ်တန်ဆာ အသီးသီးကို နာမည်နှင့်တွဲ၍ အသေအချာ မှတ်သားထားလိုက်၏။ သို့သော် တပည့်တစ်ယောက်သည်ကား မည်သည့်ပစ္စည်းမျှ ယူမလာဘဲ လက်ဗလာဖြင့် ပြန်လာခဲ့သည်။ ထိုအခါ ဆရာကြီးက“အမောင် ... ဘာအဝတ်တန်ဆာမှ မယူလာပါလား၊ ဘာဖြစ်လို့လဲ”ဟု မေးရာ လုလင်က “ဆရာကြီး ... ဆရာကြီးက ဘယ်သူမှ မသိဘဲ ယူလာတဲ့ အဖိုးတန် အဝတ်တန်ဆာကိုသာ လက်ခံမယ် ပြောတယ်၊ ဒီလုပ်ရပ်ဟာ မကောင်းဘူး၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိတဲ့အတွက် မယူခဲ့ခြင်း ဖြစ်ပါတယ်”ဟု ရှင်းပြလိုက်သည်။

ဆရာကြီးလည်း အလွန်နှစ်သက် သဘောကျသွားကာ လုလင်ကို “အမောင်...ဆရာကြီးမှာ ပစ္စည်းဥစ္စာ မရှိလို့ မဟုတ်၊ ကိုယ်ကျင့်သီလ ပြည့်စုံသူကိုသာ သမီးနဲ့ လက်ထပ်ပေးချင်တဲ့အတွက် တပည့်တို့ရဲ့ ကိုယ်ကျင့်သီလကို စမ်းသပ်ကြည့်ခြင်းသာ ဖြစ်တယ်”ဟု ဆိုလေသည်။ ထို့နောက် ဆရာကြီးသည် တပည့်အားလုံးကို ခေါ်၍ “တပည့်တို့ ယူလာတဲ့ ပစ္စည်းတွေကို ပြန်ယူသွားပြီး မိဘဆွေမျိုးတွေဆီ ပြန်အပ်ကြပါ”ဟု ပြောလိုက်လေသည်။

နောက်ဆုံးတွင် ဆရာကြီးသည် သီလကို ချစ်မြတ်နိုးသော လုလင်နှင့် သူ၏သမီးကို ထိမ်းမြား လက်ထပ်ပေးလိုက်၏။ လုလင်ပျိုသည် ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းခဲ့သောကြောင့် ဆရာကြီး၏ သမီးကို လက်ထပ်ခွင့်ရခဲ့သည်။ ဆရာကြီး၏ တပည့်နှင့် သမီးတို့ ဇနီးမောင်နှံသည် တစ်သက်လုံး ကိုယ်ကျင့်သီလကို စောင့်ထိန်းကာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားကြလေတော့သည်။

သီလ၏ ဂုဏ်ကျေးဇူး လင်္ကာ

[edit]

သီလရနံ့ မွှေးပျံ့ကြိုင်စွာ၊
သီလဆင်သိုင်း ရှုတိုင်းလှပါ။
သီလစောင့်ငြားမလားပါယ်ရွာ၊
မြတ်သီလ စိတ်ချ ကိုးကွယ်ရာ။
(မဟာစည် ဆရာတော်ဘုရားကြီး)